
နေပြည်တော် ဇူလိုင် ၁၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေ ဗိမာန်က တင့်ဆွေ (ဖျာပုံ) ရေးသားသည့် “ကျောပိုးအိတ်လေးကို ချီကာလွယ်” စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်သည်။ ယင်းစာအုပ်မှာ ၂၀၁၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ (စာပဒေသာ) ဆုရ စာအုပ်ဖြစ်ပြီး ပဉ္စမအကြိမ် ထုတ်ဝေခြင်းဖြစ်သည်။ ဇနီးအဖြစ် အနှစ် (၆၀) တိုင်တိုင် တာဝန်ကျရာ ဒေသအသီးသီးသို့ လိုက်ပါပြီး ခင်ပွန်း ဖြစ်သူ ကျန်းမာအောင်၊ ပျော်ရွှင်အောင်၊ အလုပ်တာဝန်များ ကျေပွန် စွာ ထမ်းဆောင်နိုင်အောင် ဖဝါးခြေထပ်အမြဲမခွဲဘဲ လိုက်ပါပါရမီဖြည့် ခဲ့ရသူ ဇနီးသည်ကို ရည်စူး၍ ရေးသားထားသည့် မှတ်တမ်းစာအုပ် ဖြစ်သည်။ မြေပြန့်တောင်ပေါ်၊ ပင်လယ်ကမ်းရိုးတန်း၊ မြန်မာပြည်အနှံ့ တာဝန် ကျရာဒေသများသို့ ကျောပိုးအိတ်လေးလို လိုက်ပါနေရပြီး ဆင်းရဲအတူ၊ ချမ်းသာမခွဲ၊ ဝါးတဲတန်းလျား၊ စစ်မြေပြင်ပါမကျန် တစ်ဦးနှင့်တစ်ဦး ချည်နှောင်တွယ်တာ လွယ်ပိုးခဲ့ရသူဖြစ်၍ ဇနီးသည် ကို စစ်သားတစ်ယောက်၏ ကျောပိုးအိတ်လေးဟု တင်စားဖွဲ့နွဲ့ကာ စာအုပ်နာမည်ပေးထားခြင်း ဖြစ်သည်။
စာရေးသူသည် တပ်မတော်သားဘဝတွင် ရဲဘော်မှ ဗိုလ်မှူးချုပ် အထိ ရာထူးအဆင့်ဆင့် တာဝန်ယူခဲ့ပြီး တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်း မှူး၊ တိုင်းမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့ရပုံများကိုလည်း အတတ်နိုင်ဆုံး ပြည့်စုံမှန်ကန်အောင် ရေးသားထားသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ လွတ်လပ် ရေးရရှိပြီးသောင်းကျန်းမှု ချေမှုန်းရေးကာလများတွင် တပ်မတော်၌ ကျရာတာဝန်များကို စစ်ဆင်ရေး၊ လေ့ကျင့်ရေး၊ စီမံရေးများ မည်ကဲ့သို့ ထမ်းဆောင်ခဲ့ရသည်ကို မှတ်တမ်းတင်ရေးသားထားသည်။
စာအုပ်တွင် စာမျက်နှာ (၃၉၇) မျက်နှာပါဝင်ပြီး အခန်းပေါင်း ၄၈ ခန်း ပါဝင်ကာ မှတ်တမ်းဓာတ်ပုံများ ကျေးဇူးတင်လွှာ၊ ကျမ်းကိုး စာရင်းများနှင့် ပြည်စုံဝေဆာစွာ ရေးသားထားသည်။ တန်ဖိုးငွေကျပ် ၇၅၀၀ ဖြင့် ရန်ကုန်မြို့ အမှတ် (၅၂၃-၅၃၁)၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅) သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၆၄၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူ ရရှိနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်