တနင်္သာရီမြို့နယ်၌ ပဝချောင်းရေလျှံတက်၍ ကျောင်းလေးကျောင်း ယာယီပိတ်ထားရ

 

တနင်္သာရီ    ဩဂုတ်    ၁၀


သြဂုတ်လ ပထမပတ်အတွင်း တနင်္သာရီမြို့နယ်၌ မိုးရွာသွန်းမှုများပြားခဲ့သဖြင့်    ပဝချောင်းရေလျှံ တက်လာပြီး  ပဝအုပ်စုအတွင်းရှိ သာယာကုန်းတောင် ကျေးရွာ၊ အင်းဝိုင်းကုန်းကျေးရွာ၊ ဖိုးမဲကျေးရွာနှင့် ပဝထိန် ကျေးရွာများရှိ ကျေးရွာတွင်းလမ်းအချို့နှင့် မြေအနိမ့်ပိုင်းရှိ နေအိမ်ခြံဝင်းများအတွင်း သြဂုတ် ၉ ရက်အထိ ရေများဝင်ရောက်လျက်ရှိကာ အခြေခံ ပညာကျောင်း   လေးကျောင်းကိုလည်း   ယာယီ ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

 


ချောင်းရေကြီးနေခြင်းကြောင့် ကျောင်းသား ကျောင်းသူများ အန္တရာယ်မဖြစ်ပွားစေရေးအတွက် အလက(ခွဲ)-သာယာကုန်း(တောင်)၊  အမက ဖိုးမဲ ရွာ၊ အမက-အင်းဝိုင်းကုန်းနှင့် အမက-ပဝထိန်ရွာ အခြေခံပညာကျောင်းများကို သက်ဆိုင်ရာကျောင်းအုပ် ဆရာ ဆရာမကြီးများက မြို့နယ်ပညာရေးမှူးထံ သတင်းပို့၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကာ  ကျောင်း ပိတ်ထားရသည့်ရက်များအတွက်   အဖိတ်/ဥပုသ် ကျောင်းပိတ်ရက်များတွင်   အစားထိုးပြန်လည် သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရသည်။

 


ယာယီပိတ်လိုက်ရသည့် ကျောင်းများဖြစ်သော အလက(ခွဲ) - သာယာကုန်း (တောင်)ကျောင်းတွင် ကျောင်းသား  ကျောင်းသူ  ၃၅၃ ဦး၊  အမက  ဖိုးမဲ ရွာတွင်  ကျောင်းသား  ကျောင်းသူ ၉၀၊ အမက-အင်းဝိုင်းကုန်းတွင် ၁၈၁ ဦး၊ အမက-ပဝထိန်ကျောင်း တွင် ၁၅၇ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


နန်းသာရီထိန်ဝင်း(ပြန်/ဆက်)