တန်ဖိုးဟူသည်

Type

 

 

 

ကျော်(မြစ်ဝကျွန်းပေါ်)

 

 

တစ်နေ့သော ညနေချမ်းတွင် မိုးသည် သဲသဲမဲမဲရွာနေ၏။ မိုးရာသီပဲ ရွာမှာပေါ့ဟု အားပေးသူများလည်း ရှိကြသည်။ မိုးသည် လယ်သမားများအတွက် အားဆေးတစ်ခွက်ဖြစ်မည်။ ကျွန်တော်တို့လို အဓိပတိလမ်းမပေါ် လမ်းလျှောက်လိုသူများအတွက် အဖျက်သမားဖြစ်မည်။ လမ်းဘေးဈေးသည်များအဖို့ မဟာရန်သူမည်၏။ မိုးခေါင်ရေရှား စိုက်ပျိုးရေး သမားများအတွက် အနဂ္ဃရတနာထိုက်မည်။ ထိုစဉ် ခိုင်ထူးသီချင်းထဲက “မှောင်မိုက်ခြင်းရဲ့အဓိပ္ပာယ် အလင်းတန်းတွေ့တဲ့အခါ သိလိမ့်မယ်”ဆိုသည့် သီချင်းပိုဒ်ကလေးကို အကြိမ်ကြိမ် ရွတ်ဆိုမိခဲ့သည်။ မှန်ပါပေ၏။ အခုလည်း အချို့က မိုးကို အပြစ်တင်ကြ၊ မုန်းတီးကြ၊ အားပေးကြနှင့် အရောင်အသွေး စုံလှ၏။ အကယ်၍ မိုးသာမရွာဘဲ ကြာနေပါက တမ်းတကြမည်။ ကျွန်တော်လည်း ရှေ့ဆုံးကပါ ပါလိမ့်မည်။

အတိတ်ကို ခြေဆန့်စေခဲ့

ရန်ကုန်မိုးက ကျွန်တော့်အတိတ်ကို ခြေဆန့်စေခဲ့ သည်။ လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်ကို ပြန်ရောက်သွား သည်။ ကျွန်တော့်ဇာတိရွာက ငဝန်မြစ်ကို မေးတင်ကာ တည်ရှိနေသည်။ ရှေးက ကမ်းပြိုလိုက်၊ ရွှေ့လိုက်နှင့် ရွာကလေးသည် ဣန္ဒြေမရခဲ့။ ငဝန်မြစ်ရေပြင်ကို အိမ်ပေါ်ကနေ ခပ်ငေးငေး ကြည့်နေမိသည်။ ရွာလေးက လည်း ကမ်းနဖူးမှာ ငုတ်တုတ်ပဲရှိနေလျက်။ ဆီမီးတိုင် မှာ အဖူးတက်၍ မှိတ်တုတ်မှိတ်တုတ်နှင့် တိတ်ဆိတ် လှ၏။

ထိုအချိန်က ရေနံဆီတစ်ဆယ်ကျပ်သား ပြား ငါးဆယ်ဖြစ်လိမ့်မည်။ ကျွန်တော်တို့မိသားစု ရှစ် ယောက်ရှိ အိမ်ကို ရေနံဆီငါးကျပ်သား နှစ်ဆယ့်ငါးပြား ဖိုးသာ သုံးနိုင်သည်။ စောစောအိပ်ရာဝင်ကြရ။ မအိပ်ပါက အမှောင်ထဲမှာ နေရသည်။ မိုးရာသီ မိုးမှောင် ကျလျှင် ဒုက္ခရောက်မြဲဖြစ်သည်။ ကျွန်တော်လည်း အမှောင်ထုကို ဆီမီးခွက်ဖြင့်သာ ဖြိုခွင်းပြီး စာကျက် ရသည်။ ဤသို့ဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ ရသည်။

