တိုးတက်မှုမြန်ဆန်သောနိုင်ငံ . . . ဗီယက်နမ်၏ ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ချက်များအားလေ့လာခြင်း

Type

 

ခန့်ဇော် (ကျေးလက်)

 

အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့ဘက်စွန်းတွင် တည်ရှိသည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသည် ၂၀၂၁ ခုနှစ် လူဦးရေစစ်တမ်းအရ လူဦးရေ ၉၇ ဒသမ ၆ သန်းရှိပြီး ကမ္ဘာပေါ်တွင် ၁၆ ခုမြောက်၊ အာရှတွင် အဋ္ဌမမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။  လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိပြီး ကမ္ဘာ့ဘဏ်၏ ၂၀၁၈ လေ့လာချက်အရ ကျေးလက်ဒေသ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၁၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး မြို့ပြ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၉ ဒသမ ၈ ရာခိုင်နှုန်းခန့်ရှိသည်။   

 


ကမ္ဘာ့ဘဏ်၏ တစ်ဦးကျဝင်ငွေတိုင်းတာသည့် ဝင်ငွေအလယ်အလတ် အနိမ့်အဆင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအရ ဗီယက်နမ်နိုင်ငံ၏ ဆင်းရဲမှုနှုန်းသည် ၂၀၁၀ ပြည့်နှစ်က ၁၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ပြည့်နှစ်တွင် ၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ကို တွေ့ရသည်။  နှစ်စဉ် ဆင်းရဲ နွမ်းပါးမှုနှုန်းကို ပျမ်းမျှ ၁ ဒသမ ၅  ရာခိုင်နှုန်းခန့် လျှော့ချနိုင်သည်ကို တွေ့ရသောကြောင့် စာရေးသူတို့နိုင်ငံအတွက် အတုယူစရာ နမူနာ ကောင်းများကို လေ့လာဖြစ်ခဲ့သည်။

 


ဗီယက်နမ်နိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ချက်များ


ဗီယက်နမ်နိုင်ငံအစိုးရသည်  လွန်ခဲ့သောဆယ်စုနှစ်များအတွင်း အခြေခံအဆောက်အအုံကဏ္ဍနှင့်  ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်း၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အထောက်အပံ့ ပေးခြင်း၊  ဆင်းရဲနွမ်းပါးသည့် နိုင်ငံသားများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်များ   ဆောင်ရွက်ပေးခြင်း   အပါအဝင် များစွာသော ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။  နိုင်ငံ့စီးပွားရေးကိုမြှင့်တင်နိုင်ရန် ၁၉၈၆ ခုနှစ်တွင် ဗဟိုချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးကို စတင်လှုပ်ရှား   အသက်သွင်းခဲ့ပြီး   ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်း များကို    တွန်းအားပေးဆောင်ရွက်ခဲ့သဖြင့်    လူဦးရေ ၁၀ သန်းခန့် ဆင်းရဲမှုနွံထဲမှ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်ခဲ့သည်။ 

 


တစ်နေ့ တစ်ဦးချင်းဝင်ငွေ   တစ်ဒေါ်လာထက်နည်းသည့် အလွန် အမင်းဆင်းရဲမွဲတေမှုမှာ   သိသိသာသာ လျော့ကျလာခဲ့သည့်အတွက် တရုတ်၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံများထက်ပင် ဆင်းရဲမှုနှုန်းလျော့နည်း ကြောင်း တွေ့ရပြီး ယင်းမှာ သင့်လျော်မှန်ကန်သည့် စီးပွားရေးမူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ခြင်းကြောင့်ဟု ဆိုရပေမည်။

 


ဗီယက်နမ်နိုင်ငံသည် စပါးစိုက်ပျိုးမှုကိုအခြေခံသော စိုက်ပျိုးမွေးမြူ ရေး အဓိကပြုလုပ်သည့်  နိုင်ငံဖြစ်ကာ ၁၉၈၇ ခုနှစ်မှစ၍ မြေယာပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့ပြီး   ထိုသို့ ပြုလုပ်ခြင်း၏ ရလဒ်အဖြစ် စိုက်ပျိုးမွေးမြူရေးဆိုင်ရာထုတ်ကုန်များကို အဓိကတင်ပို့ရောင်းချသော နိုင်ငံဖြစ်လာခဲ့သည်ကို တွေ့ရသည်။

 


