
နေပြည်တော် ဇန်နဝါရီ ၂၀
တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၈၁)နှင့် တပ်မတော် (ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် သန်လျင်တပ်နယ်ရှိ ရေတပ် လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြ ကွင်း၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးဇေယျ ကျော်ထင်မိုးအောင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
တက်ရောက်
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ ရန်ကုန် တပ်နယ်နှင့် သန်လျင်တပ်နယ် တို့မှ တပ်မတော်အရာရှိကြီး များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြ ကွင်းအတွင်း ချီတက် နေရာ ယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မိုးအောင် က ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေး သည်။
ချီတက်အလေးပြု
ထို့နောက် ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ် (ရေ)ကို အနှေးလျှောက်၊ အမြန်
လျှောက်ဖြင့် ချီတက်အလေး ပြုကြသည်။ ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ် (၈၁)မှ အကောင်းဆုံးကျောင်းသားဆုရ ဗိုလ်ထွန်းဝေယံနှင့် ရေကြောင်း ပညာ စာပေထူးချွန်ဆုရ ထင်အောင်လင်း တို့အား လည်းကောင်း၊ တပ်မတော်(ရေ)အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ် (၅၅)မှ အကောင်းဆုံးကျောင်းသားဆုရ တာရာဖြိုးနှင့် ရေကြောင်း အင်ဂျင်နီယာ ပညာစာပေ ထူးချွန် ဆုရ သန့်ဇင်ဝင်းတို့ကို လည်းကောင်း ထူးချွန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်က “သင်တန်းဆင်းအရာရှိများကို သင်တန်း ကာလအတွင်းမှာ နိုင်ငံတကာ ရေတပ်စံနှုန်းများ နှင့်အညီ ရေကြောင်းဆိုင်ရာ ပညာရပ်များ၊ ရေတပ်စက်မှု လက်မှုပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပြီး ဖြစ်၍ လုပ်ငန်းခွင်မှာတာဝန်တွေကိုကျေပွန်စွာ ထမ်းဆောင် နိုင်ရန်နှင့် စစ်ရေယာဉ်များ၌ တွဲဖက်ပြီး ဆက်လက်လေ့ကျင့် သင်ကြား ပေးသွားမည်ဖြစ် ကြောင်း၊ လုပ်ငန်းခွင်လက်တွေ့လေ့ကျင့်မှုများ ပြီးဆုံးချိန်တွင် သတ်မှတ်အရည်အချင်း ပြည့်မီ သူများကို စစ်ရေယာဉ်များတွင် စတင် တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ထိုက်သင့်သော လုပ်သက်နှင့် လုပ်ငန်းအတွေ့ အကြုံရရှိပြီးချိန်တွင် အထူးပြု ဘာသာရပ်ဆိုင်ရာ သင်တန်း (Specialize Course) များကို ထပ်မံ တက်ရောက်လေ့ကျင့် သင်ကြားရမည်ဖြစ်ကြောင်း။
အစဉ်အလာကောင်းများရှိ
တပ်မတော်(ရေ) သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အတူ ပေါက်ဖွားလာခြင်းဖြစ်ပြီး ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့ သော ပြည်တွင်းသောင်းကျန်းမှု အန္တရာယ်နှင့် ပြည်ပခြိမ်းခြောက် မှုများကို တပ်မတော်(ကြည်း)၊ တပ်မတော် (လေ)တို့နှင့် အတူ ပူးပေါင်း တွန်းလှန်ဖယ်ရှားနိုင်ခဲ့ သည့် အစဉ်အလာကောင်းများ ရှိကြောင်း၊ တပ်မတော်(ရေ)ကို စတင်ဖွဲ့စည်းစဉ်က စစ်ရေယာဉ် အနည်းငယ်သာ ပိုင်ဆိုင်ခဲ့ သော်လည်း ယနေ့အချိန်တွင် ဖရီဂိတ် စစ်ရေယာဉ်များအထိ ကိုယ်ပိုင် ဒီဇိုင်းရေးဆွဲ တည်ဆောက် လာနိုင်ခဲ့ပြီး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများ အပါအဝင် ကုန်းရေနှစ်သွယ် ဘက်စုံသုံး စစ်ရေယာဉ်ကြီးများ ကိုပါ ပိုင်ဆိုင်သည်အထိ တိုးတက် ဖွဲ့စည်းလာနိုင်ပြီဖြစ်ကြောင်း။
တက်လှမ်းနိုင်ခဲ့ပြီ
ခေတ်မီစစ်ရေယာဉ်များကို တိုးတက် ဖွဲ့စည်းနိုင်ခဲ့သဖြင့် ပင်လယ်ပြင် စစ်ဆင်ရေးတာဝန် များ အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည့် ရေတပ် အဖြစ်မှ ယခုအချိန်တွင် သီးသန့် စီးပွားရေးဇုန်နှင့် ပင်လယ်ပြင် နယ်နိမိတ်တစ်လျှောက် စိုးမိုး ထိန်းချုပ်နိုင်သည့် ရေတပ်အဖြစ် ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော်(ရေ) တည်ဆောက်မှု နှင့်ပတ်သက်၍ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က “နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရန်အတွက် အကောင်းဆုံး သော အာမခံချက်ဟာ စွမ်းရည် ထက်မြက်သည့် ကာကွယ်ရေး အင်အားစု တည်ဆောက်ပိုင်ဆိုင် ခြင်းပဲဖြစ်တယ်၊ ဒီလိုအဆင့် မြှင့်တင် တည်ဆောက်ရာမှာ တပ်မတော်(ရေ)ကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဟူ၍ ရည်ရွယ်တည်ဆောက်ခဲ့ တယ်၊ ပထမအဆင့်အနေနဲ့ မြန်မာ့ပင်လယ်ပြင် သီးသန့် စီးပွားရေးဇုန်အထိ အပြည့်အဝအကာအကွယ်ပေးနိုင်ဖို့အတွက် သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိတဲ့ (Three