တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်

Type

 

ဒေါက်တာ ခင်ချောစုကြည် ၊ ပညာရေးဝန်ကြီးဌာန

 

 

ဒေါက်တာ ခင်ချောစုကြည် ၊ ပညာရေးဝန်ကြီးဌာန

 

 

“ရန်ကုန်တက္ကသိုလ်” ဟု ဆိုလိုက်သည်နှင့် ဘွဲ့နှင်းသဘင်ခန်းမ၊ အဓိပတိလမ်း၊ အပန်းဖြေရိပ်သာ၊ ဂျပ်ဆင်၊ သစ်ပုပ်ပင်နှင့်အတူ ခွဲခြားမရသည့်နေရာတစ်ခုမှာ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် (Universities’ Central Library-UCL) ပင်ဖြစ်သည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သည် ရန်ကုန်တက္ကသိုလ်တွင် အထင်ကရ နေရာ ၊ အဓိက အမှတ်အသားတစ်ခုအနေဖြင့်သာ မဟုတ် ဘဲ ပညာရှင်များ၊ ဆရာ ဆရာမများ၊ သုတေသီများ၊ ဘွဲ့ကြို ဘွဲ့လွန် ကျောင်းသူ ကျောင်းသားများနှင့် ဗဟုသုတ ရှာဖွေစုဆောင်းလိုသူများ၏ စာပေလေ့လာဖတ်ရှုစရာ ဘူမိနက်သန်စာပေ ဘဏ်ကြီးဟု တင်စားဂုဏ်ပြုခေါ်ဆိုထိုက်သည့် နေရာလည်းဖြစ်သည်။

အမိရန်ကုန်တက္ကသိုလ်ကြီးကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် တည်ထောင်ခဲ့ပြီး အကျယ်အဝန်းမှာ ဧက ၄၀၀ ရှိသည်။ ရေကန် သာနှင့် ရောင်စုံကြာ ဒွန်တွဲနေသကဲ့သို့ တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါတစ်ရပ် ဖြစ်သော ဘွဲ့နှင်းသဘင်ခန်းမနှင့် စာကြည့် တိုက်တစ်ခု တည်ဆောက်ရန်လည်း စီစဉ်ခဲ့ ကြပါသည်။ သုတေသနစာတမ်းများ ပြုစုရာ တွင် အထောက်အကူဖြစ်စေရန်နှင့် ရည်ညွှန်း ကိုးကားနိုင်သောစာအုပ်များ တစ်စုတစ်စည်း တည်း သိမ်းဆည်းထားနိုင်ရန် ရည်ရွယ်ပြီး ၁၉၂၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်အ‌ဆောက်အအုံကို စတင်တည်ထောင်ခဲ့ သည်။ ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထိုစဉ်က တက္ကသိုလ်အဓိပတိ ဆာဟာကုတ် ဘတ်တလာ (Sir Harcourt Butler) က အုတ်မြစ်ချကာ စတင်ဆောက်လုပ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် သဟာယအဖွဲ့ဝင်ဖြစ်သူ တမီးလ်နွယ်ဖွား ရောင်းဗဟာဒူး ရာမာနသာ ရဲဒီးယား (Rao Bahadur Ramantha Red-dier)က အလှူငွေကျပ် နှစ်သိန်း ပေးအပ် လှူဒါန်းခဲ့ရာ ရန်ကုန်တက္ကသိုလ် အာဏာပိုင် အဖွဲ့က ဂုဏ်ထူးဆောင် ပါရဂူဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ကြောင်းလည်း မှတ်တမ်းများအရ သိရှိရသည်။