မြေယာပြုပြင်ပြောင်းလဲရေး


၁၉၈၇ ခုနှစ်တွင်   မြေယာအသုံးပြုခွင့်ဆိုင်ရာဥပဒေပြဋ္ဌာန်းကာ တစ်ဦး (သို့)   အဖွဲ့အစည်းများက   လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထား၍ မြေယာများကို နှစ်၂၀ မှ ၅၀ အကြား အသုံးပြုခွင့် ရရှိစေရေးဆောင်ရွက်ပေးခြင်း၊ မြေယာပိုင်ဆိုင်မှုမရှိသော ဆင်းရဲနွမ်းပါးသူ များနှင့်    သဘာဝဘေးဒဏ်  ခံစားခဲ့ရသော  အိမ်ထောင်စုများအား မြေယာများ  ခွဲဝေအသုံးပြုခွင့်ပေးအပ်ခြင်း၊ ၁၉၉၀ ပြည့်နှစ်များတွင် မြေယာအသုံးပြုမှုစနစ်များနှင့်စပ်လျဉ်း၍ ဈေးကွက်ဦးစားပေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ငွေကြေး/နည်းပညာအထောက်အပံ့များပေးပြီး  ပုဂ္ဂလိကရင်းနှီးမှုများ တိုးမြှင့်ပေးခြင်း၊ ထိုမှတစ်ဆင့် စိုက်ပျိုးရေး ထုတ်လုပ်စွမ်းအား မြှင့်တင် ပေးခြင်း၊  မြေယာအသုံးပြုပိုင်ခွင့်အား ဥပဒေအရကာကွယ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များ    ဆောင်ရွက်ခဲ့သည်။    အကျိုးဆက်အဖြစ် ယနေ့ ကမ္ဘာပေါ်တွင် သီဟိုဠ်စေ့ အများဆုံးတင်ပို့သည့် နိုင်ငံ၊ ကော်ဖီ ဒုတိယအများဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ 

 


ဆင်းရဲမှုလျှော့ချရေး အမျိုးသားအဆင့်စီမံကိန်း (National Targeted Program on Poverty Reduction – NTP-PR)
ဆင်းရဲမှုလျှော့ချရေး အမျိုးသားအဆင့်စီမံကိန်းကို ဆင်းရဲနွမ်းပါးပြီး ထိခိုက်လွယ်သည့်   အိမ်ထောင်စုများ  လူနေမှုအဆင့်မြင့်မားလာစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန် ၂၀၀၂ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ခဲ့ပြီး  အသက်မွေးဝမ်းကျောင်းနှင့်  ဝင်ငွေတိုးတက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့များပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။

 


အိမ်ရာထောက်ပံ့ပေးခြင်းအစီအစဉ်


ထို့ပြင် ဆင်းရဲနွမ်းပါးသူများအတွက် အိမ်ရာလိုအပ်ချက်ပြည့်မီစေရန် ၂၀၃၀   ပြည့်နှစ်တွင်    တန်ဖိုးသင့်တင့်သော      အိမ်ရာတစ်သန်း တည်ဆောက်ပေးနိုင်ရန် စီစဉ်ခဲ့ပြီး နိုင်ငံတော်အစိုးရက ဆောက်လုပ်ရေး ကုန်ကျစရိတ်များ  လျှော့ချပေးခြင်း၊ ဝင်ငွေနည်းပါးသည့်မိသားစုများ ဝယ်ယူနိုင်စေရန်၊ ငွေကြေးလက်လှမ်းမီမှုရှိစေရန် ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့ရာ  ၂၀၁၁  ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အိမ်ရာပေါင်း ခုနစ်သိန်းခန့် တည်ဆောက်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။  ၂၀၁၄ ခုနှစ် အိမ်ရာဥပဒေ (Law on Housing 2014)အရ ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးပြည်သူများနှင့် သဘာဝဘေးကြောင့် ထိခိုက်ခံရသူများအား ထောက်ပံ့ပေးခြင်းဖြစ်သည်။

 


ထို့ပြင် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရန်၊ ချေးငွေရရှိ မှု တိုးမြင့်လာစေရန်နှင့် ဆင်းရဲသူများအတွက် သင်တန်းနှင့် ကျွမ်းကျင်မှု ဆိုင်ရာ  အခွင့်အလမ်းများ ထောက်ပံ့ပေးရန်၊ အထူးသဖြင့် ကျေးလက် ဒေသနှင့် တိုင်းရင်းသားလူနည်းစုများအတွက် လူမှုကာကွယ်စောင့်ရှောက် ရေးစနစ်များ အားကောင်းခိုင်မာလာစေရန်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့ မရှိမဖြစ် လိုအပ်သော  ဝန်ဆောင်မှုများ  လက်လှမ်းမီ တိုးတက်လာစေရေး ဆောင်ရွက်သွားရန်လည်း စီစဉ်လျက်ရှိသည်။

