တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေအနေဖြင့် ပြည်သူလူထုနဲ့ အတူလက်တွဲပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရတဲ့ ဒေသများကို တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားရမယ်

 

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသော (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း


ရဲဘော်တို့


ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်း နဲ့အတူ နိုင်ငံတော်ရဲ့လိုအပ်ချက်၊ ပြည်သူတွေရဲ့ ကြိုးပမ်းချက်တွေနဲ့ ယှဉ်တွဲပေါ်ပေါက်လာတဲ့  တို့တပ်မတော်ရဲ့  (၇၉)   နှစ်မြောက် တပ်မတော်နေ့ဖြစ်တယ်။ ဒါ့အပြင် တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူတို့နဲ့  အတူလက်တွဲပြီး  ၁၉၄၅ ခုနှစ်၊  မတ်လ ၂၇ ရက်နေ့မှာ အမျိုးသားရေးအားမာန်တွေနဲ့ ဖက်ဆစ်တော်လှန်ရေးကြီးတစ်ရပ်ကို အောင်မြင်စွာ စတင်ဆင်နွှဲခဲ့တာကြောင့် သမိုင်းမော်ကွန်းရေးထိုးနိုင် ခဲ့တဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်တယ်။ 


ရဲဘော်တို့ 


ဆုံးရှုံးသွားတဲ့  နိုင်ငံ့လွတ်လပ်ရေးပြန်ရဖို့   နယ်ချဲ့အင်္ဂလိပ်တွေ ကို တိုက်ယူမှရမယ်လို့ ယုံကြည်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့   ရဲဘော်သုံးကျိပ်ဟာ   ဂျပန်မှာ  ခေတ်မီစစ်ပညာများ သင်ကြားခဲ့တယ်။  ဂျပန်တို့နဲ့လက်တွဲပြီး   နယ်ချဲ့အင်္ဂလိပ်တွေကို တိုက်ထုတ်ခဲ့သလို ဆိုးရွားလှတဲ့ ဂျပန်တို့ရဲ့  အုပ်ချုပ်၊  ဆက်ဆံရေး တွေကြောင့် ပြည်သူတို့နဲ့အတူလက်တွဲပြီး ဖက်ဆစ်ဂျပန်ကို ၁၉၄၅ ခုနှစ်၊  မတ်လ  ၂၇  ရက်နေ့ကစပြီး   ပြန်လည်တိုက်ထုတ်ခဲ့ရတယ်။ တို့တပ်မတော်ဟာ ပြည်သူနဲ့အတူလက်တွဲပြီး နိုင်ငံကို လွတ်လပ်ရေး ရရှိအောင်  ဆောင်ရွက်ပေးခဲ့သလို   လွတ်လပ်ရေးနဲ့  အချုပ်အခြာ အာဏာပြန်လည်မဆုံးရှုံးစေဖို့အတွက်  ပြည်သူရှေ့ကနေ  မားမား မတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့တယ်။ တို့နိုင်ငံကို နယ်ချဲ့ဗြိတိသျှ တို့ရဲ့ သွေးခွဲသပ်လျှိုအုပ်ချုပ်ခဲ့မှု၊ ဒုတိယကမ္ဘာစစ်အတွင်း စစ်တလင်း ဖြစ်ခဲ့ရတဲ့အတွက်    စစ်ကျန်လက်နက်တွေ   များပြားမှု၊  နိုင်ငံရေး အယူအဆကွဲပြားမှုတို့ကြောင့်ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)အနေ နဲ့ ၁၉၄၈ ခုနှစ်၊ မတ်လမှာ တောခိုခဲ့ရာကစပြီး “ရောင်စုံသောင်းကျန်းသူ များ” လို့ ခေါ်ဆိုရတဲ့အထိ နိုင်ငံအနှံ့မှာ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းအများအပြား ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမယ့်လည်း တို့တပ်မတော်အနေနဲ့ နိုင်ငံနဲ့အဝန်း စစ်ဆင်ရေးကြီးအမြောက်အမြား ကို ဆောင်ရွက်ခဲ့ပြီး  ပြည်ထောင်စုကြီး  မပြိုကွဲအောင်  ကာကွယ် ထိန်းသိမ်းနိုင်ခဲ့တယ်။