စာကြည့်တိုက်ပုံသဏ္ဌာန်မှာ အင်္ဂလိပ် စာလုံး အယ်လ်(L) ပုံဖြစ်ပြီး အရှည်ပေ ၁၃၀၊ အနံ ၄၂ ပေ ကျယ်ဝန်းသည်။ ရန်ကုန် တက္ကသိုလ်ဖွင့်အပြီး ၁၁ နှစ်အကြာ ၁၉၃၁ ခုနှစ်တွင် ယခု အဓိပတိလမ်းနှင့် စစ်ကိုင်းလမ်း ထောင့် အဆောက်အအုံနေရာ၌ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကို စတင်ဖွင့်လှစ် နိုင်ခဲ့သည်။

နှစ်ပေါင်းကိုးဆယ်ကျော်ရှိနေပြီ

၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်သို့ လွှဲ‌ပြောင်းခဲ့ပြီး စာကြည့်တိုက်၏ အမည်ကို တက္ကသိုလ်များဗဟိုစာကြည့်တိုက် (Univer-sities’ Central Library-UCL) အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ယခု ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန် တက္ကသိုလ်ကြီးမှာ သက်တမ်း နှစ် ၁၀၀ ပြည့် မြောက်ပြီဖြစ်ရာ ရန်ကုန်တက္ကသိုလ် စာကြည့် တိုက်၏ သက်တမ်းမှာလည်း နှစ်ပေါင်း ကိုးဆယ်ကျော် ရှိနေပြီဖြစ်သည်။

အမိရန်ကုန်တက္ကသိုလ်ကြီးသည် ၁၉၄၀ ပြည့်နှစ်၊ ၁၉၅၀ ပြည့်နှစ် အချိန်များဆီက အရှေ့တောင်အာရှဒေသနှင့် အာရှတက္ကသိုလ် များအနက် အကောင်းဆုံးသော တက္ကသိုလ် ကြီးအဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ ထို့အတူပင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် သည်လည်း ရှေးဟောင်းပေပုရပိုက်များ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အထောက်အထား နှင့် မှတ်တမ်းမှတ်ရာများ စုံလင်စွာစုစည်း တည်ရှိသဖြင့် သမိုင်းနှင့် ယဉ်ကျေးမှုကို အထူးပြုသည့် အရှေ့တောင်အာရှရှိ စာကြည့် တိုက်များတွင် အကောင်းဆုံးတက္ကသိုလ် စာကြည့်တိုက်တစ်ခုအဖြစ် ဂုဏ်သတင်း ကျော်စောခဲ့ပါသည်။

သို့သော် စစ်ကြီးမတိုင်မီက ခေတ်အမီ ဆုံးနှင့် စာအုပ်စာတမ်း အစုံလင်ဆုံးဖြစ်ခဲ့ သည့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ကိုပြင်းပြင်း ထန်ထန်ခံရပြီး တန်ဖိုးမဖြတ်နိုင်အောင် ဆုံးရှုံး ခဲ့ရသည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဟု ယနေ့မြင်တွေ့နေရသော အဆောက်အအုံ သစ်ကို စစ်ပြီးခေတ်တွင် ပြန်လည် တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး စာအုပ် စာတမ်းများကို ပြန်လည်စုဆောင်းခဲ့ရခြင်း ဖြစ်သည်ဟု လေ့လာသိရှိရသည်။