 

 
စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း  အိမ်ရာဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိသည်။  သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သဘာဝ ဘေးအန္တရာယ်ကျရောက်သောဒေသများ    ပြန်လည်ထူထောင်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူ(IDP)များအား ပြန်လည်နေရာချထားရေးအတွက် ကျေးလက်အိမ်ရာများ တည်ဆောက်ပေးလျက်ရှိရာ ကျေးလက်ဒေသများရှိ သဘာဝဘေးကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးသွားသော ဆင်းရဲနွမ်းပါးနှင့် ထိခိုက်လွယ်အိမ်ထောင်စုများအတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိ သည်။  ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်မှ  ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ကျေးလက်အိမ်ရာပေါင်း ၁၇၁၂ လုံးကို ကျေးရွာပေါင်း ၃၈၅ ရွာ၌ ဆောင်ရွက် ပေးခဲ့သည်။  နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်  တိုင်းရင်းသား လူမျိုးများ    ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း  ၂၀၁၆-၂၀၁၇   ဘဏ္ဍာနှစ်မှ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ရခိုင် ပြည်နယ်အတွင်း ကျေးလက်အိမ်ရာပေါင်း  ၂၂၈၁ လုံး တည်ဆောက်ပေးခဲ့သည်။  

 


မြို့ပြနေပြည်သူများ၊    အငြိမ်းစားဝန်ထမ်းများအတွက်လည်း တန်ဖိုးနည်း/တန်ဖိုးသင့်/အဆင့်မြင့်အိမ်ရာများ၊ အငှားအိမ်ရာများကို မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ပေးလျက်ရှိပြီး အိမ်ရာများကို  အိမ်ရာနှင့် အဆောက်အဦဖွံ့ဖြိုးရေးဘဏ်(CHID)ဖြင့်ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်အောင် စီစဉ်ပေးထားသည်။  မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့်  ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ် အတွင်း   အိမ်ခန်းပေါင်း   တစ်သန်းခန့်  ဆောက်လုပ်ပေးသွားရန် လျာထားခဲ့ရာ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အိမ်ခန်းပေါင်း ၅၀၆၀၀ ခန့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အိမ်ရာဖွံ့ဖြိုးရေး အစီအစဉ်များ    ဆောင်ရွက်ပေးရာတွင်   ကျေးလက်အိမ်ရာများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် နိုင်ငံတော်အစိုးရက ကျခံဆောင်ရွက်ပေးခြင်း ဖြစ်သည်။ မြို့ပြ အိမ်ရာများမှာမူ  ကုန်ကျစရိတ်ကြီးမြင့်သဖြင့် အစိုးရ အနေဖြင့် အလုံးစုံစိုက်ထုတ်ရန် ဘဏ္ဍာငွေအကန့်အသတ်ရှိသောကြောင့်  သင့်တင့်မျှတသောနှုန်းထားဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

 


CHID ကဲ့သို့ ဖွံ့ဖြိုးရေးဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်အောင် စီစဉ်ပေးခြင်းသည်လည်း အလယ်အလတ်/ ဝင်ငွေ နည်းမိသားစုများအတွက် ငွေကြေးလက်လှမ်းမီမှုရှိစေရန် တစ်ဖက် တစ်လမ်းမှ     ဆောင်ရွက်ပေးခြင်းဖြစ်သည်။   သို့ရာတွင်  အများစုမှာ လက်လှမ်းမီမှု အားနည်းနေဆဲဖြစ်ကြောင်း တွေ့ရသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ဆောက်လုပ်ရေးကုန်ကျစရိတ်များ လျော့နည်းသက်သာစေရန် ဆောင်ရွက်ပေးခြင်း၊  ငွေကြေးလက်လှမ်းမီမှုရှိစေရန် စီစဉ်ပေးခြင်း၊ ငှားရမ်းခသက်သာစွာဖြင့် ငှားရမ်းနေထိုင်နိုင်ရန် အငှားအိမ်ရာများ ယခုထက်ပို၍တည်ဆောက်ပေးခြင်း စသည်တို့ကို  ဆောင်ရွက်ပေးနိုင်လျှင်  အခြေခံအဆောက်အဦဖွံ့ဖြိုးရေး၊ လူနေမှု အဆင့်အတန်းမြင့်မားရေးကို ကောင်းစွာ အထောက်အပံ့ပြုနိုင်မည်ဟု သုံးသပ်မိသည်။