ထို့နောက် ဟင်္သာတကောလိပ်ကို တက်ရောက်ခဲ့ရ ပါသည်။ အဆောင်နေခွင့်လည်းရခဲ့၏။ ထိုစဉ် ကောလိပ် ကျောင်းသား ကျောင်းသူများသည် မီးဖွင့်ပြီး အခန်း လည်ကြ။ ပန်ကာဖွင့်ပြီး အပြင်ထွက်ကြသည်ကို တွေ့တိုင်း ကျွန်တော်အသည်းယားမိ၏။ ရက်စက်ကြ ပါဘိ။ မီး၏ တန်ဖိုးကို မသိကြ။ “မီးမရှိတဲ့နေရာမှာ မနေဖူး လို့ပဲ”ဟု တွေးမိ၏။ တစ်နေ့သော နံနက် စောစောမှာ ဘူတာဘက်ကို လမ်းလျှောက်ထွက်ခဲ့၏။ အဆိုပါလမ်းရှိ ပြည်ထောင်စုဘော်ဒါဆောင်က စာကျက်သံ ကြားရသည်။ မီးများလည်း ထိန်နေသည်။ “ဪ... ငါ့ဘဝနဲ့ ခြားပါလား” ဟုတွေးမိသည်။ ကျွန်တော် က ရွာမှာ အဖူးတက်နေသည့် ဆီမီးခွက်မှိန်မှိန်နှင့်သာ စာကြည့်ရသည်။ မီး၏တန်ဖိုးကို သိခဲ့သည် ။ “ကောလိပ် မှာတော့ ရွာက ဘုရားပွဲထက်တောင် မီးကထိန်ထိန်လင်းလို့ ပါလား”။ “ငါ့ရွာမှာ အဲဒီလို မီးထိန်ထိန်နဲ့ စာကျက်ရရင် ကောင်းမှာပဲ”ဟု ရေရွတ်မိ၏။ ထိုသို့ ငယ်စဉ်က အခက်အခဲ များဖြင့် ကြုံခဲ့ရသောကြောင့် တန်ဖိုးကိုပိုသိလာသည်ဟု ဆိုနိုင်ပါလိမ့်မည်။

ဓာတ်သက်သွားရာ ပညတ်ပါ

ကျွန်တော်လည်း ကျောင်းသားဘဝ ဝန်ထမ်းဌာန ဆိုသည့်အတိုင်း စီးမျောခဲ့သည်။ ထိုသို့ ကျင်လည်ခဲ့သည့် အထဲတွင် ရန်ကုန်တက္ကသိုလ်သည် ကျွန်တော့်အတွက် မှတ်မှတ်ထင်ထင်ပဲ ဖြစ်သည်။ အများပြောသံကိုလည်း ကြားခဲ့ဖူးသည်။ စာအုပ်များထဲမှာလည်း ဖတ်ခဲ့ဖူး၏။ ရုပ်ရှင် ထဲမှာလည်း တစ်ခါတစ်ရံ မြင်ခဲ့ဖူး၏။ တစ်နယ်တည်းဖွား တက္ကသိုလ်ကျောင်းသား ဗိုလ်အောင်ကျော် အကြောင်း ဖတ်ဖူး၏။ ပို၍လည်း သိခဲ့ရသည်။ အင်္ဂပူသားချင်းမို့ သတိ ပြုမိခဲ့သည်။ ထိုစဉ်က စတုတ္ထတန်း သမိုင်းဆရာ၏ အသင် အပြ ကောင်းခြင်းကြောင့်လည်း ဖြစ်မည်။ သမိုင်းဘာသာ ရပ်ကို ကျွန်တော်ချစ်ခဲ့မိသည်။ ထိုသမိုင်းထဲက ရန်ကုန် တက္ကသိုလ်ကို ပို၍မြတ်နိုးမိ၏။ ရန်ကုန်တက္ကသိုလ်ကျောင်း သားများကို အားကျမိ၏။ ရောက်ဖူးချင်သည်။ မျက်မြင် ဓိဋ္ဌတွေ့လို၏။ လက်တွေ့ကျကျ တတ်နိုင်သမျှ ပါဝင် လုပ်ဆောင်လိုသည်။ အခုတော့ ဓာတ်သက်သွားရာ ပညတ် ပါဆိုသလို တာဝန်ထမ်းဆောင်ခွင့်ရနေခဲ့ပါပြီ။

