
တနင်္သာရီ အောက်တိုဘာ ၁၆
တနင်္သာရီမြို့နယ်အတွင်း ငဝန်ချောင်းမငယ်ကို ဖြတ်၍ တနင်္သာရီမြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ များသို့ ဆက်သွယ်ပေးမည့် ဗောဓိကမ်းတံတား တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သည်။
အဆိုပါတံတားကို ပြည်ထောင်စုအစိုးရအဖွဲ့ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေ နှစ်ရပ်ပေါင်း ငွေကျပ်သန်းပေါင်း ၅၀၀၀ ဖြင့် ဘဏ္ဍာ နှစ်အလိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဗောဓိကမ်း တံတားတည်ဆောက်ရေးစီမံကိန်းအား ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၄)မှ ၂၀၁၈ ခုနှစ် မေ ၁ ရက်က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တံတားသည် အရှည် ၇၈၇ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှင့် လူသွားလမ်းအကျယ်တစ်ဖက်လျှင် သုံးပေစီ ပါရှိကြောင်း တည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးသိန်းနိုင်ထံမှ သိရသည်။
အဆိုပါတံတား၏ တနင်္သာရီဘက်ကမ်း ချဉ်းကပ်လမ်း အရှည်ပေ ၃၉၇၀ နှင့် ဗောဓိကမ်းကျေးရွာဘက်ခြမ်းမှ ချဉ်းကပ်လမ်း အရှည် ၁၂၂၇ ပေ စုစုပေါင်း အရှည် ၅၁၉၇ ပေကို လမ်းဦးစီးဌာနက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တံတားတည်ဆောက်မှုကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများ အဆင်ပြေနိုင်မည် ဖြစ်၍ ဒေသဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ် သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)