
သတင်းဆောင်းပါး မင်းလွင်ဦး(ပြန်/ဆက်)
ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်း မြို့နယ်သည် တောင်ပေါ်ဒေသဖြစ်၍ မြေပြန့် နည်းသည့်အတွက် လမ်းပန်းဆက်သွယ်ရေး တွင် ခက်ခဲခဲ့မှုကြောင့် ယခင်က ဖွံ့ဖြိုး တိုးတက်မှု နောက်ကျခဲ့သော်လည်း ယခုအခါ နိုင်ငံတော်မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပေးလျက်ရှိရာ ကျေးလက် ကုန်ထုတ်လမ်းများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်ပေးနေသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်ဒေသရှိ ဒေသခံ မိဘပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး စေပြီး ဆင်းရဲမှုနှုန်း ကျဆင်းလာစေရန်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်ကုန် များ စျေးကွက်သို့ စျေးနှုန်းသက်သာ၍ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်အတွက် အထောက်အကူဖြစ်စေရန်၊ ပညာရေး၊ ကျန်းမာရေး လူမှုရေးများအတွက် သွားလာ မှု လွယ်ကူချောမွေ့စေရန်တို့အတွက် ရည် ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ၊ တံတားများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
တန့်ယန်းမြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ပြည်ထောင်စုအစိုးရ ခွင့်ပြု ရန်ပုံငွေဖြင့် မန်ကတ်ကျေးရွာအုပ်စုအတွင်းရှိ နားဆောင်ကျေးရွာ ကျေးလက်ကုန်ထုတ် လမ်းနှင့် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ဖြင့် လုံပုံးကျေးရွာအုပ်စုအတွင်းရှိ ပန်လုံ-လွယ်ကုန်- နောင်စေ ကျေးလက်ကုန်ထုတ် လမ်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွက် ပြည်ထောင်စုအစိုးရ ခွင့်ပြု ရန်ပုံငွေကျပ် ၄၈ ဒသမ ၀၂ သန်းဖြင့် မန်ကတ်ကျေးရွာအုပ်စုအတွင်းရှိ နားဆောင် ကျေးရွာ ကုန်ထုတ်လမ်းကို လမ်းအရှည် တစ်မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ဗြုံးကျောက်ခင်းလမ်းအဖြစ် အသောက ကုမ္ပဏီက တာဝန်ယူဖောက်လုပ်ပေးနေပြီး အဆိုပါလမ်းတွင် အရှည် ၁၄ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၉ ပေရှိ ကွန်ကရစ်တံတား တစ်စင်းနှင့် အကျယ် ၂ ပေ၊ အရှည် ၁၈ ပေရှိ ရေပြွန်တစ်ခုတို့ ပါဝင်သည်။
ကျေးလက် ကုန်ထုတ်လမ်းတစ်ခု ဖြစ်သော လုံပုံးကျေးရွာအုပ်စုအတွင်းရှိ ပန်လုံ- လွယ်ကုန်- နောင်စေ ကျေးလက် ကုန်ထုတ်လမ်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွက် ရှမ်းပြည်နယ် အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၄ ဒသမ ၃၀၇ သန်းဖြင့် RTB ကုမ္ပဏီက တာဝန်ယူ၍ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကုန်ထုတ်လမ်း အရှည် တစ်မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မကို လမ်းအမာခံရရှိနိုင်ရန် အတွက် မြေသားလမ်းတိုးချဲ့ခြင်းနှင့် ဗြုံး ကျောက်ခင်းခြင်းလုပ်ငန်းများကို စံချိန် စံညွှန်းပြည့်မီ၍ အချိန်မီပြီးစီးနိုင်ရန်အတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးဦးခိုင်မင်းထွန်းနှင့် ဝန်ထမ်း မျာက ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိသည်။
မန်ကတ်ကျေးရွာ အုပ်စုအတွင်းရှိ နားဆောင်ကျေးရွာ ကုန်ထုတ်လမ်းနှင့် လုံပုံး ကျေးရွာအုပ်စုအတွင်းရှိ ပန်လုံ- လွယ်ကုန်-နောင်စေ ကျေးလက်ကုန်ထုတ်လမ်းကို ဆောင်ရွက်ပြီးစီးပါက နားဆောင်ကျေးရွာ၊ ပန်လုံကျေးရွာ၊ လွယ်ကုန်ကျေးရွာ၊ နောင်စေ ကျေးရွာနှင့် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများ၏ လယ်ယာထွက်ကုန်များ၊ ဒေသထွက်ကုန်များ ကို စျေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျ စရိတ်သက်သာ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အလျင်အမြန် တင်ပို့နိုင်မည် ဖြစ်ပေသည်။
ထို့ပြင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် ၃ ဒသမ ၈၅ သန်းဖြင့် မိုင်းပတ်ကျေးရွာအုပ်စုအတွင်း မန်လွယ် ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ အကျယ် ၅ ပေ၊ အရှည် ၂၂ ပေ၊ အမြင့် ၅ ပေ ကွန်ကရစ် တံတားတစ်စင်းကိုလည်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်အတွင်းရှိ ကျေးလက်ကုန်ထုတ် လမ်းများအား အခြားသောဌာနများ၏ လမ်း စာရင်းများတွင် ပါဝင်မှု၊ ကျေးရွာနေပြည်သူ များ၏ လမ်းတံတားများ ပြန်လည်ထိန်းသိမ်း မွမ်းမံနိုင်မှုနှင့် သတ်မှတ်လမ်းအကျယ် ရရှိ စေရန်အတွက် မြေယာလှူဒါန်းပေးနိုင်မှုတို့ အပေါ်တွင်မူတည်၍ ရွေးချယ်ဆောင်ရွက်ပေး နေရာ နောက်လာမည့်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် နောင်ဖာကျေးရွာအုပ်စုအတွင်း မတ်ချိနု- ဟွေဟုတ် ကျေးရွာကုန်ထုတ်လမ်းနှင့် နားဟုတ်ကျေးရွာအုပ်စုအတွင်း မန်ကျောင်း- မန်လုံကျေးရွာ ကုန်ထုတ်လမ်းတို့ကို ဆောင် ရွက်ပေးနိုင်ရန် လျာထားပြီးဖြစ်ကြောင်း၊ နောင်လာမည့် ဘဏ္ဍာနှစ်များတွင်လည်း ကျေးလက်နေပြည်သူများ၏ တင်ပြချက် များကို သတ်မှတ်စံချိန်စံညွှန်းများအတိုင်း စိစစ်ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လယ်မြေ ရေရရှိရေး လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေကဲ့သို့သော သီးခြား ရန်ပုံငွေများဖြင့်လည်း ကျေးရွာလူထု၏ တင်ပြချက်များအပေါ် မူတည်ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးခိုင်မင်းထွန်းက ပြောသည်။
ယခုကဲ့သို့ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်ဒေသရှိ ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးစေပြီး ဆင်းရဲမှု နှုန်း ကျဆင်းလာစေရန်၊ လယ်ယာ စိုက်ပျိုး ရေးလုပ်ငန်းမှ ထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာ၍ လွယ်ကူ လျင်မြန်စွာ ပို့ဆောင်နိုင်ရေး အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း/ တံတားများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းကြောင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ အမှန်ပင် ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ပေသည်။