သမိုင်းအတွက်လည်း တန်ဖိုးကြီးလှ

ရန်ကုန်တက္ကသိုလ်သည် မြန်မာပြည်အတွက် လည်း တာဝန်ကျေသည်။ သမိုင်းအတွက်လည်း တန်ဖိုးကြီးလှသည်။ တစ်ဦးချင်းအတွက်လည်း ကျေးဇူး များခဲ့သည်။ ကျွန်တော့်အတွက်တော့ မေ့လည်းမရ။ တန်ဖိုးလည်းဖြတ်မရပေ။ ရူးသည်ဟုဆိုလည်း ကျေကျေနပ်နပ် လက်ခံပါမည်။ မိမိခြေသလုံးကို အကြောင်းပြုပြီး လေးမိုင်ခရီးကို နေ့စဉ်ကျောင်းတက် ခဲ့ရသည်။ ဆီမီးတိုင်နှင့် စာဖတ်ရသည်။ ဘဝသည် ခါးသီးလှ၏။ အဆိုပါဒဏ်ရာများ၏ တွန်းအားက ခွန်အားကို မွေးဖွားပေးခဲ့သည်။ ကျွန်တော့်ရွာကို အထက်တန်းကျောင်းရအောင် သူငယ်ချင်းများနှင့် ကြိုးပမ်းခဲ့ရသည်။ အထက်တန်းကျောင်းလည်း ရခဲ့ပါပြီ။ ကျွန်တော်လည်း ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်း ခွင့် ကြုံခဲ့ပါသည်။ ရွာကျောင်းမှာ လှပဖို့ ပန်းပင်စိုက်၏။ အရိပ်ရဖို့ သစ်ပင်စိုက်ရာတွင် “ ငါ့ရွာက ကျောင်းထဲမှာ စိုက်တဲ့အပင်ဟာ ရန်ကုန်တက္ကသိုလ်ထဲက အပင်သာ ဖြစ်ရမယ်”ဟု ခံယူထား၏။ ရေတမာပင်များကို နုတ်ပြီး ရွာမှာစိုက်မိသည်။ ရှင်လည်းရှင်နေပြီ။ ထိုသို့ မြတ်မြတ် နိုးနိုး ရူးခဲ့ဖူးသည်။ ကျေလည်း ကျေနပ်မိခဲ့သည်။

ထို့အပြင် ထီး၊ လွယ်အိတ်၊ အင်္ကျီ၊ စာအုပ်၊ ဦးထုပ် တို့မှာ ဒေါင်းတံဆိပ်နဲ့ ရန်ကုန်တက္ကသိုလ် စာလုံးတွေ့ လျှင် ငေးမိ၏။ တန်ဖိုးလည်းထား၏။

 

 

အရူးမှန်ရ၊ မျောက်အုန်းသီးရသလို ပျော်မိသည်။ ကျွန်တော့်လို ရွာသားက ဤမျှမြတ်နိုးနေလျှင် အခြား သော အသိဉာဏ်ကြီးမားသူများအတွက် ဆိုနိုင်ဖွယ်ရာ မရှိ။ ဤတက္ကသိုလ်ကြောင့် မြန်မာပြည် လွတ်လပ်ခဲ့ရ သည်။ တက္ကသိုလ်များ၏ မိခင်။ သင်ရိုး အားလုံး၏ ဖခင်။ ပြည်သူတို့၏ နှလုံးသား။ ခေါင်းဆောင်ကောင်းတို့ ၏ သန္ဓေစ။ ပညာရှင်တို့၏ မွေးရပ်မြေ။ နိုင်ငံတကာနှင့် ချိတ်ဆက်ပေးရ။ ကျောင်းသား ကျောင်းသူတို့၏ ဘူမိ နက်သန်ဖြစ်ခဲ့သည်။ ဤသို့များပြားလှသော ဂုဏ်၊ တန်ဖိုးတို့ကို သိရပြီး အံ့ဩမိ၏။