ရဲဘော်တို့


တို့တပ်မတော်အနေနဲ့ အဲဒီလို ပြည်တွင်းရောင်စုံသောင်းကျန်းသူ တွေကို နှိမ်နင်းခဲ့ရတဲ့အပြင် ရှမ်းပြည်နယ်မှာ တရုတ်ဖြူကူမင်တန် တွေရဲ့ ကျူးကျော်မှုနဲ့ ရခိုင်ပြည်နယ်မှာ မူဂျာဟစ်ကုလားဆိုးတွေရဲ့ သောင်းကျန်းမှု   စတဲ့  ပြည်ပကျူးကျော်မှုအန္တရာယ်များကိုလည်း အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး စွန့်လွှတ်စွန့်စားတဲ့စိတ်နဲ့ ကာကွယ်နှိမ်နင်းခဲ့ရတယ်။ ဒါ့အပြင် ၁၉၆၂ ခုနှစ်  ပြည်ထောင်စုပြိုကွဲမယ့်အန္တရာယ်၊  ၁၉၈၈  ခုနှစ်  ဆူပူမှု အရေးအခင်းမှာ  အုပ်ချုပ်ရေးယန္တရားပျက်ပြားမှုနဲ့  ၂၀၂၀  ပြည့်နှစ် နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ရယူရန်ကြိုးပမ်းမှု စတဲ့အန္တရာယ် ကြီးမားတဲ့အရေးကိစ္စတွေ ကြုံတွေ့ခဲ့တဲ့အချိန်တွေမှာလည်း  နိုင်ငံ တော်အတွက် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့ရ တယ်။ ဒါကြောင့် တို့တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူရဲ့အကျိုး စီးပွားကို အစဉ်ရှေးရှုပြီး  အမျိုးသားရေးတာဝန်ဖြစ်တဲ့   ဒို့တာဝန် အရေးသုံးပါးကို  ထိပါးလာမယ့် ကိစ္စရပ်မှန်သမျှကို   လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှစပြီး ယနေ့အချိန်ထိ ကာကွယ်စောင့်ရှောက်ပေးခဲ့ သလို အနာဂတ်ကာလတွေမှာလည်း ဆက်လက်ထိန်းသိမ်းကာကွယ် သွားမယ်ဆိုတာ အလေးအနက်ထား ပြောကြားလိုတယ်။ 


ရဲဘော်တို့ 


တို့နိုင်ငံဟာ လွတ်လပ်ရေးရရှိခဲ့ပြီးတဲ့နောက် ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ပေမယ့်လည်း နိုင်ငံရေးပြဿနာတွေ၊ ပြည်ပက သွေးထိုးလှုံ့ဆော်မှုတွေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အားနည်း ချက်တွေ၊    လက်နက်ကိုင်ပဋိပက္ခတွေနဲ့    ပါတီတွင်း   သဘောထား ကွဲလွဲမှုတွေကြောင့် တိုင်းပြည်စည်းလုံးညီညွတ်မှု ပျက်ပြားလာလို့ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိကာလတွေမှာ တော်လှန်ရေးကောင်စီနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့က ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ နိုင်ငံတော်တည်ဆောက်ရေးကို   ဆောင်ရွက်ခဲ့ကြတယ်။    ဒါပေမယ့် ပြည်တွင်းပြည်ပက   နည်းမျိုးစုံနဲ့  နှောင့်ယှက်ပိတ်ဆို့မှု၊   သဘာဝ ဘေးအန္တရာယ်များနဲ့   စီမံခန့်ခွဲရေး  အားနည်းချက်၊  လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံရဲ့စီးပွားရေး ကျဆင်းခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ အရေးအခင်းများဖြစ်ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာ နိုင်ငံရဲ့အခြေအနေ ယိမ်းယိုင်လာခဲ့ပြီး      အချုပ်အခြာအာဏာ    ပြိုကွဲမယ့်အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့လာရတာကြောင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှာ တို့တပ်မတော်က နိုင်ငံတော်တာဝန်ကို ဝင်ရောက်ထိန်းသိမ်းတာဝန် ယူခဲ့ရတယ်။ တို့တပ်မတော်က အဲဒီလို နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ဝင်ရောက်ထိန်းသိမ်းခဲ့ရတဲ့ နောက်ပိုင်းမှာ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်သွားနိုင်ရေး ဦးတည်ဆောင်ရွက် ခဲ့သလို ဒီမိုကရေစီစနစ် ကျင့်သုံးဖော်ဆောင်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရေးဆွဲကာ  ၂၀၀၈  ခုနှစ်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌာန်းပေးခဲ့တယ်။ အဲဒီနောက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး ဒီမိုကရေစီစနစ်ကို ညင်သာငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေး ဆောင်ရွက် ပေးနိုင်ခဲ့တယ်။


ရဲဘော်တို့ 


နိုင်ငံတိုင်းရဲ့ တပ်မတော်တွေဟာ  ဖွဲ့စည်းပုံတွေ၊  အင်အားတွေ၊ ရည်မှန်းချက်တွေမတူညီကြပေမယ့် နိုင်ငံတော်ကာကွယ်ရေးအတွက် ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အတူတူပဲဖြစ်ကြတယ်။ အဲဒီလိုပဲ နိုင်ငံ တစ်ခုရဲ့    ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာလည်း    တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူညီချင်မှတူညီနိုင်ပေမယ့် မိမိတို့နိုင်ငံရဲ့ ရေရှည်အကျိုး စီးပွားအတွက်သာ  ဖြစ်သင့်ဖြစ်ထိုက်တာတွေကို  ဦးတည်ပြဋ္ဌာန်း ကြတာပဲဖြစ်တယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပေါ်ပေါက်လာပုံ၊ သမိုင်း ကြောင်းနောက်ခံအနေအထား၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့  အခြားအခြေခံအချက်အလက်တွေအပေါ်  မူတည်ပြီး ရေးဆွဲပြဋ္ဌာန်းလေ့ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်နိုင်ငံကမှန်ပြီး ဘယ်နိုင်ငံကမှားတယ်လို့   ဆိုလို့မရဘဲ   မိမိတို့နိုင်ငံရဲ့   အမျိုးသား အကျိုးစီးပွားအတွက်သာ ပဓာနပဲဖြစ်တယ်။ 


မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)မှာ တပ်မတော်ရဲ့အခန်းကဏ္ဍများကို ထည့်သွင်း ဖော်ပြထားခြင်းဟာ အတိတ်သမိုင်းစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်း ချက်တွေကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးအတွက် ပြဋ္ဌာန်းထားရ ခြင်းပဲဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်ရဲ့ အခန်းကဏ္ဍ မှာပါတဲ့ ပြဋ္ဌာန်းချက်အပိုဒ်တွေဟာ တပ်မတော်အတွက် ပြဋ္ဌာန်းထား တာမဟုတ်ဘဲ နိုင်ငံတော်အကျိုးကို မျှော်ကိုးပြီး ထည့်သွင်းပြဋ္ဌာန်းထားခြင်းသာဖြစ်ကြောင်း ပြောကြားလိုတယ်။  


ရဲဘော်တို့ 


၂၀၂၀ ပြည့်နှစ်မှာပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မဲစာရင်းတွေကို စိစစ်တဲ့အခါ ကမ္ဘာမှာလွန်စွာကြီးမားတဲ့ မဲမသမာမှုပြုလုပ်ပြီး ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စည်းကမ်းမဲ့စွာ ဆောင်ရွက် ခဲ့တာ  စိစစ်တွေ့ရှိရတဲ့အတွက်  နိုင်ငံအနေနဲ့   အမည်းစက်တစ်ခုဖြစ်ပေါ်ခဲ့တာ   ရဲဘော်တို့အသိပဲ ဖြစ်တယ်။    ၂၀၂၀   ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ မဲပေးပိုင်ခွင့်ရှိသူ မဲစာရင်း ၃၈.၂၇ သန်းမှာ ခိုင်လုံမှုမရှိဘဲ  မဲစာရင်းပါဝင်မှု ၁၁.၃ သန်း စိစစ်တွေ့ရ တဲ့အတွက် ၂၉.၅၄ ရာခိုင်နှုန်း မဲမသမာမှုလုပ်ထားတာ စိစစ်တွေ့ရ တယ်။ အထွေထွေရွေးကောက်ပွဲဆိုတာ  တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့  အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်သလို နိုင်ငံရဲ့အနာဂတ်ကို ဖော်ဆောင်မယ့် ခေါင်းဆောင်တွေကို ရွေးချယ်ခြင်းလည်းဖြစ်တယ်။ လွတ်လပ်ပြီးတရားမျှတတဲ့     ပါတီစုံဒီမိုကရေစီစနစ်အပေါ်မှာ ပြည်သူတွေ ယုံကြည်မှုရှိဖို့နဲ့ ကောင်းမွန်တဲ့ နိုင်ငံရေးသမိုင်းကို ပုံဖော် နိုင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် နိုင်ငံတော်အာဏာကို မသမာတဲ့ နည်းလမ်းနဲ့ရယူဖို့ကြိုးစားတဲ့ NLD အစိုးရရဲ့ ဥပဒေမဲ့လုပ်ရပ်များကို ကာကွယ်တားဆီးနိုင်ဖို့အတွက်   တပ်မတော် အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော် အာဏာကို ခေတ္တရယူထိန်းသိမ်းခဲ့တာပဲ ဖြစ်တယ်။ 


ရဲဘော်တို့ 


တို့နိုင်ငံရဲ့    နိုင်ငံရေးဖြစ်စဉ်သမိုင်းဟာ   လွတ်လပ်ရေးမရမီ ကတည်းက “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” ဆိုသလို ရှုပ်ထွေးမှုတွေရှိနေခဲ့တယ်။ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ကာလတွေမှာလည်း   အယူဝါဒအမျိုးမျိုး၊  သဘောထားအမျိုးမျိုး ကြောင့် ခိုင်မာတဲ့နိုင်ငံရေးစနစ်ကို တစ်သမတ်တည်း ချမှတ်ဖော်ဆောင် နိုင်ခြင်းမရှိဘဲ စနစ်အမျိုးမျိုးကို ပြောင်းလဲကျင့်သုံးခဲ့ရတယ်။ နိုင်ငံရေးစနစ်တည်ငြိမ်မှုမရှိခြင်းနဲ့ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးမှုအပိုင်းမှာ အခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် အတော်လေး  နောက်ကျကျန်ခဲ့တာကို  တွေ့ရတယ်။   ဒါကြောင့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအနေနဲ့ လက်ရှိလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေးနဲ့ ဖွံ့ဖြိုးမှုရှိစေရေးအတွက် “စစ်မှန်စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်  ခိုင်မာရေး၊ ဒီမိုကရေစီနှင့်    ဖက်ဒရယ်စနစ်ကို    အခြေခံသည့်    ပြည်ထောင်စု တည်ဆောက်ရေး”ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်နဲ့ “တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး”  ဆိုတဲ့  အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်။  တစ်နည်းအားဖြင့်ပြောရရင်   အဲဒီရည်မှန်းချက်တွေဟာ စဉ်ဆက်မပြတ်ဆောင်ရွက်ရမယ့် နိုင်ငံတော်ရဲ့ မျှော်မှန်းချက်များပဲ ဖြစ်တယ်။  ဒီမျှော်မှန်းချက်တွေ   ပြည့်ဝဖို့အတွက်   နိုင်ငံတော်ရဲ့ ပကတိအခြေအနေများနဲ့ကိုက်ညီတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည် ချက်(၉)ရပ်ကိုချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတယ်။ ဒီလိုဆောင်ရွက်လျက်ရှိတဲ့နေရာမှာ တို့တပ်မတော်သား တွေအနေနဲ့လည်း    ရှေ့လုပ်ငန်းစဉ်နဲ့     ဦးတည်ချက်များကို   သိရှိ နားလည်ပြီး    ကျရာအခန်းကဏ္ဍကနေ     ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုတယ်။  