Dimensional Combat Ready Navy) အဖြစ်မျှော်မှန်းပြီးတည်ဆောက်ခဲ့ရာမှာ ရေငုပ် သင်္ဘောတပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့၊ စစ်ရေယာဉ်များ တည်ဆောက် ဖြည့်တင်းနိုင်ဖို့၊ လူသား အရင်း အမြစ်များ ပိုမိုတိုးတက်ကောင်းမွန် အောင် ဖြည့်တင်းဆောင်ရွက်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အဆင့်ပေါင်းများစွာ၊ ကဏ္ဍ ပေါင်းများစွာ စဉ်းစားပြီးတော့ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း”ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည့် တပ်မတော်(ရေ)စစ်ရေယာဉ်များ တပ်တော်ဝင် ခြင်း အခမ်းအနားတွင် မိန့်ကြားခဲ့ ကြောင်း၊ ခေတ်မီစစ်ရေယာဉ်များ နှင့် ယခုကဲ့သို့ မျှော်မှန်းချက်ထား တည်ဆောက် လျက်ရှိသဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အလိုက် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာ လေ့ကျင့်သွားရန်နှင့် လက်အောက် မှ စစ်သည်များကိုလည်း လေ့ကျင့်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း။
ရှေ့တန်းကျကျခုခံကာကွယ်
တပ်မတော်(ရေ)၏ စွမ်းရည် မြင့်မားလာသည်နှင့် အမျှ နိုင်ငံတော်အား ပင်လယ်ပြင်မှ ကျူးကျော်မှုမှန်သမျှကို ရှေ့တန်း ကျကျခုခံကာကွယ်ရန်၊ နိုင်ငံတော် ၏ ရေကြောင်းအကျိုးစီးပွား များကို ကာကွယ်စောင့်ရှောက်ရန် နှင့် (ကြည်း/ရေ/လေ) ပူးပေါင်း စစ်ဆင်ရေး ဆင်နွှဲနိုင်စွမ်းရှိရန် ဆိုသည့် တပ်မတော်(ရေ)၏ ရည်မှန်းချက်တာဝန်များကို ပိုမို ထိရောက်စွာ ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် မျှော်မှန်းချက်အမြင်နှင့် ရည်မှန်းချက် တာဝန်များကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စစ်ရေးကဏ္ဍ၊ တရားဥပဒေ စိုးမိုးရေးကဏ္ဍ၊ သံတမန်ရေးရာ ကဏ္ဍနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကဏ္ဍဆိုသည့် ကဏ္ဍကြီး(၄)ရပ်မှာ စွမ်းရည် ပြည့်ဝစွာ တာဝန်ထမ်းဆောင် နိုင်ရေး ဦးတည်ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် ရည်မှန်းချက်(၇)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသလို ရည်မှန်းချက် တာဝန်များ အောင်မြင်ရန်အတွက် စိတ်ဓာတ် နှင့် စည်းကမ်းသည် အတူတွဲပြီး ပြုမူကျင့်ကြံ နေထိုင်ရသည် ဖြစ်သဖြင့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းအောင် လေ့ကျင့်မွေးမြူကြဖို့လိုကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန်၊ တွေးခေါ် မျှော်မြင်နိုင်ရန်အတွက် ဗဟုသုတ ပြည့်စုံကြွယ်ဝရန်၊ လိုအပ်ပြီး “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အမြဲကြိုးပမ်း ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။ပြင်ဆင်ထားကြရမည်
ယနေ့ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် တတ်စွမ်းသရွေ့ ဝိုင်းဝန်းကူညီပေး နိုင်ရေး ကြိုတင်မြော်တွေး ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ ပင်လယ်ပြင် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန် နိုင်ငံတကာ ရေကြောင်း ဥပဒေများနှင့် ပြည်တွင်း ရေကြောင်းဥပဒေ များကိုပါ သိရှိလိုက်နာရမည့် အပြင် စစ်ပွဲဆိုင်ရာဥပဒေ (Law of Armed Conflict) နှင့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement) များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ ရေတပ်ပညာကျွမ်းကျင်ထက်မြက်ပြီးစွမ်းရည် သုံးရပ် အမြဲပြည့်စုံအောင် ကြိုးပမ်း လေ့ကျင့်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ဒို့တာဝန် အရေး သုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် မြန်မာ့ ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန် အထိ အပြည့်အဝကာကွယ်နိုင် ရေးအတွက် သုံးဖက်မြင် စစ်ဆင် နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ် တည်ဆောက်ရာတွင် ရဲဘော် ရဲဘက်စိတ်အပြည့်နှင့် တက်ညီ လက်ညီ ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။
အလေးပြုခြင်းကိုခံယူပြီး
ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)သည် ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူပြီး စစ်ရေး ပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။ အခမ်းအနား အပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် အခမ်းအနားသို့ တက်ရောက်လာသော အရာရှိ ကြီးများသည် ကျောင်းဆင်းအရာ ရှိများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သတင်းစဉ်