
နေပြည်တော် အောက်တိုဘာ ၂၅
တက္ကသိုလ်ဒုတိယနှစ်နှင့်အထက် သင်တန်းများ အားလုံး နိုဝင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ အောက်တိုဘာ ၂၇ ရက်မှစ၍ စနေ၊ တနင်္ဂနွေ အပါအဝင် နိုဝင်ဘာ ၁၈ ရက်အထိ ကျောင်းအပ် လက်ခံကြရမည်ဖြစ်ပါကြောင်း၊ ပထမနှစ်သင်တန်း ကို နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါ ကြောင်း၊ ၂၀၂၃ ခုနှစ် မတ် ၉ ရက်တွင် တက္ကသိုလ် နှစ်ဝက်စာမေးပွဲများ ကျင်းပမည်ဖြစ်၍ စာသင်ချိန် အပြည့် သင်ကြားပေးသွားကြရမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများအနေဖြင့် သင်ကြား ရေးကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားကြစေ လိုပါကြောင်း၊ ဘာသာရပ်အလိုက် အတန်းခွဲဝေရာ တွင် ခွဲခြားမှု၊ ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ က ပြောကြားသည်။
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များ ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်း အဝေးခန်းမ၌ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ် တစ်ခုတည်း ဘာသာရပ်ဌာနတစ်ခုတည်းတွင် အတူ လက်တွဲလုပ်ကိုင်နေသူအချင်းချင်းဖြစ်သဖြင့် အုပ်စု မဖွဲ့သင့်ကြောင်း၊ ခွဲခြားမဆက်ဆံသင့်ပါကြောင်း၊ အောက်တိုဘာ ၇ ရက်တွင် ကျင်းပသော ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဝန်ထမ်းများ အထက်အောက် ခင်မင်ရင်းနှီးစွာဖြင့်နေထိုင်ပြီး မိသားစုဆက်ဆံရေးပုံစံဖြင့် နေထိုင်ကြ ရန်လိုကြောင်း၊ လက်အောက်ကို စေတနာထားပြီး နွေးထွေးသည့် ဆက်ဆံရေးကို တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက အပြန်အလှန်နားလည်မှုများ ရရှိပြီး လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန် အောင်မြင်လာမည်ဖြစ်ကြောင်းဖြင့် လမ်းညွှန်မှုပြု ခဲ့ခြင်းကို လိုက်နာဆောင်ရွက်ကြရန် ထပ်ဆင့် မှာကြားလိုပါကြောင်း။
ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ နှင့် ပါမောက္ခများအနေဖြင့် မိမိတို့တက္ကသိုလ် ပတ်ဝန်းကျင်၊ ဌာနဝန်းကျင်၊ စာသင်ဆောင်ဝန်းကျင် နှင့် စာသင်ခန်းတွင်း သန့်ရှင်းသာယာရေး၊ ဥပဓိရုပ် ကောင်းမွန်ရေးနှင့် လုံခြုံရေးအတွက် လှည့်လည် ကြည့်ရှုစစ်ဆေးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ အချိန်မှန် အတန်းဝင်ရောက် သင်ကြားရေးကို နေ့စဉ်ကြီးကြပ်ကြရမည် ဖြစ်ပါ ကြောင်း၊ ရုံးစာများကို လူမှုကွန်ရက် ပေါ်တင်လျှင် ပြင်းထန်စွာအရေးယူခံရမည်ကို ဝန်ထမ်းများအားလုံး သိရှိနားလည်လိုက်နာစေရန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘာသာရပ်နှင့်ဆက်စပ်သည့် ဒေသအကျိုး ပြု သုတေသနများ ဆောင်ရွက်ကြစေလိုပါကြောင်း၊ သို့မှသာ ပညာရေးဖြင့် ဒေသအလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါ ကြောင်း၊ မိမိတက္ကသိုလ်၊ မိမိဘာသာရပ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က တက္ကသိုလ်ဥပဓိရုပ်နှင့် သန့်ရှင်းသာယာရေးကို စိစစ်မည့် အစီအစဉ်၊ နိုင်ငံခြားပြန် ပညာတော်သင် များထံမှ ပညာရေးမြှင့်တင်မှု အကြံပြုချက်များ ရယူ မည့် အစီအစဉ်နှင့် ဆရာ ဆရာမ မွမ်းမံသင်တန်းများ စဉ်ဆက်မပြတ် ပို့ချမည့်အစီအစဉ်တို့ကို ညှိနှိုင်း ဆွေးနွေးသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ဝင်းထွန်း၊ ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ၇၅ ကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်း အုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ များ၊ စီမံ/ ဘဏ္ဍာဌာနမှူးများ၊ ဒုတိယဌာနမှူးများ၊ မော်ကွန်းထိန်းများနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရ သည်။
သတင်းစဉ်