ထည်ဝါစွာဖြစ်ပေါ်လာ

၁၉၇၃ ခုနှစ်တွင် တက္ကသိုလ်များ ဗဟို စာကြည့်တိုက် အဆောက်အအုံအသစ်ကို မူလအဆောက်အအုံနှင့် ကပ်လျက်ဆောက် လုပ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် အဆောက်အအုံ သစ် ပြီးစီးခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် တက္ကသိုလ်များဗဟိုစာကြည့်တိုက်နှင့် ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်ဟူ၍ စာကြည့် တိုက်နှစ်ခု ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်များဗဟိုစာကြည့်တိုက် အဆောက် အအုံသစ်၏ဒီဇိုင်းကို ဗိသုကာကြီး စည်သူ ဦးတင်၏မြေး ဗိသုကာဦးခင်မောင်လွင်က ရေးဆွဲခဲ့သည်။ စာကြည့်တိုက်နှင့် စာအုပ်များ ၏ သဘာဝအရ ရာသီဥတုဒဏ်နှင့် သဘာဝ ဝန်းကျင်ထိခိုက်မှုရန်မှ လုံခြုံစိတ်ချရစေရန် အထူးပြုဆောက်လုပ်ခဲ့သည်ဟု သိရှိရပါ သည်။ ၁၉၉၂ ခုနှစ်တွင် သုံးထပ်အဆောက် အအုံ ထပ်မံဆောက်လုပ်ကာ မူလအဆောက် အအုံနှင့် ချိတ်ဆက်လိုက်သည့်အတွက် ယနေ့ ကျွန်မတို့ မြင်တွေ့နေရသည့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကြီးအဖြစ် ခံ့ညား ထည်ဝါစွာဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ပထမဆုံး ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်မှူးအဖြစ် စာကြည့်တိုက်ပညာ စတင် လေ့လာခဲ့သည့် ဦးခင်ဇော် ( ကလောင်အမည် - ကေ )က ၁၉၃၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ၁၉၄၆ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ ဆရာဦးသိန်းဟန် (ဆရာဇော်ဂျီ) က တာဝန်ယူခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် အခေါ် အဝေါ်ပြောင်းလဲခဲ့သည့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၏ စာကြည့်တိုက်မှူးကြီး များအဖြစ် ၁၉၆၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ စည်သူဒေါက်တာသော်ကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ‌ဒေါ်တင်ဖုန်းနွယ်၊ ၂၀ဝ၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တာဝန်ခံစာကြည့် တိုက်မှူး ဒေါ်တင်ဝင်းရည်၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ အထိ တာဝန်ခံစာကြည့်တိုက်မှူး ဒေါ်စုစု၊ ၂၀၁၅ မှ ၂၀၁၆ အထိ တာဝန်ခံ စာကြည့်တိုက်မှူး ဒေါ်နုနုစံ၊ ၂၀၁၆ မှ ၂၀၁၈ အထိ စာကြည့်တိုက်မှူးကြီး ဒေါ်ယုယုတင်၊ ၂၀၁၈ မှ ၂၀၁၉ အထိ တာဝန်ခံစာကြည့်တိုက် မှူး ဒေါက်တာ နီနီနိုင်နှင့် ၂၀၁၉ ခုနှစ်မှ ယနေ့ အထိ စာကြည့်တိုက်မှူးကြီး ဒေါက်တာ လှိုင်လှိုင်ကြီးက တာဝန်ယူ ဆောင်ရွက်နေ ပါသည်။

ပညာရှာမှီးသူများ

ရန်ကုန်တက္ကသိုလ်တွင် ပညာရှာမှီးသူ များကဲ့သို့ပင် ကျွန်မသည်လည်း ရည်ညွှန်း စာအုပ်များ ရှာဖွေငှားရမ်းရန်၊ ပြန်လည်အပ်နှံ ရန် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သို့ အခေါက်ခေါက်အခါခါ လိုအပ်သည့်စာအုပ် စာတမ်းများ ရှာဖွေဖတ်ရှုသူများရှိသကဲ့သို့ စာဖတ်ခြင်းကို နှစ်သက်၍ အချိန်ယူကာ စာလာဖတ်သူများလည်း ရှိပါသည်။ ထိုစဉ် အခါကမူ မိမိရှာဖွေလိုသည့် စာအုပ်များကို စာအုပ်အမည်ဖြင့်လည်းကောင်း၊ စာရေးသူ အမည်ဖြင့်သော်လည်းကောင်း၊ ဘာသာရပ် အလိုက်သော်လည်းကောင်း ရှာဖွေနိုင်ရန် စီစဉ်ထားသည့် ကက်တလောက်များ ထည့် ထားသော သစ်သားအံဆွဲလေးများ ဆွဲထုတ် ကာ စာအုပ်များကို ရှာဖွေရသည်။ အလိုရှိ သည့် စာအုပ်ကိုတွေ့ပါက ကက်တလောက်မှ တိုက်ပိုင်အမှတ်နှင့် မျိုးတူစုနံပါတ်ကိုမှတ်ကာ စာငှားကောင်တာသို့ ပြရသည်။ ယခုအခါ ကွန်ပျူတာဖြင့် စာအုပ်များကို စာရင်းသွင်း ထားသည့်အတွက် စာအုပ်စာတမ်းများကို အလွယ်တကူ ရှာဖွေနိုင်ပြီဖြစ်သည်။

