
ရန်ကုန် မေ ၁၉
ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန ဒဂုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန် မြို့ ဒဂုံမြို့သစ်မြို့နယ် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များ၊ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်း မောင်နှင့် ဒုတိယပါမောက္ခချုပ် များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး)များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ သင်ယူသင်ကြားလိုစိတ် ဖြင့် ကြိုးစားသင်ယူကာ ရပ်ရွာ၊ မြို့ပြနှင့် တိုင်းပြည်အကျိုးကို သယ်ပိုးသော သားကောင်းရတနာ များဖြစ်စေလိုကြောင်း၊ နိုင်ငံတော် ၏ပညာရေးမူဝါဒကို လေးစား လိုက်နာမှုဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ခံယူကာ နိုင်ငံတော် တည်ဆောက်ရေးတွင် အလုပ်အကျွေးပြုမည့် အသိပညာ ရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင် ပညာရှင်များ ပေါ်ထွန်းလျက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတို့ကို စွမ်းစွမ်းတမံ ထမ်းဆောင်မည့် ကျောင်းသား ကျောင်းသူများအဖြစ် ဂုဏ်ယူနိုင် ကြပါစေကြောင်း အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်း မောင်က တက္ကသိုလ်သည် လူတိုင်း အတွက် မက်မောတမ်းတစရာ ဖြစ်၍ အထူးသဖြင့် တိုင်းပြည် အတွက် တန်ဖိုးမဖြတ်နိုင် သော သားကောင်းရတနာများကို မွေးထုတ်ပေးရာ နေရာတစ်ခု ဖြစ်ပြီး ပညာထူးချွန်လူရည်မွန် များပေါ်ထွန်းလာရန် ဆရာ ဆရာမများက ဖခင်၊ မိခင်များ သဖွယ် သင်ကြားပေးသွားမည် ဖြစ်ရာ ဒဂုံတက္ကသိုလ်အနေဖြင့် မောင်မယ်သစ်လွင်အပေါင်းအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါ ကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာ ရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များက မောင်မယ်သစ်လွင်များ ကို မိတ်ဆက်စကား ပြောကြား သည်။
၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူ ၁၅၀၀ ကျော်အား ဒဂုံတက္ကသိုလ်မှ ယနေ့ တွင် မောင်မယ်သစ်လွင် ကြိုဆို ခြင်းဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အောက် ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၇ ကျောင်းတို့၌ မောင်မယ်သစ်လွင် ကျောင်းသား ကျောင်းသူ ၁၃၇၅၉ ဦး တက် ရောက်လျက်ရှိပြီး ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား ကျောင်းသူ ၄၅၂၃၃ ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး