
ထားဝယ် ဇူလိုင် ၁၀
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက် စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့ ဇဟာ ကျေးရွာရှိ တောင်သူ ဦးအောင်နေစိုး၏ မိုးစပါး စိုက်ခင်း၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးရာသီတွင် မိုးစပါး ၂၂၃၇၄၂ ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ယခု ဇွန်လကုန်အထိ ၁၆၄၂၅ ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ ယခုလို မိုးစပါး စိုက်ပျိုးနေသောအချိန်ကာလတွင် စိုက်ပျိုး နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်မှသာ အထွက်ကောင်းသည့် ရလဒ်ကောင်းများရရှိနိုင်မည် ဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးနည်းစနစ်များစွာ ရှိသည့်အနက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သည် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာ ခြင်း၊ အလုပ်သမားရှားပါးမှုပြဿနာ ဖြေရှင်းနိုင် ခြင်းစသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ စိုက်နည်းစနစ် များစွာရှိသောကြောင့် တိုင်းဒေသ ကြီး၏ ရေမြေရာသီဥတုနှင့် လယ်မြေများ၏ တည်ရှိ မှု ပုံသဏ္ဌာန်များအရ မိမိတို့ ရေမြေရာသီဥတုနှင့် ကိုက်ညီသင့်လျော်သော နည်းစနစ်များကို ကျင့်သုံး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ တွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲ ပြီး မြေယာပြုပြင်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့ သိုလှောင်ချိန်အထိ စက်ကိရိယာများ သုံးစွဲ ဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်လာပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေး ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဦးစီး ဌာနနှင့် အမြဲမပြတ် ဆက်သွယ်ဆောင်ရွက်ပြီး မျိုးကောင်းမျိုးသန့်မျိုးစေ့နှင့် သွင်းအားစုဆိုင်ရာ လိုအပ်ချက်များ ရောဂါပိုးမွှား ကာကွယ်နှိမ်နင်းနည်း နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို လက်ဆင့် ကမ်းရယူလျက် မိမိတို့စိုက်ပျိုးထားရှိသော သီးနှံ များ၏ တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက် ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးသန်းထိုက်က မိုးစပါးစိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ထွေးက စက်မှု လယ်ယာဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား အိမ်ခြံဝင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်အတွက် ဟင်းသီး ဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူ ဦးအောင်နေစိုး၏ မိုးစပါးစိုက်ခင်း၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကိုလည်းကောင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်နေမှုကို လည်းကောင်း ကွင်းသရုပ်ပြ ပွဲအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)