 

တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စာအုပ်ပေါင်း ၂၃၄၈၀၀ ကျော်၊ အင်္ဂလိပ် ဘာသာဖြင့်ထုတ်ဝေထားသည့် စာအုပ်ပေါင်း ၄၂၆၅၀၀ ကျော် ၊ ပေစာ ၁၇၀ဝ၀ ကျော် နှင့် ပုရပိုက် ၄၀ဝ၀ ကျော်၊ ကျမ်းစာအုပ်ပေါင်း ၂၉၀၀၀ ကျော်ကို စုဆောင်းထားရှိကြောင်း လေ့လာသိရှိရပါသည်။

ဝက်ဘ်ဆိုက်မှတစ်ဆင့် ဖတ်ရှုနိုင်

တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် စုဆောင်းထားရှိသော အင်္ဂလိပ်၊ မြန်မာ စာအုပ်များ၊ Thesis and Dissertation၊ ပေစာ၊ e-book များနှင့် e-Resource database များကို မိမိတို့နေအိမ်မှ UCL website (www.uclmyanmar.org) တွင် ဖတ်ရှုနိုင်ရန် စီစဉ်ပေးနိုင်ခဲ့သည်။ ရှာဖွေလို သောစာအုပ်များကို UCL website ရှိ OPAC (Online Public Access Catalogue) တွင် စာရေးသူအမည်၊ စာအုပ်အမည်၊ ပညာရပ် အမည်တို့ဖြင့် အလွယ်တကူပင်ရှာဖွေနိုင် သဖြင့် စာကြည့်တိုက်ဖွင့်ချိန် စောင့်နေ စရာမလိုဘဲ သိလိုသမျှ ချက်ချင်းဖတ်ရှုလေ့လာ နိုင်ကြသည်။ ထို့အပြင် တက္ကသိုလ် ၂၅ ခုမှ Myanmar, English, Thesis စာအုပ်များကို လည်း Union Catalogue တွင် ဝင်ရောက် ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။

နှစ်ပတ်ငှားရမ်းနိုင်

တစ်ချိန်က ရန်ကုန်တက္ကသိုလ် စာကြည့် တိုက်သည် တက္ကသိုလ်ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများသာ အသုံးပြုခွင့်ရှိခဲ့သော်လည်း ယခုအခါ မည်သူ မဆို စာကြည့်တိုက် အသင်းဝင်ခွင့်လျှောက်ထားနိုင်ပြီး စာအုပ်ငှားရမ်းနိုင်ပြီ ဖြစ်သည်။ ဆရာ ဆရာမများအတွက် တစ်ခါငှားလျှင် စာအုပ် ငါးအုပ်၊ အချိန်ကာလ တစ်လ ငှားယူနိုင်ပြီး ကျောင်းသူ ကျောင်းသားများ အတွက် စာအုပ် ငါးအုပ်ကို အချိန်ကာလ နှစ်ပတ် ငှားရမ်းနိုင်ပါသည်။

တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဖွင့်ချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖြစ်သည်။