ရဲဘော်တို့ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့   အရေးပေါ်ကာလ ဆိုင်ရာ  ပြဋ္ဌာန်းချက်တွေအတိုင်း  ဆောင်ရွက်ပြီးစီးပါက   အမျိုးသား ကာကွယ်ရေးနဲ့    လုံခြုံရေးကောင်စီထံသို့   နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်။    အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နဲ့အညီ လွတ်လပ်ပြီး  တရားမျှတတဲ့  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြီး  ထွက်ပေါ်လာတဲ့ အစိုးရကို   နိုင်ငံတော် တာဝန်များလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ      အထောက်အကူဖြစ်စေဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်မှာ မဲစာရင်းတွေ ပြည့်စုံမှန်ကန်မှုရှိဖို့ လုပ်ဆောင်နေသလို ဒီမိုကရေစီစနစ်ကျင့်သုံးရာမှာ  တိုင်းရင်းသားများ၊  တိုင်းရင်းသား ဒေသများနဲ့  လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုတဲ့ ကိုယ်စား လှယ်များ  လွှတ်တော်ထဲကို   ရောက်ရှိလာစေရေးအတွက်  လက်ရှိ ကျင့်သုံးနေတဲ့ အနိုင်ရသူအကုန်ယူစနစ်(First Past the Post-FPTP)အပြင် မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့ သင့်တော်တဲ့ အချိုးကျကိုယ်စား ပြုစနစ် (Proportional Representation-PR)ကို ပေါင်းစပ်ကျင့်သုံး နိုင်ရေး စီမံဆောင်ရွက်လျက်ရှိတယ်။ ဒါ့အပြင် နိုင်ငံသားတစ်ဦးချင်းစီ အနေနဲ့လည်း ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊  မတရားတိုက်တွန်းမှု၊ လူအုပ်စုနဲ့ အနိုင်ကျင့်လွှမ်းမိုးမှု  စတဲ့မတရားမှုတွေ  ကင်းဝေးစေပြီး လွတ်လပ်စွာမဲပေးနိုင်ရေးအတွက်   လုံခြုံရေးကိစ္စရပ်များကိုလည်း အရှိန်အဟုန်မြှင့်      ဆောင်ရွက်လျက်ရှိတယ်။    ဒီလိုရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ဆောင်ရွက်နေချိန်မှာ EAO အချို့နဲ့ PDF အမည်ခံ  အကြမ်းဖက်သမားတွေက  ရွေးကောက်ပွဲပျက်ပြားစေဖို့နဲ့ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်လျက်ရှိတယ်။ ဒါကြောင့် တို့တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒနှင့်အညီ ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာစေရေး ဦးဆောင်အကောင်အထည်ဖော် ပေးခဲ့သလို     ပါတီစုံဒီမိုကရေစီစနစ်       ခိုင်ခိုင်မာမာဖြစ်စေရေးနဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လည်း   ရှေ့ကနေ  မားမားမတ်မတ်   ရပ်တည်ဆောင်ရွက်သွားရမှာ ဖြစ်တယ်။