တာဝန်ကိုယ်စီရှိ

တစ်ထောင်တန်၊ တစ်သောင်းတန်တို့သည် ဖလှယ် ရန်အတွက်ပဲ အသုံးဝင်သည်။ ညီမျှခြင်း ဂုဏ်သတ္တိသာ ရှိကြသည်။ ရန်ကုန်တက္ကသိုလ်ကြီးသည် ထိုသို့ ညီမျှခြင်း ချ၍ မရနိုင်ပေ။ သမိုင်းတန်ဖိုးသည် အလျော်အစားပြုလို့ မရ။ အလွန်ကြီးမား၏။ မြင့်လည်း မြင့်မြတ်ပါပေ၏။ တုပြိုင်လို့ လည်း မမီနိုင်ပါ။ တန်ဖိုးသိမှသာ တန်ဖိုးရှိမည်။ ကျွန်တော်သည် ကျောင်းသားအဖြစ်နှင့် မကြုံခဲ့ရ။ ဝန်ထမ်းအဖြစ်နှင့်သာ ရာပြည့်သဘင်ကို ဆုံခဲ့ရပါသည်။ တစ်ဆက်တည်းပင် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ကိုလည်း သွားရောက် တာဝန်ထမ်းခဲ့ရပါသည်။ လှိုင်နယ်မြေသည် စာပေအနုပညာရှင်များကို မွေးဖွား ပေးခဲ့၏။ သူ့မှာလည်း သူ့ဂုဏ်ဒြပ် ရှိပြီးသားဖြစ်သည်။ “ငါလည်း ငါ့တာဝန် ငါ့အလုပ် ငါ့စေတနာသည် ငါ့ဂုဏ်ဒြပ် ငါ့ကိုဟပ်မှာပဲ”ဟု တီးတိုးရွတ်ဆိုမိ၏။ စာကိုလည်းသင်၊ စိတ်လည်းပြင်ပေးမည်။ မလိုအပ်ဘဲ “မီး၊ ရေများ ပွင့်နေ၊ လျှံနေလျှင် ငါ့မှာ တာဝန်ရှိသည်”ဟု တွေးမိသည်။ ကျောင်းသား ကျောင်းသူအားလုံးမှာ လည်း တာဝန်ကိုယ်စီရှိပေသည်။

“ဒါငါ့တက္ကသိုလ်၊ ငါ့စာသင်ခန်း၊ ငါ့အိမ်လို” သဘော ထားရမည်။ သို့မှသာ ငါတို့ဂုဏ်မြင့် ဂုဏ်တင့်လာမည်ဟု တွေးစေချင်၏။ စာသင်ချိန်တိုင်း ကျွန်တော်ပြောမိသည် မှာ “လူကြီးကအစ လမ်းထဲတံမြက်လှည်းသူအထိ ကိုယ့်အလုပ်ကို ရိုသေ။ ကိုယ့်နေရာကို တန်ဖိုးထား” အဲဒါမှ “တန်ဖိုးရှိတဲ့ နိုင်ငံသားဖြစ်လိမ့်မယ်”ဟု ပြောခဲ့ဖူး သည်။ တက္ကသိုလ် ကျောင်းသား ကျောင်းသူကို အများ က လေးစားကြသည်။ ထိုအထဲမှ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူဆိုလျှင် အထူးသတိပြုမိကြ သည်။ အရှိန်အဝါကြီးမြတ်ခြင်း၏ ဂုဏ်ပုဒ်ဖြစ်သည်။ လွယ်လွယ်ရလာခြင်း မဟုတ်။ ပြည်သူများ၏ နှလုံးသားမှ ပေါက်ဖွားလာခြင်းဖြစ်သည်။

တန်ဖိုးထားရမည်

ကျွန်တော်က ရန်ကုန်တက္ကသိုလ်ကပါ ဆိုလျှင် ကြည့်သူက ကျွန်တော့်ကိုမမြင် ကိုအောင်ဆန်း၊ ကိုနု ကိုသာ မြင်၏။ အဆောင် ကပါဆိုလျှင် ပဲခူးဆောင်ကို ပြေးမြင်မိ၏။ ထို့အတူ ပန်းတနော်ကပါ ဆိုလျှင် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဦးသန့်ကိုသာ မြင် မည်။ ဂုဏ်ဒြပ်၏ တန်ဖိုး သည် ကြီးမားလှသည်။ ယနေ့ ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူ အရာထမ်း၊ အမှုထမ်းများကို လည်း ဂုဏ်ရောင်ဟပ်လျက် ရှိသည်။ ထိုဂုဏ်ရောင်၏ တန်ဖိုးကို သိရပေမည်။ အခြားတက္ကသိုလ်များမှာ မရ နိုင်သည့်အတွက် မြတ်မြတ် နိုးနိုး တန်ဖိုးထားရမည်။ တန်ဖိုး ဟူသည်ကို “ကျွန်တော် ကတော့ အသုံး တည့်ခြင်း”ဟု ယူဆမိပါ သည်။ ဤတက္ကသိုလ်ကြီး သည် မြန်မာပြည်အတွက် မည်မျှအသုံး တည့်သည်၊ မည်မျှ လိုအပ်သည်ကို တွေးကြည့်မိ၏။ တွေးလေ တွေးလေ တန်ဖိုးမြင့်လေ၏။

