တနင်္သာရီတံတား ပြီးစီးသွား၍ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအား အကျိုးပြု

 

ရန်ကုန်  စက်တင်ဘာ  ၁၇


တနင်္သာရီတံတားသည် အာဆီယံလမ်းမကြီး (AH.112) ဖြစ်သည့် ထားဝယ်- တနင်္သာရီ- ဘုတ်ပြင်း- ကော့သောင်း ပြည်ထောင်စုလမ်းမကြီး နှင့် မြိတ်-တနင်္သာရီ - မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင်  တည်ရှိသည်။   မူလယာယီဘေလီတံတားမှာ     ၁၉၉၉   ခုနှစ်တွင် တည်ဆောက်ခဲ့သော တစ်လမ်းမောင်းဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှုများ  ဖြစ်ပေါ်ခြင်း၊ လက်ရှိတွင် နေ့စဉ် ယာဉ်အစီး‌ရေ ၃၀၀ မှ  ၄၀၀ အတွင်း သွားလာလျက်ရှိသော  လမ်းကြောင်းပေါ်မှ တံတားဖြစ်ပြီး  တံတား မှာလည်း ၁၈ တန်အောက်ယာဉ်များသာ ဖြတ်သန်းအသုံးပြုနိုင်ခြင်း၊  ကုန်ယာဉ်ကြီးများ  ဖြတ်သန်းသွားလာမှု မပြုနိုင်ခြင်းတို့ကြောင့် ယခု တံတားသစ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 


တံတားအရှည် ၁၄၄၄ ပေ


တနင်္သာရီတံတားသစ်ကြီးတည်ရှိသော နေရာမှာ တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း  ကားလမ်း(၈၃၁-ဒသမ ၃- ၈၃၁- ဒသမ ၈ ကီလိုမီတာကြား) တည်ရှိ သည်။ တံတားအရှည်မှာ ၁၄၄၄ ပေ၊  တံတားအမျိုးအစားမှာ အုတ်မြစ် ဖြစ်ပြီး တံတားကိုယ်ထည်  R.C Concrete ၊ တံတားအပေါ်ထည် R.C Girder, P.C Girder, Steel Box Girder & R.C Decking ၊ ယာဉ်သွား လမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် ၄ ပေ၊ ရေလမ်းကင်းလွတ် အကျယ် ၁၆၄ ပေ ရေလမ်းကင်းလွတ်အမြင့် ၃၃ ပေ၊ ခွင့်ပြုအလေးချိန် Aashtoh Hs 25 ၊  စီမံကိန်း   တန်ဖိုးငွေကျပ်  သန်း ၁၂၆၀၀ ဖြစ်ပြီး တံတားကြီးပြီးစီးသည့်နေ့မှာ ၂၀၂၀ ပြည့်နှစ် ဇွန် ၁၃ ရက်က ဖြစ်သည်။ 


လမ်းပန်းဆက်သွယ်မှု  ချောမွေ့လာ


နယ်စပ်ကုန်သွယ်ရေး ပိုမိုထွန်းကားလာသောအချိန်တွင် ကုန်တင် ယာဉ်ကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရေးအတွက် ယာဉ်တစ်စီးချင်း  ခံနိုင်ဝန် ၇၅ တန်ရှိ နှစ်လမ်းသွား သံပေါင် သံကူကွန်ကရစ် ကြမ်းခင်း တံတားကြီးအဖြစ် တည်ဆောက်ပေးရန် လိုအပ်ခြင်းဖြင့် နိုင်ငံတော် အစိုးရ၏ တာဝန်ပေးချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန  တံတား ဦးစီးဌာနက တာဝန်ယူကာ တနင်္သာရီတံတားကြီး တည်ဆောက်ပေး  ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါတနင်္သာရီတံတားကြီး တည်ဆောက် ပြီးစီးသွားပြီဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်မှုများ ပိုမိုချောမွေ့ လာပြီး မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် ဖြင့် တိုးတက်လျက်ရှိကြောင်း သိရသည်။ 


ခရမ်းစိုးမြင့်