ရဲဘော်တို့ 


တို့တပ်မတော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလပြဋ္ဌာန်းချက်များ နှင့်အညီ နိုင်ငံတော်ရဲ့တာဝန်ကို     ထိန်းသိမ်းခဲ့ခြင်းဖြစ်ပေမယ့်လည်း     ဒီလို ထိန်းသိမ်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး နိုင်ငံရေးအသုံးချမှုများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲဒီအချိန်က ရွေးချယ်ခံကိုယ်စားလှယ်တွေကို လက်ရှိနိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဥပဒေနှင့်အညီ ဖြေရှင်း နိုင်စေဖို့အတွက်  နေရပ်ဒေသအသီးသီးသို့  ပြန်လည်စေလွှတ်ပေးခဲ့ တယ်။ ဒါပေမယ့် ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် ရပ်တည်ခွင့် မရှိတော့တဲ့သူတွေက  ၂၀၂၁  ခုနှစ်၊  ဖေဖော်ဝါရီလ  ၅  ရက်နေ့မှာ “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)” အမည်နဲ့ တရားမဝင်ကော်မတီကို ဖွဲ့စည်းခဲ့တဲ့အပြင် အဲဒီနှစ်၊ ဧပြီလ ၁၆ ရက် နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government -NUG) အမည်နဲ့  တရားမဝင်အစိုးရတစ်ရပ်ကို  ဖွဲ့စည်းခဲ့ကြတယ်။ အဲဒီနောက်မှာ    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့    (People Defence Force-PDF)ကို ဖွဲ့စည်းပြီး  ၎င်းတို့ကို  ထောက်ခံအားပေးသူတွေကို လက်နက်ကိုင်ဆူပူအုံကြွမှုများ     လုပ်ဆောင်ဖို့    တွန်းအားပေး ဆောင်ရွက်လာခဲ့ကြတယ်။ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ် တွေဟာ  ဥပဒေပြုရေးကို   အလေးထားဆောင်ရွက်ရတာဖြစ်လို့  တရားဥပဒေလေးစားလိုက်နာရေး၊ သိရှိနားလည်ရေးမှာ သူများထက် ပိုလိုအပ်တယ်။ သူတို့အနေနဲ့   တရားဥပဒေနဲ့အညီ   ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်ဖို့မလုပ်ဘဲ   အကြမ်းဖက်လမ်းစဉ်ကို   ရွေးချယ်ခြင်းဟာ သူတို့ရဲ့ ဒီမိုကရေစီအပေါ်မှာ ဘယ်လိုလုပ် ယုံကြည်မှုရှိရမလဲဆိုတာ စဉ်းစားဖို့လိုတယ်။  အဲဒီအချိန်ကစပြီး   မြန်မာနိုင်ငံအနှံ့အပြားမှာ မိုင်းထောင်ဖောက်ခွဲမှု၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှု၊ ပစ္စည်းလုယက် မှု၊ အတင်းအကျပ် ဆက်ကြေးတောင်းခံမှု၊  လုံခြုံရေးစခန်းတွေကို တိုက်ခိုက်မှုတွေသာမကဘဲ ၎င်းတို့နဲ့ အမြင်မတူသူများကို  ဒလန်လို့ စွပ်စွဲသတ်ဖြတ်မှု စတဲ့အကြမ်းဖက်လုပ်ရပ်တွေ မကြာခဏ ဖြစ်ပွား လာခဲ့တယ်။ အဆိုးရွားဆုံးကတော့ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ အရပ်ဘက်ဝန်ထမ်းများ၊ အထူးသဖြင့် ဆရာ၊ ဆရာမများနဲ့ ပညာရေး ဆိုင်ရာဝန်ထမ်းများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း တွေ လုပ်ဆောင်နေတာပဲဖြစ်တယ်။ သူတို့ရဲ့အဓိက ရည်ရွယ်ချက်က တော့ လူငယ်/လူရွယ်တွေကို  ပညာရေးနိမ့်ကျပြီး  အမှား၊  အမှန် မခွဲခြားနိုင်ဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါ လုပ်ဆောင်လာစေဖို့ပဲဖြစ်တယ်။ ဒါကြောင့် တို့နိုင်ငံအပါအဝင် ကမ္ဘာ ပေါ်မှာရှိတဲ့ မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းကမှ လက်ခံနိုင် စရာမရှိတဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေကို အချိန်မီကာကွယ်တားဆီးရမှာဖြစ်ပြီး   အဲဒီလိုလုပ်ဆောင်တဲ့နေရာမှာ    တပ်မတော်အနေနဲ့ ပြည်သူနဲ့အတူ  လက်တွဲပြီး    ပါဝင်ဆောင်ရွက်ရမှာပဲဖြစ်တယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း CRPH ၊ NUG ၊ PDF နဲ့ NLD အစွန်းရောက်များရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံမှု မပြုလုပ်သင့်သလို ပညာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများအား ဆန့်ကျင်ရှုတ်ချဖို့ လိုအပ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ အကြမ်းဖက် အဖွဲ့အစည်းများဟာ လက်နက်ဖြင့် အကြောက်တရားကို ဖန်တီးပြီး လူသစ်စုဆောင်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိတဲ့အပြင် လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်လှုံ့ဆော်လျက်ရှိတာကိုလည်း တွေ့ရတယ်။   လူမျိုးစုများစွာရှိတဲ့တို့နိုင်ငံမှာ   လူမျိုးကိုအခြေခံပြီး လက်နက်ကိုင်အဖွဲ့များဖွဲ့စည်းခြင်းနဲ့ လက်နက်ကိုင်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းတွေဟာ ငြိမ်းချမ်းရေးနဲ့အလှမ်းဝေးစေပြီး တိုင်းပြည် စည်းလုံးညီညွတ်မှုကို     ထိခိုက်ပျက်စီးစေလျက်ရှိတယ်။    ဒီလို အခြေအနေမျိုးမှာ လူငယ်အချို့ဟာလည်း ပြည်ဖျက်မီဒီယာအချို့ရဲ့ အပျက်သဘောဆောင်တဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး သောင်းကျန်းသူများရဲ့ အသုံးချခံဖြစ်နေတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရလျက်ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက် သမားများဟာ   သူတို့အင်အားတည်ဆောက်နိုင်ရေးအတွက်   ဝေးလံခေါင်းပါးပြီး အသွားလာခက်ခဲတဲ့နေရာမှာ    အခြေခံပြီး    ဘိန်း၊     ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါး     ထုတ်လုပ်ရောင်းဝယ်မှုများကရရှိတဲ့       ဝင်ငွေ၊ တရားမဝင်လမ်းကြောင်းက    နိုင်ငံတော်သယံဇာတများ   ခိုးထုတ် ရောင်းချမှုကရတဲ့ဝင်ငွေ၊ တရားမဝင်နည်းပေါင်းစုံသော လောင်းကစား ဝိုင်းများက ရတဲ့ဝင်ငွေနဲ့ လက်နက်ခဲယမ်းများ ဝယ်ယူတာ၊ ထုတ်လုပ် တာ၊ လူအင်အားစုဆောင်းတိုးချဲ့တာများ ပြုလုပ်ကြတယ်။  အဲဒီက တစ်ဆင့် တိုင်းရင်းသားရေး အကြောင်းအမျိုးမျိုးပြ လက်နက်စွဲကိုင်ပြီး နိုင်ငံတော်ကို ဆန့်ကျင်မှုပြုလုပ်နေတာ သူတို့ရဲ့ ခေတ်အဆက်ဆက် လုပ်ဆောင်ချက်များက သက်သေပြနေတယ်။ အဓိက ကတော့မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချခြင်းနဲ့  သယံဇာတခိုးထုတ်တဲ့လုပ်ငန်းကို အခြေခံပြီး စခဲ့တာဖြစ်တဲ့အတွက် အန္တရာယ်ကြီးတဲ့အဖွဲ့အစည်းလို့ ပြောရမယ်။ ဒါကြောင့် သူတို့ကို ဘယ်သူကမှ တိုက်ရိုက်သော်လည်း ကောင်း၊   သွယ်ဝိုက်သော်လည်းကောင်း    မပတ်သက်ဖို့လိုကြောင်း ပြောကြားလိုတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ပြည်ပ လက်ဝေခံအဖွဲ့အစည်းအချို့ရဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာ နိုင်ငံသားတို့ရဲ့အကျိုးစီးပွားအတွက်မဟုတ်ဘဲ ၎င်းတို့နဲ့ ၎င်းတို့ရဲ့အဖွဲ့ အစည်း အကျိုးအတွက်သာ ရှေးရှုလုပ်ဆောင်နေခြင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတစ်ရပ် ဖော်ဆောင်ရေးကို ပျက်စီးအောင်လုပ်နေခြင်းဖြစ်တယ်ဆိုတာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နေရာဒေသအချို့မှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေက သက်သေခံလျက်ရှိတယ်။ ဒီမိုကရေစီနဲ့အညီ ဆောင်ရွက်နိုင်တာကို အဓမ္မနည်းနဲ့ ပြုလုပ်တာကြောင့် ဒေသခံများရဲ့ အကျိုးစီးပွား ပျက်စီးတာ၊ ကျောင်းနေအရွယ်ကလေးများ  ပညာ သင်ကြားခွင့် ဆုံးရှုံးတာပဲ ခံစားရတဲ့အတွက် အင်မတန်မိုက်မဲတဲ့ လုပ်ရပ်လို့ ပြောလိုတယ်။ ဒါကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့    ပြည်သူ့စစ်အဖွဲ့တွေအပါအဝင်   လုံခြုံရေးတပ်ဖွဲ့တွေအနေဖြင့် ပြည်သူလူထုနဲ့ အတူလက်တွဲပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရတဲ့ ဒေသများကိုလည်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် တရား ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားရမယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက်  စွန့်လွှတ်စွန့်စားသူများကိုလည်း ထိုက်တန်စွာ ချီးမြှင့်ဂုဏ်ပြုသွားမှာဖြစ်တယ်။


