
ထားဝယ် မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ လွယ်ကူစေရန်နှင့် စွမ်းဆောင်ရည် မြင့်မား တိုးတက်လာစေရန် ရည်ရွယ်၍ ကွန်ပျူတာ စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ၊ နက်ဝပ်ခ်) အသုံးပြုနည်းသင်တန်းဖွင့်ပွဲ ကို မေ ၁၀ ရက်က ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဦးစောဝင်းက သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ခန်းစာများအား ဂရုတစိုက် လေ့လာသင်ယူ မှတ်သားကြစေလိုကြောင်းနှင့် သင်တန်းပြီးဆုံး သွားလျှင်လည်း မိမိတို့ ခရိုင်၊ မြို့နယ်ရှိ အခြား ဝန်ထမ်းများအား ဆင့်ပွားသင်ကြားပေးစေလို ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊ သင်တန်းတက် ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ ကို ရှင်းလင်းပြောကြား သည်။
အဆိုပါ သင်တန်းသို့ တနင်္သာရီတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်အောက်ရှိ ခရိုင်၊ မြို့နယ်ရုံး များမှ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်လျက်ရှိပြီး ကွန်ပျူတာ အသုံးပြု နည်း သင်ခန်းစာများကို တစ်လကြာ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုပြည့်(ကျေးလက်)