
နယူးယောက် ဖေဖော်ဝါရီ ၂၄
ဂျပန်ကားကုမ္ပဏီကြီးဖြစ်သည့်တိုယိုတာကုမ္ပဏီသည် ၂၀၂၅ ခုနှစ် အစောပိုင်းတွင် အမေရိကန် ပြည်ထောင်စု၌ လျှပ်စစ်ကားများ ထုတ်လုပ်သွားမည်ဟု မျှော်မှန်း ထားကြောင်းသိရသည်။
လျှပ်စစ်ကား ဈေးကွက် ကျယ်ပြန့်လာမှုကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်၌ လျှပ်စစ် ကားများ ထုတ်လုပ်သွားရန် မျှော်မှန်းထားခြင်း ဖြစ်သည်။ အမေရိကန် ကင်တပ်ကီ ပြည်နယ်ရှိ တိုယိုတာစက်ရုံ၌ လျှပ်စစ်ကားများကို အစောဆုံး ထုတ်လုပ်သွားရန် စီစဉ်ထား ကြောင်း သတင်းအရင်းအမြစ် များက ပြောသည်။
တိုယိုတာ ကုမ္ပဏီသည် လျှပ်စစ်ကားများ ထုတ်လုပ်ရန် အတွက် အမေရိကန်ဒေါ်လာ သန်း ၄၆၀ကို ရင်းနှီးမြှုပ်နှံထား သည်။ ထုတ်လုပ်ရေးလုပ်ငန်းများဆက်တိုက် လုပ်ဆောင်နိုင်ရန် အတွက် ကိုယ်ပိုင်ဘက်ထရီ ကို ထုတ်လုပ်ရန် စီစဉ်နေပြီး မြောက်ကာရိုလိုင်းနား၌ စက်ရုံ တည်ကာ ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှုများ စတင်နိုင်အောင် ကြိုးပမ်းသွားမည်ဟု သိရ သည်။
ကုမ္ပဏီ၏ ဥက္ကဋ္ဌအသစ် ဆာတိုကိုဂျီသည်လည်း လျှပ်စစ် ကားများ အရှိန်တိုးမြှင့်ထုတ်လုပ် နိုင်ရေးအတွက် ၎င်း၏လမ်းပြ မြေပုံကို ထုတ်ဖော်ပြသခဲ့သည်။ ဒေသတွင်းစနစ်များနှင့် ကိုက်ညီ သည့် ထုတ်လုပ်မှုမျိုး လုပ်ဆောင် ရန် အာရုံစိုက်ထားသည်။ တိုယိုတာသည် ၎င်း၏အတိတ်က အောင်မြင်ခဲ့သလို လျှပ်စစ်ကား ဈေးကွက်တွင်လည်း သရဖူ ဆောင်းနိုင်ခြင်း ရှိ၊ မရှိ အာရုံစိုက် နေကြသည်။
အင်န်အိတ်ချ်ကေ