ရဲဘော်တို့


တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့နဲ့    ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ဖို့လုပ်ဆောင်ရာမှာ ပြည်သူ့စစ်အဖွဲ့တွေ၊ ဒေသခံကာကွယ် ရေးအဖွဲ့တွေ ဖွဲ့စည်းခြင်းထက် ဥပဒေနဲ့ပိုမိုညီညွတ်ပြီး စည်းစနစ်ကျ တဲ့ ပြည်သူ့စစ်မှုထမ်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွား ရမှာပဲဖြစ်တယ်။ တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အနေအထားနဲ့ လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ ဒီဥပဒေပြဋ္ဌာန်းချက်ကို မဖြစ်မနေဆောင်ရွက်သွားရမှာဖြစ်လို့ ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို  အာဏာတည်စေခဲ့ပြီးဖြစ်တယ်။ ဒီလိုလုပ်ဆောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ တို့နိုင်ငံရဲ့အမျိုးသား ရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အတွက်ဖြစ်တယ်။ ဒါ့အပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးတဲ့ စစ်မှုထမ်းဟောင်းများအနေနဲ့လည်း တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်၊ အမျိုးဘာသာ  သာသနာကို ကာကွယ် လိုတဲ့ စိတ်ဓာတ်၊ ဒို့တာဝန်အရေးသုံးပါးကို အထိမခံတဲ့ စိတ်ဓာတ်တွေ နဲ့   ကျရာအခန်းကဏ္ဍက   နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ပြန်လည်ထမ်းဆောင်ပါမယ်ဆိုတဲ့ သတင်းပို့တောင်းဆိုမှုတွေ များပြား လာတာကြောင့် အရန်တပ်ဖွဲ့ဥပဒေကို ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အာဏာတည်စေခဲ့ပြီးဖြစ်တယ်။ အဲဒီအရန်တပ်ဖွဲ့ ဥပဒေကို အကောင်အထည်ဖော်ဆောင်ရာမှာလည်း စစ်မှုထမ်းဟောင်းအားလုံး ကို   ပြန်လည်ခေါ်ယူမှာမဟုတ်ဘဲ    ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးအပ်သွားမှာဖြစ်တယ်။    ဒီဥပဒေနှစ်ရပ် ကို   အကောင်အထည်ဖော်ဆောင်ရွက်တာကြောင့်   ကာကွယ်ရေး အင်အားကို အထိုက်အလျောက် မြင့်တက်လာစေမှာဖြစ်ပြီး အဲဒီကမှ တစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက်  လုပ်ဆောင်သင့်  လုပ်ဆောင်ထိုက်တာတွေကို  တစ်ဆင့်ပြီး တစ်ဆင့်  ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း  ပြောကြား လိုတယ်။


