
ဒေါက်တာမြတ်မိုး
တန်ဖိုးရှိတဲ့ လူ့ဘဝတစ်ခုမှာ မိမိတို့ ဘဝတွေကို ဘယ်လိုတန်ဖိုးထားသင့်ကြ ပါသလဲ၊ ဘဝရဲ့တန်ဖိုးတွေကို တိုးတက် အောင်မြှင့်တင်ပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ နေထိုင် ဖြတ်သန်းကြရမယ်မဟုတ်ပါ လား... ။
ဘဝရဲ့အဓိပ္ပာယ်ကို ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ အရိပ်အခြည်မျှမက ယခု ထက်ပိုပြီး တွေးဆသင့်တယ်လို့ မြင်မိပါ တယ်။ မြတ်စွာဘုရားရဲ့အလိုအရ ကျွန်တော်တို့ဟာ ကံနဲ့ ကံရဲ့ အကျိုး အဖြစ် ပြုမူလိုက်တဲ့ စေတနာကံနဲ့စပ်ပြီး ဖြစ်တဲ့အကျိုးတရားကို ဘဝလို့ ယုံကြည် ထားပါတယ်။ ကံကြောင့်ရတဲ့ ကမ္မဘဝနဲ့ ဒီရုပ်၊ ဒီနာမ်၊ ဒီခန္ဓာ ဥပပ္ပတ္တိဘဝရယ်လို့ ဆိုကြစို့ရဲ့၊ လွယ်လွယ်မှတ်ရင် ဘဝဆိုတာ ကံပါပဲ။ ကျွန်တော်တို့နေ့စဉ်ပြုမူမိနေတဲ့ သုစရိုက်၊ ဒုစရိုက်တွေဟာ ကမ္မဘဝတွေပဲ ဖြစ်ပါတယ်။ ယခုတိုက်ရိုက်ရထားတဲ့ဘဝ က ကာမဘဝဖြစ်နေပြီး ကာမဘဝကို ဖြစ်စေတဲ့ ဥပါဒါန်ဟူသော အကြောင်း အကြောင်းတွေနဲ့အတူ ကံတွေလုပ်ခဲ့ကြ လို့ပါပဲ။
လိုချင်လို့ ၊ စွဲလန်းလို့၊ အယူမှားတွေ စွဲစွဲလမ်းလမ်းလက်ခံမိလို့၊ မကောင်းတဲ့ အလေ့အကျင့်တွေကို စွဲစွဲမြဲမြဲလုပ်ခဲ့လို့၊ အတ္တကို တရားသေလက်ကိုင်ထားခဲ့ကြ လို့ ဘာတစ်ခုမှ အကြောင်းမလှခဲ့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားသာသနာနဲ့ ကြုံခိုက် အသစ်အသစ်တွေ တစ်ဘဝပြီး တစ်ဘဝ ပြောင်းနေတိုင်းမှာ တန်ဖိုးရှိမယ့် ဘဝတွေ တည်ဆောက်ခွင့်ရတာကိုက ကံကောင်းလွန်းလှပြီဟုသာ ဆိုရပါတော့ မယ်။
ကိလေသာတွေနဲ့
အများအတွက်အနစ်နာခံ ကိလေသာ နည်းအောင်နဲ့ ဘဝသံသရာမှလွတ်မြောက် ဖို့ ကြိုးစားအားထုတ်မှုအချို့ လေ့လာ တွေ့ရှိရပေမယ့် အင်မတန်နည်းပါးပါ တယ်။ လိုချင်လွန်းအားကြီးလို့ရပြီးတော့ လည်း မပျက်စီးမယုတ်လျော့ရလေ အောင် စောင့်ရှောက်ရပြန်တဲ့ ဒုက္ခတွေ၊ လောကကြီးကနေ မိမိအတွက်ဘာရမလဲ ဆိုတာပဲ အမြဲတွေး၊ မတရားရှာရ၊ ဖွေရ တာတွေ၊ ကိုယ့်ပစ္စည်းတော့ မပေးချင် သူများပစ္စည်းတော့ ယူချင်တဲ့မတော် လောဘတွေ၊ ဒီဘက်ခေတ်မှာ ပေးဖို့ ထက် ယူဖို့ကိုသာ အားသန်လာကြပြီ၊ သူများကိုပေးရတာကိုက အကျိုးမရှိလို့ မြင်သူတွေများလာကြပြီ။ ဒါကြောင့် အများအတွက်ထက် မိမိအတွက်ပဲ ကြည့်လာကြတယ်။ အများနဲ့အတူလုပ်ရ တဲ့ အဖွဲ့လိုက်အလုပ်တွေမှာ အနစ်နာမခံလို တွက်ကတ်တတ်လာပြီး ရှောင်ဖယ်ရတာ ကိုက ဂုဏ်ယူစရာလို့ ထင်လာကြတယ်။