 


စဉ်ဆက်မပြတ် ဆင်းရဲမှုလျှော့ချရေး အမျိုးသားအဆင့်စီမံကိန်း (National Targeted Program on Sustainable Poverty Reduction – NTP-SPR)


NTP-SPR(၂၀၁၁-၂၀၁၅)နှင့်  NTP-SPR(၂၀၁၆-၂၀၂၀)တို့ကို အပိုင်းလိုက်ဆောင်ရွက်ခဲ့ပြီး  NTP-SPR တွင် ပရိုဂရမ် ငါးခုရှိသည့်အနက် ဘတ်ဂျက်အများဆုံးဖြစ်သည့်   Program  135 (SPR-P135) မှာ အဆင်းရဲဆုံးရပ်ကွက်၊ တိုင်းရင်းသားလူနည်းစုများနှင့် တောင်တန်းဒေသ အဆင်းရဲဆုံးကျေးရွာ ၃၃၅ ရွာကို ပံ့ပိုးပေးသော အစီအစဉ်ဖြစ်သည်။ လက်ရှိတွင် NTP-SPR (၂၀၂၁-၂၀၂၅)ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းဆင်းရဲနွမ်းပါးမှုနှုန်းကို ၁ မှ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ တိုင်းရင်းသားလူနည်းစု အိမ်ထောင်စုများအကြားတွင် ၃ ရာခိုင်နှုန်းနှင့် ဆင်းရဲသောခရိုင်များတွင် တစ်နှစ်လျှင် ၄ မှ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်ရွယ်ထားသည့်အပြင် ဆင်းရဲနွမ်းပါးနှင့် ဆင်းရဲလုနီးပါးအိမ်ထောင်စု အရေအတွက်ကို ၂၀၂၅ ခုနှစ်တွင် ထက်ဝက် ခန့် လျှော့ချနိုင်ရန် မျှော်မှန်းထားသည်ကို တွေ့ရသည်။

 


ဗီယက်နမ်၏ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း ဆောင်ရွက်ချက်များအပေါ် လေ့လာသုံးသပ်ချက်


ခြုံငုံသုံးသပ်ကြည့်လျှင်   အစိုးရ၏  ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ်သည် ကျေးလက်ဒေသများနှင့် တိုင်းရင်းသားလူနည်းစု များအကြား ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အဓိကထား ဆောင်ရွက်ခြင်း ဖြင့်  နိုင်ငံသားတိုင်း  လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ   လက်လှမ်းမီစေရေး  တန်းတူ အခွင့်အရေးရရှိစေရန် ဦးစားပေးဆောင်ရွက်ကြောင်း တွေ့ရသည်။ တရုတ်နိုင်ငံကဲ့သို့ပင် ဆောင်ရွက်ရမည့်ဒေသ၊ ဧရိယာကို တိတိကျကျ သတ်မှတ်ပြီး ဦးတည်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ 

 


စိန်ခေါ်မှုများ


လေ့လာချက်များအရ  ဗီယက်နမ်အနေဖြင့် ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်  စိန်ခေါ်မှုများမှာ-  
l    သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှု၊ 
l    ခရက်ဒစ်သုံးစွဲခွင့် ကန့်သတ်ချက်၊
l    ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးရရှိမှု ကန့်သတ်ချက်များ ဖြစ်သည်။  

 


အခွင့်အလမ်းများ


စိန်ခေါ်မှု၏တစ်ဖက်တွင်  စောင့်ကြိုနေသော  အခွင့်အလမ်းများမှာ  ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်မည့် အဓိကအထောက်အပံ့ကောင်း များဖြစ်သည့် -


l     ခိုင်မာသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊    
l     လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ တိုးချဲ့ဆောင်ရွက်နိုင်မှု၊
l     အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှု၊
l     ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတို့ ဖြစ်သည်။


ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အစိုးရက တွန်းအားပေးဆောင်ရွက် ခဲ့၍  ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံး  နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး  ၂၀၂၂  ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ  (Gross  Merchandise  Volume) ၂၈ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည့်အပြင်  ၂၀၃၀  ပြည့်နှစ်တွင် နိုင်ငံ GDP ၏ ၃၀ ရာခိုင်နှုန်းအထိ ဝေစုရရှိရန် မျှော်မှန်းထားသည်။