ဤမျှ ကြီးမားသည့် ဝိသေသကို သိရပြီ။ ကျောင်းသားများကိုလည်း သိစေချင်၏။ ပြောလည်း ပြောလိုသည်။ တစ်နေ့မှာ လူတွေ့ မေးမြန်းရာတွင် “ကျောင်းသားများနဲ့ တွေ့ ချင်တာရယ်။ ဤတက္ကသိုလ်ရဲ့ အဆောင်တာဝန်များကို ထမ်းဆောင်ဖူးချင်တာရယ်”ဟု ဖြေခဲ့သည်။ ပြောသည့် အတိုင်း စတွေ့ပါပြီ။ တိုင်းနှင့် ပြည်နယ်ဒေသအနှံ့က လာရောက်ကြသည့် မတစ်ထောင်သားများဖြစ်ကြ၏။ သူတို့မိဘမျိုးရိုးအသိုင်းအဝိုင်းလည်း ကျွန်တော်မသိ။ သူတို့ထုံးစံလည်း နားမလည်။ ကျွန်တော်ပြောချင်တာက “မိမိကြောင့် သူတစ်ပါးအနှောင့်အယှက် မဖြစ်စေရ၊ မဆူ ညံရ၊ ထူးချွန်အောင် ကြိုးစားကြ၊ အများစုနှင့်နေတာ မိမိစိတ်တိုင်းမကျနိုင်၊ မိဘချွေးကို ခြေမဆေးမိစေနဲ့၊ မီး၊ ရေ မလေလွင့်စေရ၊ မိမိပစ္စည်းလို သဘောထား၊ မိသားစုလို မြင်စေလိုတယ်” ဟု ပြောဖြစ်သည်။ အများစုက လက်တွေ့ ကျင့်သုံးကြသည်။ အချို့သည် ပြောတုန်းခဏ ဗီဇကိုက မမှန်ကြပါ။ တက္ကသိုလ်ကြီးကို အားနာမိ၏။ မိဘများကို သနားမိသည်။ နိုင်ငံအတွက် ရင်လေးမိ၏။ အဆောင် အတွက် စိတ်မကောင်းဖြစ်မိသည်။ ကျောင်းသားဂုဏ်ကို မသိ၊ အဆောင်ကျေးဇူးကို နားမလည်၊ တက္ကသိုလ်၏ တန်ဖိုးကို မမြင်ခြင်းဟု တွေးမိသည်။

ဘဝလည်းမြင့်၊ ဂုဏ်လည်းတင့်

ထို့အပြင် သန့်ရှင်းရေးဝန်ထမ်းများကိုလည်း “လုပ်ငန်း အပေါ် စေတနာသန့်ရင် အကျိုးပေးတယ်။” “ဆရာ ကျောင်းသားဆိုပေမယ့် စိတ်ထားညံ့ရင် အကျိုးပေးညံ့မှာပဲ။ တန်ဖိုးသည် ပညာရပ်၊ ရာထူး၊ ငွေကြေး၊ အာဏာတို့နှင့် မဆိုင်ပေ။ လောကအတွက် အသုံးဝင်ပြီး အကျိုးဖြစ်လျှင် တန်ဖိုးသည် နောက်ကလိုက်လာမည် ဖြစ်သည်။” ကျွန်တော်တို့လည်း အဆိုပါတန်ဖိုးကို သိဖို့အရေးကြီး သည်။ ကေသရာဇာ၏ အဆီသည် သိင်္ဂီရွှေခွက်မှာသာ တည်သည်။ ယနေ့ ကျောင်းသား ကျောင်းသူများသည် တက္ကသိုလ်ဆိုသည့် ရွှေခွက်မှာသာ တည်စေချင်သည်။ သို့မှသာ ဘဝလည်းမြင့်၊ ဂုဏ်လည်းတင့်ပေမည်။