အနာခံဖို့ထက် အသာစံရဖို့က အဓိက ဖြစ်လာခဲ့ရပြီ။ လိုချင်တာမရတော့ သူ့ အကျိုးစီးပွားပျက်ကြောင်း တိုက်ကြ ခိုက်ကြ သတ်ကြဖြတ်ကြပေါ့။ မိမိ ရပိုင်ခွင့်အတွက် သူတစ်ပါးကို ဖျက်ဆီးဖို့ ဝန်မလေး၊ အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစား အပြိုင်အဆိုင် ကြိုးစားကြရင်း ရန်သူတွေဖြစ်ကြရ၊ တစ်ဖန် အမိအဘကို ပြစ်မှား၊ ဆရာ သမားကိုလည်း စော်ကားရဲလာကြပြီ။ ဒီလိုပြစ်မှားလို့လည်း အကုသိုလ်ရဲ့ အကျိုးဆိုတာမရှိ အဓမ္မဝါဒအမျိုးမျိုးပါ တစ်စတစ်စပျံ့နှံ့လာသည်အထိ အယူ မှားကုန်ကြတာ၊ ဒါကြောင့်လည်း အကျင့် တွေပျက်၊ သီလခက်၊ သိက္ခာတွေပါမဲ့ လာကြတယ်ထင်ပါရဲ့။ စင်ကြယ်မှုဆိုတာ အလကား ကိုယ်လုပ်မှကိုယ်စားရ၊ မှန်မှန် မှားမှား ဂရုစိုက်စရာမလို အရှိတရား အလေးထား အသိတရားကို မျက်ကွယ် ပြုတတ်လာကြတာ၊၊
သတိပညာနဲ့အတူ ဘယ်လိုစိတ်ကောင်းထားသင့်ပါသလဲ
ကောင်းတဲ့ကံတွေ ထူထောင်ရင် ကောင်းတဲ့ဘဝရောက်မယ်၊ မကောင်း တာတွေလုပ်မိရင် မကောင်းတဲ့ဘဝ ရောက်ကြရလိမ့်မယ်လို့ ရိုးရိုးလေး သိထားကြပေမယ့် သတိမရှိတော့လည်း လုပ်မိကြပြန်တယ်။ တချို့ကလည်း မသိ လို့ တစ်နည်း ပညာမဲ့လို့ပေါ့။ အကောင်း အဆိုး၊ အကြောင်းအကျိုး အတုအစစ်၊ အကျိုးအပြစ်မသိ ကုသိုလ်အကုသိုလ် မသိ၊ ဒုစရိုက်၊ သုစရိုက်မသိ၊ မဟုတ်တာ ကိုအဟုတ်ထင်၊ မှန်တာကို အမှန်မထင်မှု တွေက လုပ်မိရာရာလုပ်မိတတ်ကြတယ်။
ကုသိုလ်ကို ကုသိုလ်မှန်းမသိတာက တော်ပါသေးတယ်၊ အကုသိုလ်ကို အကုသိုလ်မှန်းမသိတာက ပိုဆိုးတာပေါ့။ ဒါကြောင့် “လူတော်အများ စိတ်ကောင်း ထားလည်း၊ ဤကား ကုသိုလ်၊ အကုသိုလ်၊ ထိုထိုဘုံဘဝ မသိရ၊ များလှအပြစ်တွေ” ဟု ဆရာတော်ကြီးများက မိန့်တော်မူ ခြင်းဖြစ်ကြောင်း နာကြားခဲ့ရဖူးပါတယ်။ ပညာအသိနဲ့အတူ ကိုယ့်ရဲ့လုပ်ငန်း အပေါ်မှာ ဘယ်လိုနှလုံးသွင်းရမယ်၊ ဘယ်လိုစိတ်ကောင်းထားဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို ဆရာတော်ကြီးများက ထောက်ပြခဲ့ခြင်းဖြစ်ပါတယ်။ ထိုအခါ သတိနဲ့ပညာဟာ မိမိဘဝအတွက် အလွန် အရေးကြီးကြောင်းနဲ့ တရားအသိတိုးသည် ထက်တိုးဖို့ လိုအပ်လာကြောင်းလည်း အလေးအနက်ထားမိလာပြန်တယ်။
သတိမရှိတဲ့စိတ်ဟာ မောဟဖြစ်နေ ပါတယ်။ ထို့ကြောင့် သတိရှိခြင်းက အသိ ဉာဏ်ကိုတိုးစေသလို စိတ်ရဲ့အရည်အချင်း တစ်ခုလည်းဖြစ်လာပါတယ်။ သတိရှိနေ ရင် ကိုယ်ဘာလုပ်နေသလဲ၊ ဘာတွေးနေ သလဲ သိနေပါတယ်။ သတိနဲ့ ဉာဏ်ပညာ နုံ့နဲ့ကြတဲ့အခါ လောဘ၊ ဒေါသ၊ မောဟ တွေ ထူပြောလာပြီး မာနတွေပြိုင်၊ မနာလိုဝန်တိုမှုတွေ ဖြစ်ကြရတယ်၊ ယုံမှားသံသယတွေဝင်ကြတယ်၊ အယူ မှားပြီးတွေဝေမိုက်မဲကြတယ်၊ အရှက် အကြောက်မရှိ လုပ်ရဲကိုင်ရဲလာကြတယ်။ ယခုခေတ်ကာလများကိုပဲကြည့်ပါ။
စစ်မက်ဘေး ကိုဗစ်ကပ်နဲ့ ကင်ဆာ တို့လို ရောဂါဆိုးတွေ၊ တောမီးလောင်၊ ငလျင်၊ ရေကြီး စတဲ့ သဘာဝဘေး၊ အငတ် ဘေးကပ်ကြီးများက မကြုံစဖူး ကမ္ဘာ တစ်ဝန်း ခြေဆန့်နေပြီဖြစ်ပါတယ်။ ယနေ့ခေတ်လူတွေမှာ အတွင်းအပြင် ပဋိပက္ခနဲ့ ဖိစီးမှုတွေက ပိုများလာတယ်။ မိမိကချည်း အသာရလိုစိတ်နဲ့ စိတ်ထား ညံ့သူတွေချည်း ပြိုင်ကြဆိုင်ကြတဲ့ ဝန်းကျင်မှာ ငြိမ်းချမ်းမှုမရှိတာ မဆန်းပါ ဘူး။ နောက်ဆုံးပျက်စီးမှုတွေနဲ့သာ ပူလောင်ကြရပြီး လူတွေရဲ့သက်တမ်း လည်း တဖြည်းဖြည်းတိုတောင်းလာတာ တွေ့ရတယ်။
ထိုမျှမက ရှည်လျားလှတဲ့ သံသရာ ခရီးရှည်ကြီးမှာ ဘဝပေါင်းများစွာ အတွက် မစဉ်းစားဘဲ တစ်ဘဝစာပဲ စဉ်းစားကြလို့ ဖြစ်ပါလိမ့်မယ်။ မြင်အောင် ကြည့်ရင် ကိုယ့်ထက်ဒုက္ခရောက်ဆင်းရဲ နေရသူတွေ၊ ကရုဏာထားရမယ့်သူတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိသလို သူလို ကိုယ်လို မေတ္တာထားရမယ့်သူတွေလည်း များစွာရှိနေပါတယ်။ မေတ္တာဆိုတာ သူတစ်ပါးကို အဆင်ပြေပါစေဆိုတဲ့စိတ်နဲ့ သူ့အကျိုးကို လိုလိုလားလား ဆောင်ရွက် ပေးတတ်တဲ့တရားမို့ အခုလို အများ အကျိုး အဓိကထားသူတွေဟာ မေတ္တာ ပါရမီရှိသူတွေပါပဲ။ မချစ်မမုန်း၊ ချမ်းသာ ဆင်းရဲကြား အလယ်အလတ်သဘော ထား ရှိတာနဲ့ မရှိတာအကြား၊ အပူနဲ့ အအေးကြား တစ်တန်းတည်းထားနိုင်သူ တွေဟာ ဥပေက္ခာပါရမီ ရင့်သန်သူတွေ ဖြစ်ကြပြီး တကယ်လည်း အဂတိတရား ကင်းသူတွေလည်း ဖြစ်နေတတ်ပါတယ်။ ဥပေက္ခာသဘောဟာ သည်းခံခြင်း၊ ခန္တီ နှင့်လည်း ဆက်စပ်တယ်ဆိုတာ လေ့လာ မိတယ်။