ယနေ့ နည်းပညာခေတ်တွင် ခေတ်နှင့် လျော်ညီသည့် စာကြည့်တိုက်များဖြစ်ရန် စာအုပ်စာတမ်းအရေအတွက်များရုံ၊ စာအုပ်စာပေအမျိုးအစားစုံရုံမျှဖြင့် မလုံလောက် တော့ဘဲ အခြား ပြည်တွင်းပြည်ပ စာကြည့် တိုက်များနှင့် ချိတ်ဆက်ပြီး စာအုပ်စာတမ်း များ မျှဝေသုံးစွဲဖတ်ရှုနိုင်ရန်၊ စာအုပ်စာတမ်း နှင့် မှတ်တမ်းမှတ်ရာများကို ထိန်းသိမ်းသည့် ခေတ်မီနည်းပညာများ တတ်မြောက်ရန်လည်း လိုအပ်လာပါသည်။ ထို့ပြင် စာကြည့်တိုက်ကို စနစ်တကျ စီမံခန့်ခွဲနိုင်သည့် စာကြည့်တိုက် မှူးများ မွေးထုတ်ပေးသော စာကြည့်တိုက် ပညာရပ်ကိုလည်း အားပေးရမည်ဖြစ် သည်။

စာကြည့်တိုက်ပညာပါရဂူဘွဲ့ရများ မွေးထုတ်

၁၉၇၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စာကြည့်တိုက်နှင့် သုတပညာဌာနကို မိတ်ဆက်နိုင်ခဲ့ပြီး ဘွဲ့လွန်ဒီပလိုမာသင်တန်း များ ဖွင့်လှစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် (Library & Information Studies Depart-ment) အဖြစ် ဖွဲ့စည်းပြီး ၂၀၀၀ ပြည့်နှစ်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် မန္တလေး ရတနာပုံတက္ကသိုလ်တို့၌ လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၅ ခုနှစ်မှစ၍ လည်းကောင်း ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ် ခဲ့ပါသည်။ ယခုအခါ ရန်ကုန်တက္ကသိုလ်တွင် စာကြည့်တိုက် ပညာပါရဂူဘွဲ့ရများကိုပင် မွေးထုတ်ပေးနေပြီဖြစ်ကြောင်း အားရဖွယ် သိရှိရပါသည်။

ပညာဘဏ်တိုက်

အချုပ်ဆိုရသော် စာကြည့်တိုက်ဟူသည် လူမှုအဖွဲ့အစည်း၏ ယဉ်ကျေးမှုဗဟိုဌာန ဖြစ်သည့်အပြင် သတင်းအချက်အလက်နှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူရာ နေရာ လည်း ဖြစ်သည်။ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်သည်လည်း သုတရသ ပြည့်စုံ သည့် အနာဂတ်မျိုးဆက် နိုင်ငံ့သားကောင်း များအတွက် ပညာဘဏ်တိုက်အဖြစ် ပံ့ပိုး ပေးပြီး ယခင်က ပိုင်ဆိုင်ခဲ့ဖူးသော အကောင်းဆုံးတက္ကသိုလ် စာကြည့်တိုက် တစ်ခုဟူသည့် ဂုဏ်ဒြပ်ကိုပြန်လည်ထိန်းသိမ်း ကာ အမိရန်ကုန်တက္ကသိုလ်ကြီးကို ပိုမို ဂုဏ်တင့်တယ်အောင် ထာဝစဉ်စွမ်းဆောင်နိုင် ပါစေရန် ဆန္ဒပြုလိုက်ရပါသည်။ ။

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း

---------------------------------

 

- ဒေါက်တာ ခင်ချောစုကြည်သည် ရန်ကုန်တက္ကသိုလ်တွင် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရူပဗေဒ ပထမနှစ် ဂုဏ်ထူးတန်းမှ မဟာ သိပ္ပံတန်းကို တက်ရောက်ခဲ့သည်။

- ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ရန်ကုန် နည်းပညာတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနတွင် ပါရဂူ ဘွဲ့ကို ဆက်လက်တက်ရောက်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ဒြပ်ပစ္စည်း သိပ္ပံသုတေသနဌာနတွင် တာဝန် ထမ်းဆောင်နေပါသည်။