လူ့သဘာဝအရ အမြဲမီးလင်းနေပါက အလင်းရောင်ကို အလေးမထားကြ။ မှောင်မိုက်သည့်အချိန်ရောက်မှ သတိရ ကြသည်။ တိုင်းနှင့် ပြည်နယ်အသီးသီးမှာလည်း ငြိမ်းချမ်း နေပါက အမှတ်တမဲ့နေကြသည်။ စက်သေနတ်သံ၊ ယမ်း နံ့သံကို ကြားရ၊ ရှူရမှ ငြိမ်းချမ်းခြင်း၏ တန်ဖိုးကိုသိလာ ကြသည်။ အလေးထားလာကြသည်။ ငြိမ်းချမ်းရေးကို ပြည်သူများ လိုလားကြသည်။ ရန်ကုန်တက္ကသိုလ်ကြီး၏ ရာပြည့် သဘင်ဦးတည်ချက်မှာ ငြိမ်းချမ်းရေးကို ထည့်သွင်းထားသည်။ ကျောင်းသား ကျောင်းသူများ သည် မိမိတို့တက်ရောက်နေသော တက္ကသိုလ် အကြောင်း သိရမည်။ ထူးခြားသည့်လက္ခဏာများကို သိထားရမည်။ သို့မှသာ တန်ဖိုးကို အလေးထားလိမ့်မည်။ နောင် နှစ်တစ်ရာမှာ မကြုံမဆုံနိုင်ပါ။ ယခု နှစ်တစ်ရာမှာ ကြုံလည်းကြုံ ၊ ဆုံလည်းဆုံခဲ့ပါပြီ။ အခါအခွင့်သင့်ချိန် အမိတက္ကသိုလ်၏ ဂုဏ်ဒြပ်ကို အလေးထား ထိန်းသိမ်းရ မည်။

ထိုနည်းတူ အဆောက်အအုံအသွင်အပြင်များသည် ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်သည်။ မုခ်ဝ၏ တစ်ဖက်တစ်ချက် တွင် အင်္ဂလိပ်လို တစ်နည်း၊ မြန်မာလိုတစ်မျိုး ရေးထားသည့် ဆိုင်းဘုတ်သည် တည်ငြိမ်ပါဘိ။ တံခါး အုတ်တိုင်တို့သည် ခိုင်ခံ့လှ၏။ တံခါးရွက်ရှိ ခြင်္သေ့ရုပ် တို့သည် ရဲရင့်၏။ လက်ယာဘက်ရှိ ခြံဝင်းသည် ကျောင်းသားထုကို ကိုယ်စားပြုသည်။ အဆိုပါ ခြံဝင်း၏ ပုံရိပ်သည် မြင်ရသူ နှလုံးသားကို ထိရှစေ၏။ မျက်နှာချင်း ဆိုင်ရှိ မန္တလေးဆောင်သည် သက်သေအဖြစ် မားမား ရပ်လျက်ရှိသည်။ အခုမေးလျှင် ကရုဏာသံနှင့် ပြောပြလိမ့်မည်။ အဓိပတိသည် အားလုံးကို ကျောခင်း ၍ ဘွဲ့နှင်းကို ပို့ပေးသည်။ ဤ ဝန်းကျင်မှာ ခြေချသူ အပေါင်းကို မွေ့ပျော်စေလိုသည်။ ရှေ့ဆက်လျှောက်ပါက ပဲခူး ၊ သထုံ ၊ ပင်းယ ၊ အင်းဝ၊ စစ်ကိုင်းတို့ကလည်း ခပ်လှမ်းလှမ်းက ကြိုလင့်ပြီ။ တက္ကသိုလ်၏ ခွန်အား ကိုဖြည့်ရန် အသင့်ရှိကြသည်။ တာဝန်လည်း ကျေခဲ့ကြ သည်။ တစ်ဖက်ရှိ ပါမောက္ခ အိမ်များသည် ခံ့ထည်လှ သည်။ ပညာဂုဏ်ဖြင့် ထိုက်ပါ၏။ ရှေ့နားအရောက်မှာ စာကြည့်တိုက်၊ သစ်ပုပ်ပင်၊ သိပ္ပံခန်းမတို့က ပျူပျူငှာငှာ ရှိနေသည်။ သုတေသန အထောက်အထား ယူမလား။ သမိုင်းအကိုးအကား ပေးရမလား။ သစ်ပုပ်ပင်ကြီးက မှတ်တမ်းတင်ကြဦးမလားဟု မေးနေပြီ။

