
နေပြည်တော် ဇန်နဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရေး မူဝါဒကော်မရှင် နှင့် ပါမောက္ခချုပ်များ ကော်မတီတို့၏ ဦးဆောင်မှုဖြင့် အမျိုးသားအဆင့်မြင့်ပညာ ဖွံ့ဖြိုးရေးကျောင်း (National Institute for Higher Education Development - NIHED)၊ Advance HE နှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်း ကျင်းပသည့် တက္ကသိုလ်စိန်ခေါ်မှုများ (University Chall-enges) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အွန်လိုင်းစနစ်ဖြင့် တက်ရောက်
ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုး၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု ကော်မတီတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဗြိတိသျှကောင်စီမှ ဌာနေကိုယ်စားလှယ် Ms. Sarah Deverall ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဦးတည်ဆောင်ရွက်လျက်ရှိ
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန၏ ပင်မတန်ဖိုးထား သည့် မျှော်မှန်းချက်များ (Core Values of Goals) ဖြစ်ကြ သော (၁) မျက်မှောက်ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနိုင်မည့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစား ရိုင်းပင်းကူညီတတ်သော ကမ္ဘာ့လူသား ကောင်းဖြစ်မှု၊ (၂) ပူးပေါင်းသင်ယူခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်း၊ ပူးပေါင်းနေထိုင် ခြင်း တို့ကို အသင်းအဖွဲ့ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ (၃) စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ကောင်းမွန် စွာဆောင်ရွက်တတ်ခြင်း၊ မှန်ကန်မှုရှိသော ကိစ္စရပ်များကို သာ ဆောင်ရွက်ခြင်း၊ (၄) ကမ္ဘာကြီးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် ပိုမိုတိုးတက်ကောင်းမွန်သော နည်းလမ်းများကို ရှာဖွေလေ့လာ ဖော်ထုတ်တတ်သည့် ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးမှုများကို ပိုင်ဆိုင်ကြ စေရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို အခြေခံလျက် အရည် အသွေးရှိသောပညာရေးကို ဦးတည်ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းကာ ပညာရေးပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည် အသွေးရှိသောပညာရေးကသာလျှင် ၂၁ ရာစု ကျွမ်းကျင်မှု နှင့် စွမ်းဆောင်ရည်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပိုမိုဆိုးရွားသည့် မညီမျှမှုများကို တားဆီးကာ အားလုံး အတွက် ပြည့်စုံလှပသော အနာဂတ်ကိုဖော်ဆောင်ပေးနိုင် မည် ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ ပညာရေးကဏ္ဍ အစီရင်ခံစာနှင့် ပြည်တွင်း ပြည်ပ ပညာရှင်များက မြန်မာနိုင်ငံ၏ ဆရာအတတ်ပညာရေး စီမံ ခန့်ခွဲမှုကဏ္ဍရှိ စိန်ခေါ်မှုများကို ထောက်ပြခဲ့ကြပါကြောင်း၊ ဆရာခန့်ထားရေး၊ ဆရာလုပ်ငန်းဆိုင်ရာမူဝါဒ၊ ကျောင်းအုပ် ကြီးများအတွက် စီမံခန့်ခွဲမှုသင်တန်း၊ ဘွဲ့ကြိုဆရာဖြစ် သင်တန်းအတွက် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှု၊ လုပ်ငန်းခွင်ဆရာများအတွက် မွမ်းမံသင်တန်းများ၊ သင်ကြား သင်ယူမှုအတွက် ထိရောက်သောအိုင်စီတီအသုံးပြုမှုနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကိစ္စရပ်များကို ထောက်ပြခဲ့ကြပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဤစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ၂၀၁၆ ခုနှစ်မှစတင်၍ ပညာရေးနှင့် အင်္ဂလိပ် စာတွင် ရလဒ်ကောင်းများ ရရှိရေးအစီအစဉ် (Towards Results in Education and English-TREE) နှင့် မြန်မာ နိုင်ငံရှိ ဆရာအတတ်ပညာ အရည်အသွေးမြင့်မားရေး (Strengthening Teacher Education in Myanmar-STEM) စသည့် စီမံချက်တို့ကို ဗြိတိသျှကောင်စီနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း။
ထို့အပြင် လွတ်လပ်စွာစီမံခန့်ခွဲသည့် တက္ကသိုလ်များ ဖြစ်လာရေးကို ဦးတည်လျက် တက္ကသိုလ် ၂၁ ကျောင်း အပါအဝင် တက္ကသိုလ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ ဖြည့်ဆည်းခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဦးစားပေးလုပ်ငန်း စဉ်များအနေဖြင့် ဆရာများ၊ ဝန်ထမ်းများ၊ ကျောင်းသား များ၊ ဘဝတစ်သက်တာသင်ယူသူများ၊ ပြည်ထောင်စု တိုင်းရင်းသားများအားလုံးတို့၏ အင်္ဂလိပ်စာနှင့် အိုင်စီတီ အရည်အသွေး မြှင့်တင်ရေး၊ အမျိုးသားပညာ အရည်အချင်း မူဘောင်သတ်မှတ်ခြင်း၊ တက္ကသိုလ်ပင်မစီမံကိန်းနှင့် တက္ကသိုလ်ပဋိညာဉ် စာတမ်းရေးဆွဲခြင်း၊ ဝန်ထမ်းရာထူး ခန့်၊ ပြောင်း၊ တိုးမြှင့်ရေး၊ တက္ကသိုလ်ဝင်ခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းအခြေပြုဘွဲ့သင်တန်းများနှင့် သင်ရိုးညွှန်းတမ်း များ၊ Credit Transfer စနစ်၊ သင်ကြားသင်ယူမှု၊ စစ်ဆေး အကဲဖြတ်မှု၊ သုတေသန၊ ကျောင်းနှင့် လုပ်ငန်းခွင်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု၊ အရည်အသွေးအာမခံမှုနှင့် ပညာ အရည်အချင်း အသိအမှတ်ပြုမှုတို့အတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပသွားမည်
အလုပ်ရုံဆွေးနွေးပွဲသို့ တက္ကသိုလ် ၂၁ ကျောင်းမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် ပါမောက္ခများ၊ ဌာနမှူး (စီမံ/သင်တန်း) များ စုစုပေါင်း ၁၀၅ ဦး တက်ရောက်လျက်ရှိပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်