တံတားဦး ဇွန် ၂၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီ မြစ်ရေနှင့် ဒုဋ္ဌဝတီ မြစ်ရေသည် ဇွန် ၂၃ ရက်မှ စတင်၍ တံတားဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းပါး နှင့်နီးသောကျေးရွာများ၊ အခြေခံပညာကျောင်းအချို့ သို့ ရေများစတင်ဝင်ရောက်လျက်ရှိသည်။
ထိုမြစ်ရေဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ် ၌ အခြေခံပညာကျောင်းများဖြစ်သော အ.ထ.က မြေငူမူလွန်လက်ဆောင်ယူကျောင်းနှင့် အ.မ.က ဇီးပင်ကွေ့ကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင် ၍ ခေတ္တယာယီပိတ်ထားကြောင်း၊ မြေငူအခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ၂၁၄ ဦး၊ ကျောင်းသူ ၂၃၄ ဦး၊ မူလွန်လက်ဆောင်ယူကျောင်း တွင် ကျောင်းသား ၁၂၃ ဦး၊ ကျောင်းသူ ၁၀၅ ဦး၊ အ.မ.က ဇီးပင်ကွေ့ကျောင်းတွင် ကျောင်းသား ၄၄ ဦး၊ ကျောင်းသူ ၄၆ ဦးရှိပြီး ထိုကျောင်းသား ကျောင်းသူများအား ရေများပြန်လည်ကျသည့်အခါ စနေနေ့ ကျောင်းပိတ်ရက်များတွင် အစားထိုးဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှ သိရသည်။
အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် တံတားဦး မြို့နယ်၌ ရပ်ကွက်တစ်ရပ်ကွက် ကျေးရွာအုပ်စု ကိုးအုပ်စု ကျေးရွာပေါင်း ၁၇ ရွာရှိ အိမ်ထောင်စုပေါင်း ၃၆၂ စု၊ လူဦးရေပေါင်း ၁၄၇၂ ဦး၊ တိရစ္ဆာန်ပေါင်း ၉၃၈ ကောင်တို့ ကို ရေလွတ်ရာကုန်းမြင့်နေရာများ၊ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင် ရန် စီစဉ်ပေးထားကြောင်း သိရသည်။
ဦးရဲတင့်