ဘာလုပ်လုပ် ဘာစိတ်နဲ့ လုပ်နေသလဲဆိုတာက အရေးကြီး
ဒါတွေအားလုံး လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရား ဆိုးတွေကြောင့်ဖြစ်ရတာ။ ဘာလုပ်လုပ် မိမိဘာစိတ်နဲ့ လုပ်နေသလဲဆိုတဲ့အချက် က အရေးကြီးပါတယ်။ ကုသိုလ်စိတ်နဲ့ လား၊ အကုသိုလ်စိတ်နဲ့လားပေါ့။ မိမိ ထားလိုက်တဲ့ ကုသိုလ်၊ အကုသိုလ်စိတ် အပေါ်မှာသာမူတည်ပြီး ကုသိုလ်၊ အကုသိုလ်ကံမြောက်သွားခြင်း ဖြစ်ပါ တယ်။ စိတ်မှာသတိရှိပြီးနေလိုက်ခြင်းက ချမ်းသာခြင်းအစစ်ကို ပေးတဲ့အတွက် ကိုယ်ထားလိုက်တဲ့စိတ်ကပဲ မိမိကို မိတ်ဆွေ သို့မဟုတ် ရန်သူအဖြစ် ရောက် သွားစေတာပါ။
ထိုစိတ်နှစ်ခု ကွဲကွဲပြားပြားနဲ့ ခွဲခြား နိုင်ဖို့က သတိတစ်ခုက အရေးကြီးကြောင်း တော့ သိပြီးဖြစ်မှာပါ။ ဒါကြောင့်လည်း သတိဆိုတဲ့တရားလေးတစ်ခု ထူထောင် ဖို့ ဘာဝနာအတွက် အချိန်ပေး၊ နေရာပေး သတိပဋ္ဌာန်နည်းအားဖြင့် ကြိုးစား အားထုတ်ကြခြင်း ဖြစ်ဟန်တူပါတယ်။ ရလာတဲ့အကျိုးတရားက သတိအပြင် ဝီရိယပါထားတတ်လာခြင်းပါ။ ဝီရိယရဲ့ အကျိုးကျေးဇူးက မဖြစ်သေးတဲ့အကုသိုလ် မပြုဖြစ်အောင်၊ ဖြစ်ပြီးတဲ့ အကုသိုလ် ဆက်ပြီးမဖြစ် ပယ်သတ်နိုင်အောင်၊ ပြုပြီး ကုသိုလ် ဆက်ပြီးတည်တံ့တိုးပွားအောင်၊ မပြုရသေးတဲ့ကုသိုလ် ပြုဖြစ်သွားအောင် လုံ့လ၊ ဝီရိယစိုက်ထုတ်ခြင်းဆိုတဲ့ စိတ်စွမ်းအားကို ပေးပါတယ်။ ဒါန၊ သီလ၊ ဘဝနာကုသိုလ်အလုပ်တွေမှာ လှူပြီးရင်း လှူ၊ ဆောက်တည်ပြီးရင်း ဆောက်တည်၊ ပွားပြီးရင်းပွားနေတဲ့ ကုသိုလ်အလုပ်တွေ ဟာ ဝီရိယကြောင့်ပါပဲ။
ဒါကြောင့်ပဲ အချို့သောပါရမီရှင် (အများအတွက်၊ သံသရာအတွက်၊ သာသနာအတွက် မြင့်မြတ်သောအလုပ် ကိုလုပ်သူ) တွေဟာ မိမိရဲ့ခန္ဓာအသက် ကိုပင်မငဲ့ဘဲ ဒါန၊ သီလ၊ ဘာဝနာအလုပ် တွေကို အားထုတ်ကြခြင်းဖြစ်ပါတယ်။ သူတို့ဟာ လောကအပေါ်သစ္စာရှိပြီး လောကအကျိုးအတွက် အဓိဋ္ဌာန်ထားသူ တွေပါ။ ဆင်းရဲသူ၊ ပစ္စည်းဥစ္စာချို့တဲ့သူ၊ ငယ်ရွယ်သူကို ဘယ်လိုအကြောင်းပဲရှိရှိ၊ မိမိထက်နိမ့်ပါးသူအဖြစ် သဘောထား ပေးကမ်းစွန့်ကြဲခြင်းဟာ သူတော်ကောင်း တို့ရဲ့ စိတ်နေသဘောထားတွေပါပဲ။ မိမိထက် အသက်ကြီး ကျေးဇူးရှိဖူးသူကို ဆရာသမား၊ မိဘလိုသဘောထား၊ ဂါရဝ ထားကန်တော့ခြင်းဟာလည်း မြင့်မြတ် တဲ့အလုပ်တွေပဲဖြစ်ပြီး ကျေးဇူးသိတတ် ခြင်းဟာ ကုသိုလ်စိတ်လို့ ဆရာတော်များ ဟောကြားချက်များစွာ ရှိပါတယ်။ ဘယ်လို ကုသိုလ်ကောင်းမှုပင်ဖြစ်ပါစေ။ သံသရာမှလွတ်မြောက်ကြောင်း သံသရာ အတွက်ရည်မှန်းမှသာလျှင် ဉာဏ်နဲ့ ယှဉ်တဲ့ ပါရမီမြောက်ကြောင်းကို မှတ်သား နာယူဖူးပါတယ်။
