
တန့်ယန်း စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် တွင် မြို့သာယာလှပစေရန်နှင့် ပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြို့နယ်စည်ပင် သာယာရေးဌာနသည် ပန်းခြံများ၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ကွင်းများ၊ လမ်းဆုံများနှင့် လမ်းဘေးဝဲယာတို့တွင် အမြင်တင့်တယ်စေရန် မြေယာရှုခင်းနှင့် ပန်းအလှ စိုက်ခင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဗိုလ်ချုပ်လမ်းမကြီး နှင့် အမှတ်(၁၀)ရပ်ကွက် လမ်းဆုံနေရာ၌ မြန်မာမှုလက်ရာတို့ဖြင့် မြန်မာ့ရိုးရာ ဆွမ်းအုပ် ပုံကို စတင်တည်ဆောက်လျက်ရှိသည်။
ထိုသို့ တည်ဆောက်နေမှုကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက စက်တင်ဘာ ၂၅ ရက်တွင် ကွင်းဆင်းကြည့်ရှုပြီး မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ရှိသူများက တည်ဆောက်မှုများကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ဆွမ်းအုပ်ပုံသည် အမြင့် ၁၂ ပေရှိ မည်ဖြစ်ပြီး မြေယာရှုခင်းပြင်ဆင်ခြင်းများ လည်း ပါဝင်မည်ဖြစ်ကာ စေတနာရှင်ပြည်သူ များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် မြို့နယ် စည်ပင် သာယာရေးဌာနက တာဝန်ယူတည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)