အဆိုပါ သင်္ကေတရှေ့တွင် အာစီ၊ ဂျပ်ဆင်နှင့် ဝိဇ္ဇာ ခန်းမတို့မှာ ခံစားချက်ကိုယ်စီရှိကြသည်။ အာစီသည် မောင်မယ်တို့၏ ကိုယ်ကာယဖွံ့ဖြိုးရေးကို စောင့်ရှောက် ပေးမည်။ ဂျပ်ဆင်သည် တစ်ချိန်က လရိပ်ပြာနှင့်အတူ ရှင်သန်ခဲ့သည်။ သူ့ရုပ်သွင် သူ့ဂုဏ်အင်က မြင်ရသူတို့ကို သတိတရ ဖြစ်စေခဲ့သည်။ အဓိပတိကို ခပ်ဝေးဝေးက ကြည့်နေသည်။ ပြောစရာများလွန်းလို့ လည်ပင်းရှည်နေ ပြီ။ ဝိဇ္ဇာခန်းမကြီးသည် စာပေအနုပညာသံစဉ်တို့ဖြင့် ထုံမွမ်းထားသည်။ သူ့ရင်ခွင်မှာ မွေ့ပျော်သူများစွာ ရှိခဲ့သည်။ စာပေသံတို့က သူ့သွေးထဲမှာ စီးမျောနေမည်။

အဆိုပါ ဝိဇ္ဇာခန်းမ၏ မျက်စောင်းထိုးရှိ “ဘွဲ့နှင်း သဘင် ကြီးက ငါ့ရင်ခွင်ကိုလာခဲ့ကြ၊ မင်းတို့ကို မျှော်နေ မယ်” ဟု ခေါ်နေဟန်။ မြင်ရသူ ဘဝင်ခိုက်လောက်အောင် သူ့ရုပ်သွင် က ရင့်ကျက်လှသည်။ အနုပညာလက်ရာများ သည် အသက်ဝင်လှ၏။ ခြင်္သေ့ရုပ်တုက ပညာရပ်ကို လာမထိနဲ့ မီးပွင့်သွားမယ်။ ဒေါင်းပျိုမေ၏ ကနေ ဟန်။ နဂါးနှစ်ကောင်က မျက်နှာချင်းဆိုင် ရင်ချင်းအပ်လျက် “နတ္ထိ ဝိဇ္ဇာ၊ သမံ မိတ္တံ” အား ပွေ့ပိုက်ထားသည်။ တောနေ သတ္တဝါတို့ အရှင်ခြင်္သေ့များ၏ သွင်ပြင်။ ရေတို့သခင် နဂါးမင်း၏ ပုံရိပ်။ ငှက်တို့သရဖူ ဒေါင်း ပျိုမေ၏ သင်္ကေတတို့သည် အသက်ဝင်ပေ၏။ လက်ရာ လည်း မြောက်လှသည်။ အဓိပတိလမ်းမပေါ်လျှောက် လာသူတို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ဘွဲ့နှင်းထဲကို အရောက်ပို့နိုင်ခဲ့သည်။ ဘွဲ့နှင်းနှင့် အဓိပတိ အပြန် အလှန် သစ္စာရှိခဲ့ကြသည်။ တာဝန်ကျေခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။

ရန်ကုန် တက္ကသိုလ် ထဲ ဝင်လိုက်သည်နှင့် ငယ်မူငယ်သွေးများ ကြွ လာ၏။ ရှေးခေါင်းဆောင် များကို ပြေးမြင်မိ၏။ အဓိပတိ၏ လက်ဝဲ လက်ယာရှိ အဆောက် အအုံတို့သည် သူ့ ဝိသေသနှင့်သူ၊ သူ့ဂုဏ် ရည်နှင့်သူ၊ သူ့နှလုံးသား နှင့်သူ ထိုက်တန်လှပါ သည်။ သူတို့ကိုကြည့်ပြီး စိတ်ထဲတွင် ပျော်ရွှင်ခြင်း က တစ်မျိုး၊ အားကျခြင်း က တစ်ဖုံ၊ သိမ်ငယ်ခြင်း က တစ်လှည့်ဖြင့် အတွေး စုံ ခံစားမိသည်။ ပျော်ရွှင် ရခြင်းမှာ နိုင်ငံနှင့် လူမျိုး အတွက် ဤမျှ သမိုင်း တန်ဖိုးကြီးမားပါ ပကော လား။ “ငါလည်း ထမ်းဆောင်ခွင့် ရပါ လား” ဟု တွေးပြီး ပျော်မိသည်။ အားကျရ ခြင်းသည် ဤတက္ကသိုလ် က ခေါင်းဆောင်ကောင်း များ မွေးဖွားပေးခဲ့ သည်။

 

 