ဒီဆောင်းပါးရဲ့လိုရင်းအနှစ်သာရကတော့ ဆရာတော်ကြီးများရဲ့ ဓမ္မတရား များကို နာယူသင်ကြားပြီး ရရှိလာတဲ့ အသိတွေနဲ့အတူ မိမိတို့လက်ရှိပစ္စုပ္ပန် ဘဝမှာ ပိုင်ဆိုင်ထားတဲ့ ဘဝတန်ဖိုးကို အဓိပ္ပာယ်ရှိရှိ အသုံးချစေချင်တာပါပဲ။ အတိတ်ကံကောင်းလို့ ရခဲလှတဲ့လူ့ဘဝ မှာ ကိလေသာတရားဆိုးတွေကို တတ်နိုင် သမျှလျှော့ချပြီး မြင့်မြတ်တဲ့ စိတ်ထား ကောင်းနဲ့ မြင့်မြင့်မြတ်မြတ်အလုပ်တွေ ကို လုပ်သွားနိုင်အောင် ထပ်ဆင့်မျှဝေရ ခြင်းဖြစ်ပါတယ်။
မြင့်မြတ်တဲ့အလုပ်နဲ့ ကိလေသာတိုး တဲ့အလုပ်နှစ်ခုကြား များစွာကွာဟတဲ့ အတွက် ဖြည့်ဆည်းရန် အဓိကလိုအပ် နေတဲ့ အချက်နှစ်ချက်ကိုသာ ဦးတည် သင့်ပါတယ်။ မိမိအကျိုးထက် အများ အကျိုးကို ပိုပြီးစဉ်းစားနိုင်ရန်နဲ့ ကိုယ့် ဘက်က အသာစံရဖို့ထက် အနာခံတဲ့ စိတ်တွေပွားများစေလိုရင်းဖြစ်ပါတယ်။ အများအကျိုးအတွက်ရည်ရွယ်ရင် အများ ရဲ့ မေတ္တာကိုရပါတယ်။ လုပ်တဲ့အလုပ်မှာ သာ ဘဝသံသရာကလွတ်မြောက်ပါစေ၊ သာသနာအတွက်ဖြစ်ပါစေဆိုတဲ့ ရေရှည် ရည်မှန်းချက်လေး ထားလိုက်ရင်ကို ပညာပါတဲ့ ကုသိုလ်ဖြစ်သွားပါပြီ။ အသီးသီးဟာ လောကကြီးကိုမဆိုနဲ့ဦး၊ ကိုယ်နေထိုင်တဲ့ လူ့အဖွဲ့အစည်းလေး အတွင်းမှာပဲ အနစ်နာခံပြီး အများ အတွက်ဆိုတဲ့ ခံယူချက်လေးနှစ်ခုကို ကြိုးစားအားထုတ် ဖြည့်ဆည်းရုံနဲ့ မိမိရဲ့ အနာဂတ်ဘဝ ကော မိမိတို့လူ့အဖွဲ့အစည်းမှာပါ အထိုက်အလျောက် ငြိမ်းချမ်းသာယာ လှပနေမှာ သေချာပါတယ်။
ကပ်ဆိုးဘေးဆိုးတွေကို ရှောင်လို့ရနိုင်တော့မှာမဟုတ်ပေမယ့် ကုသိုလ် ကောင်းမှုတွေ များများလုပ်ကြရင်တော့ တစ်လောကလုံးအတွက်မဟုတ်တောင် မိမိလူ့အဖွဲ့အစည်းလေးကိုတော့ ပြင်နိုင် ပါသေးတယ်။ လက်တွေ့ကျကျနဲ့ ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ဖို့ကတော့ ယနေ့ မြင်နေ၊ တွေ့နေရတဲ့ လူကြီး သက်လတ်နှောင်းလူတွေထက် မိမိတို့ သားသမီးအရွယ် အပြစ်ကင်းရိုးသား ပရိယာယ်မာယာကင်းတဲ့ ကလေး သူငယ် အနာဂတ်မျိုးဆက်တွေကို ဦးစားပေးပစ်မှတ်ထား အချိန်မီ သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ပေး ရမယ့် အချိန်တန်ပြီဆိုတဲ့အချက်ပါပဲ။
