တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
(၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်)
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်)


၁။    ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံသည့် သွေးစည်း ညီညွတ်မှု၏ အထိမ်းအမှတ်သက်သေအဖြစ် တောင်တန်းနှင့် မြေပြန့် တပေါင်းတစည်းတည်း လွတ်လပ်ရေး ရယူကြရန် သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ပင်လုံစာချုပ်၏ အသီးအပွင့် ရလဒ်အဖြစ် တောင်တန်းနှင့် မြေပြန့်ဒေသများ ညီညွတ်ပေါင်းစည်းပြီး တပ်မတော်နှင့်အတူ မြန်မာ့ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။


၂။    ထိုသို့ နိုင်ငံတော်တစ်ဝန်းလုံး စုစုစည်းစည်းဖြင့် လွတ်လပ်ရေး ပြန်လည်ရယူပေးနိုင်ခဲ့မှု၏ အစပျိုးမှု ဖြစ်သည့် တိုင်းရင်းသားသွေးချင်းတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေထူနိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင်သတ်မှတ်ဂုဏ်ပြုခဲ့သည်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သို့တိုင် ရောက်ရှိတော့မည် ဖြစ်ပါသည်။


၃။    ကျရောက်လာတော့မည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာစေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုများစွာ မှီတင်းနေထိုင်လျက်ရှိသည့် မိမိတို့နိုင်ငံ အတွက် အချင်းချင်းသွေးစည်းညီညွတ်မှုရှိမှသာလျှင် ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည်ဖြစ်ပါသဖြင့် အနာဂတ်တွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ကျစ်လျစ်ခိုင်မာ သည့် ညီညွတ်သောစုပေါင်းအားကို ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရမည်ဖြစ်ပါသည်။


၄။    တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့် အဖွဲ့အစည်းပီသစွာဖြင့် ခေတ်အဆက်ဆက်ကပင် ကာကွယ် စောင့်ရှောက်ပေးခဲ့သည်။ လွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီခေတ် တွင် နိုင်ငံရေးအယူဝါဒကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားအရေးကွဲပြားမှု၊ အယူဝါဒရေး ကွဲပြားမှု များကတစ်ဆင့် အုပ်ချုပ်သူအစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင်ဆန့်ကျင်ခြင်းသည် ယနေ့တိုင်တည်ရှိ နေသည့် လက်နက်ကိုင်ပဋိပက္ခများ၏ ဇာစ်မြစ်ပင်ဖြစ်ပြီး ယခင်ကိုလိုနီလက်ထက်ကတည်းက ကျင့်သုံးခဲ့ သည့် သွေးခွဲအုပ်ချုပ်မှုစနစ်များ၏ အကျိုးဆက်များကြောင့်လည်း ဖြစ်သည်။


၅။    မိမိတို့နိုင်ငံသည် နိုင်ငံ၏ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်များတွင်မဆို သီးသန့်လူမျိုးစု တစ်ခုတည်းနေထိုင်ခြင်းမရှိဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို စေ့စပ်ညှိနှိုင်း အဖြေရှာရာတွင် မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိဒေသ၊ မိမိအဖွဲ့အစည်းတစ်ခုတည်းအတွက်ကိုသာ မကြည့်ဘဲ ပြည်ထောင်စုဆိုသည့်အမြင်၊ ပြည်ထောင်စုစိတ်ဓာတ်၊ We are Myanmar ဆိုသည့် တပေါင်းတစည်းတည်း စိတ်များဖြင့် ညှိနှိုင်းဆွေးနွေးမှသာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်။


၆။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ရယူပြီးသည့်အချိန်မှစ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းစဉ်နှင့် ဦးတည်ချက်တို့၌ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟု အတိအလင်းကြေညာထားခဲ့ပြီး ၎င်းအတိုင်း လုပ်ဆောင်လျက်ရှိသည်။


၇။    တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယနေ့အထိ ၂၀ ကြိမ် ထုတ်ပြန်ခဲ့ပြီး ယနေ့အထိ ၂ နှစ်နှင့် ၉ လ ကျော် အချိန်ကာလပေး၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ပါသည်။


၈။    တပ်မတော်မှထုတ်ပြန်ခဲ့သည့် ၎င်းကြေညာချက်များတွင် တပ်မတော်အနေဖြင့်   “ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံစေရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှု များကို ရပ်တန့်ပေးမည်”ဟု အတိအလင်းကြေညာခဲ့ပြီးဖြစ်သည်။
၉။    ကမ္ဘာအနှံ့တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထုတ်ပြန်ခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထောက်ခံသည့်အနေဖြင့် အနည်းဆုံး ရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲရန်နှင့်  ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေး အကူအညီပေးရန်အပါအဝင် ဆုံးဖြတ်ချက်တစ်ရပ်ကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတကာကျင့်ဝတ် နှင့်အညီ ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်အပေါ်လိုက်နာရန် တာဝန်ရှိသည်ဟု ခံယူလျက် မြန်မာ့တပ်မတော် အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲပေးခဲ့ပါသည်။


