
တနိုင်း မတ် ၈
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက်အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၇ နံနက် ၁၀ နာရီက တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် တနိုင်းတပ်နယ်မှ ဗိုလ်မှူးချုပ် မြတ်မင်းမိုးက ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်တန်းကို အေးအေး ဆေးဆေးဖြင့် စိတ်ချမ်းသာစွာ ဖြေဆိုနိုင်ပြီး အောင်ချက်ကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ပေးလိုကြောင်း၊ စာမေးပွဲဖြေဆိုသည့်ရက်များတွင် လျှပ်စစ်မီးများလည်း အဆင်ပြေအောင် ဆောင်ရွက်ထားလျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအတွက် အစားအသောက်များလည်း အာဟာရပြည့်ပြည့်ဝဝစားနိုင်အောင် ဖြည့်ဆည်းပေးထားကြောင်း၊ အထက(၂)တွင် ရပ်ဝေးမှ လာရောက်သည့် ကျောင်းသား ကျောင်းသူများ ကို ယနေ့နံနက်ပိုင်းတွင် ဆေးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ ဆေးကုသမှုနှင့် လိုအပ်သည့်သောက်ဆေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုံခြုံ ရေးပိုင်းအနေဖြင့်လည်း အသေးစိတ် ဆောင်ရွက်ထားလျက်ရှိကြောင်း၊ တနိုင်းမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်နှင့် အညီ တနိုင်းခရိုင်အတွင်းရှိ ကျောင်းသား ကျောင်းသူများအားလုံး အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြေဆိုနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းက တက္ကသိုလ်ဝင်စာမေးပွဲအတွက် လုပ်ငန်းစဉ် ဆောင်ရွက်ထားမှုများကိုရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးက ရှင်ဗွေယန်စာစစ်ဌာနအတွက် ပြည့်စုံအောင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ခရိုင်ပညာရေးမှူး ဦးအောင်ဆွေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဌေးဦး၊ ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများက ပါဝင်ဆွေးနွေးခဲ့ကြသည်။
မနောမြေ(တနိုင်း)