ရဲဘော်တို့ 


တို့တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက် ရင်  တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး   သဘောတူစာချုပ် (NCA)အပေါ်မှာသာ    ခိုင်ခိုင်မာမာ     ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ NCA သဘောတူစာချုပ်ဟာ   လွယ်လင့်တကူဖြစ်ပေါ်လာ တဲ့ သဘောတူစာချုပ်မဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင် ဖိတ်ခေါ်ခဲ့တဲ့နေ့ကစပြီး  ဆွေးနွေးညှိနှိုင်းမှု  ၅,၀၀၀  ကျော်အထိ ပြုလုပ်ခဲ့ပြီးမှ  ရရှိခဲ့တဲ့  သဘောတူစာချုပ်ဖြစ်တယ်။  ရရှိထားတဲ့ သဘောတူညီချက်များကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံမှာ ပြင်ဆင်သင့် တဲ့ အချက်များကို ဒီမိုကရေစီနည်းလမ်းတကျဆွေးနွေးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ တပ်မတော်အနေနဲ့ NCA စာချုပ်ကြီးပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကို ထုတ်ပြန်ခဲ့ပြီး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်။ အဲဒီငြိမ်းချမ်းရေးမူဝါဒ(၆)ရပ် ဟာ NCA စာချုပ်ရဲ့ အနှစ်သာရအတိုင်းဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွေကရရှိလာတဲ့ “အသိတရား”ဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လုပ်ဆောင် ရမယ့် “အရှိတရား”လည်းဖြစ်တယ်။ တို့နိုင်ငံအနေနဲ့   ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောက်နေသလို ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း  မိတ်ဝတ်မပျက်  ပေါင်းဖက်ဆက်ဆံရေးကိုလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး     မူဝါဒတွေနဲ့အညီ     လိုက်နာ ကျင့်သုံးလျက်ရှိကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့ 


ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ဟာ နိုင်ငံငယ်တွေအပေါ်မှာ ၎င်းတို့ အလိုကျ လိုက်ပါလုပ်ဆောင်လာစေရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြားဝင်စွက်ဖက်မှုများ  ပြုလုပ်လျက်ရှိတယ်။  ဒါဟာ  ခေတ်သစ် ကိုလိုနီပြုခြင်းတစ်မျိုးဖြစ်တယ်ဆိုတာ သတိထားနိုင်ဖို့လိုတယ်။ တို့နိုင်ငံ ဟာ ပထဝီအနေအထားအရ  အရေးပါတဲ့နေရာမှာ တည်ရှိနေတာ ကြောင့်   ခေတ်သစ်ကိုလိုနီဝါဒအရ   ၎င်းတို့ရဲ့  အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မယ့်  အစိုးရနဲ့  အဖွဲ့အစည်းတွေကို  ပုံသဏ္ဌာန် မျိုးစုံနဲ့ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်လျက်ရှိတာ ပကတိဖြစ်ရပ်များက ပြနေသလို  ၎င်းတို့ရဲ့အလိုကို  လိုက်လျောခြင်းမရှိဘဲ  နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုကာကွယ်နေတဲ့ အဖွဲ့အစည်း တွေကို စည်းလုံးမှုပျက်ပြားပြီး  အင်အားချည့်နဲ့အောင် ကြိုးပမ်း လုပ်ဆောင်လျက်ရှိတယ်။ ဒါကြောင့်   နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို  ထမ်းဆောင်နေကြရတဲ့ ရဲဘော်တို့အနေနဲ့ အချင်းချင်းစည်းလုံးညီညွတ်နေဖို့လိုအပ်သလို   တပ်ဖွဲ့အချင်းချင်း ကြားမှာလည်း စည်းလုံးညီညွတ်နေဖို့ လိုအပ်တယ်။ တပ်ရင်း/ တပ်ဖွဲ့ အသီးသီးမှာရှိတဲ့   ခေါင်းဆောင်တွေအနေနဲ့   ကျစ်လျစ်ခိုင်မာတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့ လိုအပ်တယ်။ ဒီလို     ကျစ်လျစ်ခိုင်မာတဲ့      တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှသာ ပေးအပ်လာမယ့် အမိန့်နှင့်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်မှာပဲဖြစ်တယ်။ 