၁၀။    လက်ရှိအခြေအနေတွင် တစ်ကမ္ဘာလုံး၌ ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ ယခုအထိ ခံစားနေရသောကာလဖြစ်ပါသည်။ ၎င်းကာလ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  “ပြည်သူလူထု၏ အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသော မူဝါဒဖြင့် တစ်နိုင်ငံလုံး၊ ပြည်သူလူထု တစ်ရပ်လုံးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ရှိသမျှခွန်အား၊ စွမ်းအားဖြင့် အားကုန်ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလ၊ ဇူလိုင်လတတိယပတ်အတွင်း ရောဂါပိုး စစ်ဆေးခဲ့သူများအနက် ၄၁ ရာခိုင်နှုန်းခန့်မှာ ပိုးတွေ့ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့်  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ရာ ယခု စက်တင်ဘာလကုန်ပိုင်း၌ ရောဂါပိုးတွေ့ရှိသူ ၉ ရာခိုင်နှုန်းသာရှိတော့သဖြင့် ၃၀ ရာခိုင်နှုန်းကျော်ခန့် လျှော့ချနိုင်ခဲ့ပါသည်။


၁၁။    ကိုဗစ်-၁၉ ရောဂါသည် ဗီဇပြောင်းလဲနိုင်စွမ်းမြင့်မားသည့် ဗိုင်းရပ်စ်ရောဂါပိုးကိုအခြေခံပြီး ဖြစ်ပွား ပျံ့နှံ့သောရောဂါဖြစ်၍ အလျှင်းပျောက်ကင်းနိုင်သော ရောဂါမဟုတ်ကြောင်း တွေ့ရှိရပါသည်။ မိမိတို့နိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းလုံး အချိန်အတိုင်းအတာတစ်ခုအထိ ဂရုပြုစောင့်ကြည့် ကာကွယ်၊ ထိန်းချုပ်ရမည့် ရောဂါဖြစ်သည်။


၁၂။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးကိုယ်စားလှယ်တို့ ဆွေးနွေးမှုပြုလုပ်စဉ်တွင် လည်းကောင်း၊ EAO အဖွဲ့အချို့ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို  ထပ်မံတိုက်တွန်းလာခြင်းကိုလည်းကောင်း ကြိုဆိုပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  အစိုးရအနေဖြင့်လည်း  မူလကတည်းက ရပ်စဲထားပြီးဖြစ်ပါသည်။ EAO များ တည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။


၁၃။    ၎င်းကဲ့သို့အခြေအနေမျိုးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို NLD ပါတီအစွန်းရောက်များ၊ NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်များက ကိုယ်ထိလက်ရောက် ဗုံးခွဲ၊ တိုက်ခိုက်၊ ပစ်ခတ်မှုဖြစ်စဉ်များ ရှိနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရပါသည်။ ထို့အပြင် NUG နှင့် CRPH အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၌ ပြည်သူလူထုအား  စိုးရိမ်ထိတ်လန့်စေပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေမည့် အကြမ်းဖက်လုပ်ရပ်များကို လှုံ့ဆော်သည့် ကြေညာချက်တစ်ရပ်အား ထုတ်ပြန်ခဲ့ပြီး လက်တွေ့မြေပြင်၌လည်း အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား မိုင်းထောင်မိုင်းခွဲခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား တိုက်ခိုက်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ၎င်းဖြစ်စဉ်များနှင့် အပြစ်မဲ့ပြည်သူများကို ၎င်းအကြမ်းဖက်အဖွဲ့များက သတ်ဖြတ်နှိပ်စက်နေမှုများကိုလည်း နိုင်ငံတကာအဖွဲ့အစည်းအားလုံးက သိရှိထားရန် လိုအပ်ပါသည်။


၁၄။    နိုင်ငံတော်အစိုးရအနေဖြင့် မကြာမီကျရောက်လာမည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို   ထိထိရောက်ရောက်   ဆောင်ရွက်နိုင်ရေး  ရည်ရွယ်၍လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊  မြန်မာနိုင်ငံတစ်ဝန်းလုံး၌   နိုင်ငံတော်ကာကွယ်ရေးနှင့်  အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်  ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုတ်ပြန် အပ်ပါသည်။ 


၁၅။    ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဤကြေညာချက်အား လက်တွေ့အကောင်အထည်ဖော် ခိုင်မာ နိုင်ရေး၊ စိန်ရတုပြည်ထောင်စုနေ့မတိုင်မီကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။    

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး