
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ
(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
( ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်)
ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား
မိဘပြည်သူညီအစ်ကိုမောင်နှမများ ခင်ဗျား
ယနေ့ ဇန်နဝါရီလ( ၁၅ )ရက်နေ့သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ကယားတိုင်းရင်းသားများ အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ( ၇၁ )နှစ်မြောက် ကယား ပြည်နယ်နေ့ ဖြစ်ပါသည်။
ယခုကဲ့သို့ နှစ်သစ်ကူးအခါသမယတွင် ကျရောက်သည့် ကယား ပြည်နယ်နေ့၌ ကယားတိုင်းရင်းသားများနှင့် နိုင်ငံအဝန်း ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပြီး လိုရာဆန္ဒပြည့်ဝကြပါစေကြောင်း ဆုမွန် ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကရင်နီ ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခု အဖြစ် ပါဝင်ခဲ့ပြီး ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။
ထိုသို့ ကယားပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည့်နေ့ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတောင်တန်း ဒေသဖြစ်ပြီး တောတောင်ရေမြေသဘာဝအလှတရားများ၊ မြေပေါ် မြေအောက် သယံဇာတများ ပေါကြွယ်ဝကာ ရိုးရာယဉ်ကျေးမှုအလှ တရားများဖြင့် သာယာလှပသော၊ ရာသီဥတုမျှတသော ပြည်နယ်ဖြစ် ပါသည်။ ဒေသခံတိုင်းရင်းသားတို့၏ ရင်းနှီးဖော်ရွေမှု၊ ရိုးသားမှု တို့သည် ပြည်နယ်၏ နှစ်သက်စွဲလမ်းဖွယ်ရာ ဂုဏ်အင်္ဂါများပင် ဖြစ်ပါသည်။
ကယားပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်သော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် မော်ချီး သတ္တုတွင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီကပင် ခဲမဖြူ၊ အဖြိုက်နက် ကဲ့သို့သော အဖိုးတန်သယံဇာတများထွက်ရှိသည့် အဓိကရင်းမြစ်နေရာ တစ်ခုဖြစ်ခဲ့ပြီး ယနေ့တိုင်အောင် စကျင်ကျောက်များ၊ ဘော်သတ္တုများ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရှီးလိုက်ရောရာသတ္တုများစသည့် တွင်းထွက် ပစ္စည်းများသာမက သစ်တောထွက်ပစ္စည်းများ ကြွယ်ဝစွာထွက်ရှိကာ သဘာဝက ဖန်တီးပေးထားသော ရေခံမြေခံကောင်းလှသည့် ပြည်နယ်၊ ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည့် ပြည်နယ်ဖြစ် ပါသည်။
ထို့နည်းတူ ကယားပြည်နယ်၏ လောပိတရေအားလျှပ်စစ်စက်ရုံ ကြီးသည် နိုင်ငံတော်တစ်ဝန်းလုံးအတွက် လိုအပ်သော လျှပ်စစ် ဓာတ်အားများကို နေ့စဉ်ထုတ်လွှတ်ပေးလျက်ရှိသည့် နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသော လျှပ်စစ်စွမ်းအားအရင်းအမြစ် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။
ကယားပြည်နယ်သည် သဘာဝကဖန်တီးပေးထားသည့် သဘာဝ သယံဇာတအခြေခံကောင်းများစွာရှိနေပြီးဖြစ်၍ မျက်မှောက်ကာလ တွင် တည်ရှိပြီးသား သဘာဝအလှတရားများနှင့် သယံဇာတထွက်ကုန် များကို ထိထိရောက်ရောက်အသုံးချကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဟန်ချက်ညီညီဝိုင်းဝန်းဆောင်ရွက်ကြခြင်းဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်လာမည်ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့်လည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသော ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ဘက်ပေါင်းစုံမှ အားပေးကူညီပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ထိုသို့ရရှိပြီး အခြေခံကောင်းများကို အမိအရဆုပ်ကိုင်၍ ကယား ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန် အထူးလိုအပ်နေချိန် ဖြစ်ပါသည်။
မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါက လွတ်လပ်ရေးနှင့်အတူ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုပယောဂကြောင့် ပူးတွဲပါရှိလာခဲ့သော ပြည်တွင်းသောင်းကျန်းမှုဖြစ်စဉ်များ၊ လူမျိုးစွဲ၊ ဝါဒစွဲဖြစ်စဉ်များနှင့် တိုင်းရင်းသားများအကြား ဖြစ်ပွားခဲ့ရသည့် သံသယဖြင့် စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ကြရပါသည်။ ၎င်းအကျိုးဆက် များကြောင့် လက်နက်ကိုင်ပဋိပက္ခများသည် ယနေ့ထိတိုင် နှစ်ပေါင်း ရှည်ကြာစွာဖြစ်ပွားလျက်ရှိသဖြင့် ယင်း၏ ဆိုးကျိုးသက်ရောက်မှုများ ကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို များစွာထိခိုက်မှုရှိခဲ့သည်ကို ကယားပြည်နယ်အပါအဝင် မိမိတို့ အားလုံး လက်တွေ့ခံစားသိရှိကြပြီဖြစ်ပါသည်။
ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အိမ်စောင့်အစိုးရဖွဲ့စည်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်အောင် ဆောင်ရွက်ခြင်းသည် အရေး အကြီးဆုံးဖြစ်၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဟူသော အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာပေါ်၌ လူဦးရေ ၇ ဘီလီယံကျော်ရှိပြီး နိုင်ငံတိုင်းတွင် စားနပ်ရိက္ခာလိုအပ်ချက် များသည် အမြဲရှိနေသည်ဖြစ်ရာ အဆိုပါစားနပ်ရိက္ခာလိုအပ်ချက် များအား မိမိတို့နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် စားသောက်ကုန်များဖြင့် ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ပါသည်။ စီးပွားရေးအင်အားကောင်းလျှင် တိုင်းပြည်သာယာဝပြောပြီး တည်ငြိမ်မှုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အခြေခံအားဖြင့် စီးပွားရေးအားကောင်းအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့က ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် တစ်နိုင်ငံလုံး သာယာဝပြော လာနိုင်မည်ဖြစ်ပါသည်။
အလားတူ တိုင်းပြည်အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရန် အဓိက ကျသည့် စီးပွားရေးလုပ်ငန်းများဖြစ်ပေါ်လာစေရေး အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်း များကို တိုးတက်မှုရှိအောင် ကြိုးပမ်းဖော်ဆောင်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ထုတ်ကုန်ပစ္စည်းနည်းပါးမှုကြောင့် ရောင်းဝယ်မှု နည်းပါးခြင်းဖြစ်၍ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာ ဖြင့် အရေအတွက်များပြားစွာ ထုတ်လုပ်နိုင်ရန်လိုအပ်ပါသည်။ ထုတ်ကုန်များရရှိရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေး (MSME)ကို အခြေခံသည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်းစသည့် လိုအပ်ချက်များကို နိုင်ငံတော် အစိုးရက အတတ်နိုင်ဆုံး အစွမ်းကုန်ကူညီ အားပေးဆောင်ရွက်လျက် ရှိပါသည်။
MSME လုပ်ငန်းများ၏ ရည်ရွယ်ချက်သည် ပြည်တွင်းစီးပွားရေး အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ပစ္စည်းများကို တိုးမြှင့် တင်ပို့နိုင်ရန်ဖြစ်ပါသည်။ ထို့ကြောင့် MSME လုပ်ငန်းများ အောင်မြင် လာစေရန်အတွက် မြန်မာနိုင်ငံ၏ သဘာဝအခြေအနေအရ ပြည်တွင်း ရှိ ကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သယံဇာတပစ္စည်း များမှ ထုတ်ကုန်ပစ္စည်းများကို ထိရောက်အကျိုးရှိစွာ အသုံးပြုခြင်းဖြင့် မိမိတို့ နိုင်ငံ၏ စီးပွားရေးကဏ္ဍတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ် ပါသည်။
တိုင်းရင်းသားလူမျိုးများပြားပြီး ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်မှုပယောဂကြောင့် မိမိတို့နိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများ သည် နက်နဲရှုပ်ထွေးလှပါသည်။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းရန်များ ကျန်ရှိနေဆဲဖြစ်သည်ကို အားလုံး က လက်ခံထားကြပါသည်။ တိုးတက်မှုရှိနေသည့် ငြိမ်းချမ်းရေးလမ်းစ များအပေါ် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးက နိုင်ငံနှင့် ပြည်သူအကျိုးကို ရှေးရှုပြီး အပြုသဘောဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းက ငြိမ်းချမ်းရေးခရီးကို ပိုမိုထိရောက်စေနိုင်မည်ဖြစ် ကြောင်း အသိပေးလိုပါသည်။
ပဋိပက္ခများဖြင့် သံသရာလည်နေသည့် နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးမှာ အခက်အခဲအကျပ်အတည်းများ ရှိကြစမြဲဖြစ် ပါသည်။ ပါဝင်ပတ်သက်သူအားလုံး၏ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည့် ဆန္ဒ၊ နည်းလမ်းမှန်ကန်မှု၊ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှု၊ တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုများရှိမှသာ ငြိမ်းချမ်းရေး လိုရာခရီးပေါက်မည်ဖြစ်သည့်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်ပါမှသာ အနာဂတ်နိုင်ငံတည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
လက်နက်ကိုင်ပဋိပက္ခများရှိနေသည့် ဒေသများတွင် ပဋိပက္ခများ ၏ အကျိုးဆက်များကို ယင်းဒေသမှ ပြည်သူများ တိုက်ရိုက်ခံစား နေကြပြီး ကျန်ပြည်သူများက သွယ်ဝိုက်၍ ခံစားနေကြရပါသည်။ လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် လူ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်စေရုံ သာမက ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု များကိုလည်း ခက်ခဲစေပြီး ပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းကာ ဆင်းရဲမှုနှုန်းမြင့်တက်စေခြင်းမှာ နိုင်ငံ၏အနာဂတ်အတွက် ရင်လေး ဖွယ်ရာဖြစ်ပါသည်ကို သတိထားလုပ်ဆောင်ကြရန် တိုက်တွန်း မှာကြားလိုပါသည်။
တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အရပ်ဘက်အဖွဲ့ အစည်းများအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ မျှော်မှန်းသည့်ပန်းတိုင်ကို အချိန်တိုအတွင်း အောင်အောင်မြင်မြင်ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ထိုပန်းတိုင်သို့ ရောက်ရှိရန် အဓိကကျသည့်အချက်မှာ “ပြည့်အင်အား သည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း မိမိတို့တိုင်းရင်းသား အားလုံး မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် စည်းလုံး ညီညွတ်ကြရန်နှင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် လိုအပ်မည် ဖြစ်ပါသည်။
ယခုလတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုး လှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့အဖွဲ့အစည်းများ၏ ဆောင် ရွက်မှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ် ချောက်ကမ်းပါးထဲသို့ ဆွဲချနေသည့် မဟုတ်မမှန်လုပ်ကြံသတင်းများ၊ သဘောထားမမှန်သည့် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့ အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များ ကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြား အသိအမြင်များ မှားပြီး ညီညွတ်မှုများပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့မြင် ကြရမည်ဖြစ်ပါသည်။ ထိုအခြေအနေများ၏ အကျိုးဆက်သည် နိုင်ငံတော်၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ကြရန် လိုအပ်ပါသည်။
ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ် အခြေခံကောင်းများ ပွားများဖြစ်ထွန်းအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရပါမည်။ မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ကြရာတွင် ကယားပြည်နယ်ရှိ တိုင်းရင်းသားများကလည်း အတွေးအခေါ် အယူအဆမှန်ကန်စွာဖြင့် စည်းစည်းလုံးလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အလေး အနက် တိုက်တွန်းအပ်ပါသည်။
နိဂုံးချုပ်အားဖြင့် ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင်သူများဖြစ်ကြပါစေ၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာရေးကို အားကြိုးမာန်တက် ဆောင်ရွက်နိုင်ကြပါစေ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား တိုးတက်မြင့်မားရေးကို ဝိုင်းဝန်းဖော်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