သင်ကြားရေးနဲ့အတူ စိတ်ဓာတ် ရေးရာတွေကိုပြင်ပြီး အများအကျိုး အတွက် အနစ်နာခံမယ့် ပါရမီရှင် မျိုးဆက်တွေကို မွေးထုတ်ဖို့ အသင့်ဖြစ် ရပါတော့မယ်။ ယူဖို့လွယ်ပြီး ပေးဖို့ခက် တတ်ကြတဲ့အတွက် အနစ်နာခံတတ်ဖို့နဲ့ အများအကျိုးအတွက် လုပ်ကိုင်ခြင်း ဆိုတာ အတော်မလွယ်ကူတဲ့အလုပ်ပါ၊ အချိန်များစွာယူပြီး လေ့ကျင့်ယူရတဲ့ သဘောရှိပါတယ်။ စိတ်ရဲ့အရည်အချင်း တွေနဲ့ မြင့်မြင့်မားမားလုပ်ကြမှသာ ကိုယ်လုပ်တဲ့အလုပ်ဟာ ကုသိုလ်ဖြစ်ပြီး သံသရာတစ်လျှောက် ကောင်းသော အကျိုးတွေရရှိနိုင်မှာ မဟုတ်ပါလား။ အများအတွက်ဖြည့်ဆည်းလျက် မရပ် တန့်တဲ့မိမိတို့ရဲ့ဘဝတွေမှာ ယခုဘဝ သာမက နောင်နောင်ဘဝတွေအထိပါ ကောင်းသောအကျိုးသက်ရောက်မယ့် ပစ္စုပ္ပန်ကုသိုလ်ကံတွေကို ဝီရိယထား ထူထောင်ပြီး အလင်းကနေအလင်းကို ရွေ့နိုင်အောင်ကြိုးစားကြရပါတော့မယ်။
ယခုရရှိနေတဲ့ဘဝကို ကုသိုလ်တရား နဲ့အလှဆင်နိုင်မှသာ ဘဝရဲ့တန်ဖိုးဟာ မြင့်လာမှာပါ။ အမှန်က မိမိတို့အသက် ရှင်နေသမျှ ပြုနေတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေကို ကုသိုလ်မြောက်အောင် သတိဆိုတဲ့တရားနဲ့ ကာရံထားနိုင်ရင် အကုသိုလ်ဆိုတာ ဝင်နိုင်ဖို့မလွယ်ပါဘူး။ ယခုလို နှစ်ခြမ်း၊ သုံးခြမ်းကွဲနေတဲ့ ကမ္ဘာ ကြီးနဲ့ လူ့အဖွဲ့အစည်းတွေမှာ တူရာတူရာ စုကြစတမ်းဆို အနာခံပြီး အများအတွက် လုပ်တတ်ကြတဲ့ ကုသိုလ်ရေးများတဲ့ မြင့်မြတ်သူတွေဘက်မှာသာ ပါပြီး လောကကြီးအတွက် မိမိတို့ရဲ့ဘဝတွေ ကို စတေးနိုင်အောင် ခံယူကြပါစို့လား။ သို့မှသာ သံသရာမှ လွတ်မြောက်ကြောင်း အထောက်အပံ့ကောင်းလေးတစ်ခုကို မလွဲဧကန် ရရှိလာနိုင်မှာဖြစ်ပါတယ်။
(အများအတွက်အနစ်နာခံ၊ ဘဝ သံသရာမှ လွတ်မြောက်ရန်နဲ့ သာသနာ အတွက် ရည်သန်ကြိုးစားအားထုတ်နေ ကြသော သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာ၊ ဆရာတော် သံဃာတော်များ၊ ဆရာ ဆရာမများအား ရိုသေလေးစား ဂါရဝပြု ကန်တော့အပ်ပါသည်။ )
- Log in to post comments