
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍမှပါဝင်သည်ဖြစ်ရာ ဆရာ ဆရာမများအနေဖြင့်
စေတနာအရင်းခံ၍ ပညာရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလို
နေပြည်တော် အောက်တိုဘာ ၁၄
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင် ပြင်ဆင်ထားရှိရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အဆင်သင့်ဖြစ်စေရန်
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေး ဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များ ပြန်လည်ဖွင့်လှစ်သည့်အခါ အဆင်သင့်ဖြစ်စေရန် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ စိမ်းလန်း စိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ဘာသာရပ်ဆိုင်ရာ အရည်အသွေး တိုးတက်ရေး အတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများက ကြီးကြပ် ဖွင့်လှစ်ကြရမည်ဖြစ်ပါကြောင်း၊ ရာထူးတိုး ဆရာ ဆရာမများကိုလည်း ရာထူးနှင့်လျော်ညီသည့် စီမံ၊ ဘဏ္ဍာဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းကျင့်ဝတ်များနှင့် ဥပဒေလုပ်ထုံးလုပ်နည်း များဆိုင်ရာ မွမ်းမံသင်တန်းများကို နိုဝင်ဘာလ အတွင်း မဖြစ်မနေ ဖွင့်လှစ်ဆောင်ရွက်ပေးကြစေလို ပါကြောင်း၊ သုတေသနလုပ်ငန်းများသည် တက္ကသိုလ် ၏ အသက်သွေးကြောဖြစ်ပါကြောင်း၊ သုတေသန လုပ်ငန်းများနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ သင်ထောက်ကူပစ္စည်းများကိုလည်း ပြည့်စုံစွာ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ အဆိုပါပစ္စည်းများ ဝယ်ယူဖြည့်ဆည်းပေးရာတွင် ကျောင်းအားလုံးမှ ဘာသာရပ်တူပါမောက္ခများ ညှိနှိုင်း၍ မှာကြားကြစေ လိုပါကြောင်း၊ Module အလိုက် မှာယူသည့် နိုင်ငံတော်ဘဏ္ဍာဖြင့် ဝယ်ယူထားသောပစ္စည်းများ ရရှိသည့်အခါ အကျိုးရှိထိရောက်အောင် အသုံးပြုကြ စေလိုပါကြောင်း၊ ဌာနတိုင်းတွင် စက်ပစ္စည်းသုံးစွဲမှု မှတ်တမ်းထားရှိကြရမည် ဖြစ်ပါကြောင်း။
များများဝယ်ယူဖြည့်တင်း
တက္ကသိုလ်တိုင်းတွင် စာကြည့်တိုက်များ အဆင့်မြှင့်တင်ရန်၊ ဝန်ထမ်းအင်အား အပြည့်အဝ ခန့်ထားရန်၊ စာအုပ်စာတမ်းများ ပြည့်စုံအောင် များများဝယ်ယူဖြည့်တင်းရန် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်း၍ တက္ကသိုလ် ကျောင်းပရဝဏ်အတွင်း ပိုးသတ်ဆေးဖျန်းခြင်း စသော လုပ်ငန်းများကို ဆောင်ရွက်ကြစေလိုပါ ကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြပြီး ကျောင်းသားလူငယ်များ၏ စံနမူနာပြ ပဲ့ကိုင်ရှင်များဖြစ်ကြသည်နှင့်အညီ ပါတီနိုင်ငံရေး ကင်းရှင်းရန် ထပ်ဆင့်မှာကြားပေးကြစေလိုပါ ကြောင်း၊ ပညာရေးတိုးတက်မှ နိုင်ငံတိုးတက်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင် သည်ဖြစ်ရာ ဆရာ ဆရာမများအနေဖြင့် စေတနာ အရင်းခံ၍ ပညာရေးလုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် ဝိုင်းဝန်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ဆွေးနွေး
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး Master Plan ကို ဆွေးနွေးသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းဝင်းတို့က တက္ကသိုလ်၊ ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာရ မည့် မူဝါဒညွှန်ကြားချက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်