ရဲဘော်တို့


မျက်မှောက်ကာလမှာ သတင်း၊ နည်းပညာနဲ့ ဆက်သွယ်ရေး ကွန်ရက်စနစ်တွေ လျင်မြန်စွာဖွံ့ဖြိုးလာတာနဲ့အတူ လူမှုကွန်ရက် တွေကို တလွဲအသုံးချမှုတွေ များပြားလာလျက်ရှိတယ်။ ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်များနဲ့  အဖွဲ့အစည်းတွေဟာ လူမှုကွန်ရက်ကိုအသုံးပြုပြီး တပ်မတော်ကို နိုင်ငံရေးသိက္ခာကျစေရန်၊ ပြည်သူလူထုယုံကြည်မှု ပျက်ပြားစေရန်နဲ့ အထင်အမြင်လွဲမှားစေရန် ထိုးနှက်တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတယ်။ ဒါကြောင့် တို့တပ်မတော်သားများအပါအဝင် နိုင်ငံသားအားလုံးအနေနဲ့  အခြေအမြစ်မရှိတဲ့   ပြောဆိုရေးသားမှု တွေကို အသိ၊ သတိတွေနဲ့ယှဉ်ပြီး စဉ်းစားဆင်ခြင်နိုင်ဖို့ လိုအပ်တယ်။ တပ်မတော်နဲ့ပြည်သူအကြားမှာ စည်းလုံးညီညွတ်မှု ခိုင်မာမှသာလျှင် တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းတွေကို စွမ်းအားပြည့်ဆောင်ရွက်နိုင် မှာဖြစ်တဲ့အတွက် ရဲဘော်တို့အနေနဲ့ တပ်ပြင်စည်းရုံးရေးလုပ်ငန်းများ ကိုလည်း   အလေးထားဆောင်ရွက်သွားကြဖို့    မှာကြားလိုတယ်။ တပ်မတော်သားတွေအနေနဲ့ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာမှာ စစ်သည်တော်ကျင့်ဝတ်နဲ့အညီ   နေထိုင်ကျင့်ကြံပြီး    တာဝန်ကျရာ နယ်မြေဒေသအသီးသီးမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို စိတ်ရင်း စေတနာမှန်နဲ့ ဆောင်ရွက်ပေးကြရမှာပဲဖြစ်တယ်။


ရဲဘော်တို့


ယနေ့ကမ္ဘာပေါ်ရှိ နေရာအနှံ့အပြားမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခများ ကိုကြည့်ရင် ယခင်က အဏုမြူလက်နက်၊ သမားရိုးကျ လက်နက်များနဲ့ ခြိမ်းခြောက်တဲ့ အခြေအနေကနေ ယခုအခါမှာ နည်းပညာအသုံးပြု စစ်ပွဲသဏ္ဌာန်တွေ၊ အင်အားကြီးသူက အုပ်စုဖွဲ့ပြီး  အင်အားနည်းသူ အပေါ်မှာ အနိုင်ကျင့်လာကြတာတွေ၊ အင်အားနည်းတဲ့နိုင်ငံတွေကို ကြားခံထားပြီး အဲဒီနိုင်ငံတွေရဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေကို နည်းမျိုးစုံနဲ့   ထိန်းချုပ်ဖို့ကြိုးစားတာတွေ  တွေ့ရမယ်။  ဒါကြောင့် နည်းပညာအခြေပြု ခေတ်မီတပ်မတော်ဖြစ်ရေးကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာ   ဆိုတဲ့ဆောင်ပုဒ်အတိုင်း   ကြိုးပမ်းဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်။


ရဲဘော်တို့


နိဂုံးချုပ်အနေနဲ့  ဒီမိုကရေစီအမည်ခံ  ပြည်တွင်းအဖျက်သမား တွေနဲ့ ပြည်ပလက်ဝေခံ အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ဖျက် ချေမှုန်းရင်း  (၇၉)  နှစ်မြောက်    တပ်မတော်နေ့ဦးတည်ချက်တွေ ဖြစ်တဲ့-
-    ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊   အချုပ်အခြာအာဏာ   တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်၏ အမျိုးသား ရေးမူဝါဒအဖြစ်  အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးကာကွယ်စောင့်ရှောက်ရေး။
-    နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာ  ဖူလုံရေး လုပ်ငန်းစဉ်များတွင်   နိုင်ငံတော်အစိုးရ၊   တိုင်းရင်းသား ပြည်သူလူထုတို့နှင့်အတူ  တပ်မတော်သားများအနေဖြင့် ကျရာအခန်းကဏ္ဍများမှ   တက်ကြွစွာ   ပူးပေါင်းပါဝင် ဆောင်ရွက်ရေး။
-    အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ်တပ်မတော်     တည်ဆောက်ရာတွင်   လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် တပ်မတော်၏ လုပ်ငန်းစဉ်များ နှင့်အညီ စွမ်းရည်(၃)ရပ် တိုးတက်မြင့်မားအောင်  အစဉ် တစိုက် အကောင်အထည်ဖော်ဆောင်ရွက်ရေး။
-    နိုင်ငံတော်၏    ပကတိလိုအပ်ချက်ဖြစ်သည့်    တည်ငြိမ် အေးချမ်းရေး၊  စည်းလုံးညီညွတ်ရေးနှင့်   ဖွံ့ဖြိုးတိုးတက် ရေး၊  ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေးအတွက် လွတ်လပ် ပြီး  တရားမျှတသော   ပါတီစုံဒီမိုကရေစီ   အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည် များ ကူညီဆောင်ရွက်ပေးရေး။
ဆိုတဲ့  ဦးတည်ချက်များနဲ့အညီ  ဆက်လက်ဆောင်ရွက်သွား ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်တယ်။          ။