တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ထွက်ခွာ

 

နေပြည်တော်   ဇန်နဝါရီ   ၁၇


ဧရာဝတီတိုင်းဒေသကြီး  ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ် ဗောတံတားမှ ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။

 


အဆိုပါနယ်လှည့်အထူးကုဆေးအဖွဲ့သည်   ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ   ဒေသခံပြည်သူများအား   ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊  သားဖွား/ မီးယပ်ရောဂါ၊   ကလေးရောဂါ၊   အရိုးရောဂါ၊  မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ရောဂါ ဗေဒ ပါရဂူများဖြင့်  ရောဂါရှာဖွေစမ်းသပ်ကုသခြင်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။

 


ထို့ပြင် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ဆေးရုံတင်ကုသမှုများ ဆောင်ရွက်ပေးရန်အတွက်  ဆေးရုံရေယာဉ်ပေါ်တွင်   လူနာ ၃၀  အထိ တင်ဆောင်ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်း နှင့် အထူးကြပ်မတ်ကုသဆောင်များလည်းပါရှိကြောင်း သတင်းရရှိ သည်။       

                     
သတင်းစဉ်