
နေပြည်တော် အောက်တိုဘာ ၂၇
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့ရှိ မွေတော်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပြည်တော်သာရပ်ကွက်ရှိ အရိယာရိပ်သာကျောင်းတိုက်၊ မှော်ဘီမြို့နယ် မင်းရွာကျေးရွာရှိ အနန္တဂုဏ်ရည်ကျောင်းတိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပေါမိုင်းရပ်ကွက်ရှိ မဟာသုခိတာ ရာမ တောရကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများ၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပေါမိုင်းရပ်ကွက် မဟာသုခိတာရာမ တောရကျောင်းတိုက်ရှိ သံဃာတော်များအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ခန္တီးတပ်နယ်မှ နယ်မြေခံ ဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်