သူတို့ကြောင့် လွတ်လပ်တာပါလား။ ငါလည်း ပါဝင်ခွင့် ရချင်လိုက်ပါဘိ”ဟု တွေးမိသည်။ သိမ်ငယ်ခြင်းသည် ရှေးက ကျောင်းသား ကျောင်းသူများ အသက်သွေး ပေးခဲ့ကြသည်။ ငါတို့က အချောင်လိုက်သလို တွေးမိပြန် သည်။ မိမိကိုယ်လည်း အားမရ။ တက္ကသိုလ်ကြီးကိုလည်း အားနာမိပြန်သည်။

ဤမျှ အမျိုးသားရေး လက္ခဏာရပ်အတွက် သမိုင်း တန်ဖိုးကြီးလှသည်။ ဖြူစင်သည့်နှလုံးသားတို့ ပေါင်းစုရာ တက္ကသိုလ်ကြီးလည်း နှစ်တစ်ရာတိုင်ခဲ့ပြီ။ ခေတ်အဆက် ဆက် လောကဓံလည်းခံခဲ့ရ၏။ အသိပညာရှင်၊ အတတ် ပညာရှင်များစွာကိုလည်း ရှင်သန်စေခဲ့သည်။ တက္ကသိုလ် မောင်မောင်ကြီးက ရွှေတိဂုံကို နိုင်ငံတော့်မျက်နှာဟု ဆိုသည်။ ကျွန်တော်ကလည်း ရန်ကုန်တက္ကသိုလ်သည် နိုင်ငံတော့်သိက္ခာဟု ဆိုချင်ပါသည်။ မိုးခေါင်ရေရှား သည့်နေရာက မိုးရေတန်ဖိုးကို သိ၏။ မီးမရှိသည့် ကျွန်တော့်ရွာ၊ ကျွန်တော့်ဘဝက မီးတန်ဖိုးကို လေးစား၏။ မငြိမ်းချမ်းသည့်အရပ်ကို နေဖူးမှ ငြိမ်းချမ်းခြင်း၏ တန်ဖိုး အား နားလည်မည်။ ထိုတန်ဖိုးများသည် တစ်ဦး တစ်ယောက်၊ တစ်နယ် တစ်ဒေသအတွက်သာ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီးက မြန်မာတစ်မျိုးသားလုံး၏ အဖိုးတန်ရတနာဖြစ်သည်။ ၁၉၂၀ မှ ၂၀၂၀ တိုင်ခဲ့ပြီ။ ၂၀၂၀ မှနောင်နှစ်များစွာအထိ တန်ဖိုးရှိရှိ၊ ဂုဏ်ရည်မြင့်မြင့် တည်တံ့နေဦးမည်။ ထိုသို့ ဂုဏ်ရှိန်ကြီးမားသော အရိပ် အောက်မှာ သဲတစ်ပွင့်မျှ ပါဝင်ခွင့်ရခဲ့ပါ၏။ ဆက်လက်ပြီး အုတ်ချပ်တစ်နေရာစာလောက် ပါဝင်ချင်ပါသေးသည်။ တန်ဖိုးသိ၍ တန်ဖိုးရှိချင်သည်ဟုသာ ဆိုလိုက်ချင်ပါ တော့သည်။ ။

 

ဆောင်းပါးရှင်၏

ကိုယ်ရေးအကျဉ်း

 

- အမည်ရင်း ဦးကျော်လင်း

- ကလောင်အမည် - ကျော် (မြစ်ဝကျွန်း ပေါ် )

- ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မှန်ကုန်းရွာ

- အဖအမည် ဦးလှသိန်း + အမိ ဒေါ်စန်း တို့က ၁၉၇၁ ခုနှစ် (၁၀)လ၊ ၉ ရက် တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။

- မှန်ကုန်းရွာ ဘုန်းတော်ကြီးကျောင်း၊ မှန်ကုန်းရွာ အ.လ.က (တွဲ) ကျောင်းတို့ တွင် မူလတန်း၊ အလယ်တန်း အထိ ပညာသင်ခဲ့သည်။

- ၁၉၉၂ တွင် တက္ကသိုလ်ဝင်တန်းကို အ.ထ.က (တွဲ) ခြောက်ရွာက အောင်မြင် ခဲ့သည်။

- ဟင်္သာတကောလိပ်၊ ပုသိမ်တက္ကသိုလ်တို့ တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

- မြိတ်ဒီဂရီကောလိပ်၊ ဟင်္သာတ တက္ကသိုလ် မြန်မာစာဌာနတို့တွင် နည်းပြ၊ လက်ထောက် ကထိက အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

- ယခုအခါ ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနတွင် ကထိကအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။