
နေပြည်တော် ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိလာရာ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၂၁၃၀၀ ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၆၇၂၉ ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၁၅၆၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၀၅၂ ဦး၊ ကလေးရောဂါ ၁၁၆၉ ဦး၊ အရိုးရောဂါ ၃၄၉၃ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁၉၃၄ ဦး၊ မျက်စိရောဂါ ၃၈၀၁ ဦးနှင့် သွားရောဂါ ၁၅၅၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၁၀၃၇ ဦး၊ အထွေထွေခွဲစိတ်လူနာ ၆၇၂ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၉၄ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက် လူနာ ၁၅၈၄ ဦး၊ ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ ၁၇၉၅ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၂၂၈၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန် ဆောင်မိခင်နှစ်ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကာ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၁၀၆ ဦးတို့ကိုလည်း သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေ ယာဉ်(စကု) တို့ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေး က ပေးအပ်ပြီး မနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အောင်မြင်စွာမွေးဖွားပေးနိုင်
တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကြောင်းများတစ်လျှောက် ဆေးကုသရန် ခက်ခဲသော ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ်သည် (၁၇) ကြိမ်မြောက်ဖြစ်ပြီး ဒေသခံ ပြည်သူစုစုပေါင်း ၁၆၄၈၀၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂၆ ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်