 


ဗီယက်နမ်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့နိုင်မှု အခြေအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)


ဗီယက်နမ်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုအား လေ့လာကြည့်ရာတွင် မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို အမြောက်အမြား တင်ပို့မှုပြုလုပ်ပြီး သဘာဝအရင်းအမြစ်ဈေးကွက်တွင် အမြင့်ဆုံးတင်ပို့မှုမှာ ရေနံစိမ်းဖြစ် သည်။  ရေနံလုပ်ငန်းသို့ နောက်ကျမှ ဝင်ရောက်လာခဲ့ခြင်းဖြစ်သော်လည်း အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ရေနံထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ 

 


စိုက်ပျိုးရေးကိုအခြေခံသည့်   စီးပွားရေးပုံစံမှ   ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကို  အဓိကဦးစားပေးသည့်စီးပွားရေးပုံစံ (Manufacturing-focused and Services-oriented Economy)သို့ ဦးတည်၍


(က)     ထုတ်လုပ်မှုပိုင်း နည်းပညာမြင့်များ သုံးစွဲနိုင်စေရေး၊
( ခ )     Value Chains တွင် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုပါဝင်လာစေရေး၊
(  ဂ )     စီးပွားရေးတိုးတက်မှုကို  ကျယ်ကျယ်ပြန့်ပြန့်   အကျိုးပြု နိုင်စေရေးအတွက် ကဏ္ဍစုံကောင်းမွန်စွာ   မောင်းနှင်နိုင် မည့် ပိုမိုကောင်းမွန်သော Vertical Value Chains ကို အသုံး ပြုရေးတို့ကို အဓိကထား  အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ ကြောင်း တွေ့ရသည်။

 


စီးပွားရေးပြုပြင်ပြောင်းလဲမှုများ  ဆောင်ရွက်ခဲ့သည့် ဆယ်စုနှစ် သုံးခု   ကျော်လွန်ချိန်တွင်   ဗီယက်နမ်သည်  အာဆီယံဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ဆွဲဆောင်နိုင်သည့် အမြင့်ဆုံး သုံးနိုင်ငံတွင် ပါဝင်လာခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ့စီးပွား မြင့်မားရေးတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ  ၂၀၀၇ ခုနှစ်တွင် GDP အမေရိကန်ဒေါ်လာ   ဘီလီယံ  ၁၀၀  ကျော်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် နှစ်ဆခန့် မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။  ၂၀၀၆ ခုနှစ်တွင် FDI ပမာဏ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံခန့်ရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(World Trade Organization-WTO)သို့ ဝင်ရောက်ခဲ့ပြီးနောက်တွင် အမေရိကန်ဒေါ်လာ ခုနစ် ဘီလီယံခန့်အထိ တစ်မုဟုတ်ချင်း တိုးမြင့်သွားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၁၄၅ ဘီလီယံခန့်အထိ ရရှိခဲ့သည်။

 


 ဗီယက်နမ်သည် ပစိဖိတ်ရပ်ဝန်း စီးပွားရေးပူးပေါင်းဆောင်ရွက် မှု (Trans-Pacific Partnership-TPP)နှင့် ၂၀၁၅ ခုနှစ်တွင် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး TTP ထဲသို့ ဝင်ရောက်နိုင်ခဲ့သည့်အတွက် စုစုပေါင်း ကမ္ဘာ့ကုန်ထုတ်လုပ်မှုတန်ဖိုး ၄၀ ရာခိုင်နှုန်းခန့်ရှိ ဈေးကွက်ကြီးထဲသို့ အကောက်ခွန်မဲ့ ဝင်ရောက်ခွင့်ရရှိသွားခဲ့သည်။ ထိုနည်းတူ ၂၀၁၉ ခုနှစ် တွင်လည်း ဥရောပသမဂ္ဂအဖွဲ့(EU)နှင့် Trade Agreement ချုပ်ဆိုနိုင်ခဲ့ ပြန်ရာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး သက်သာသည့် အခွန်နှုန်းထားဖြင့်  ပို့ကုန်ဈေးကွက်သို့  ဝင်ရောက်ခွင့်ရရှိခဲ့ကြောင်း တွေ့ရသည်။  

 


ပြည်ပပို့ကုန်များ၏ စုစုပေါင်းတင်ပို့နိုင်မှု(Gross Exports)တန်ဖိုးမှာ ၁၉၉၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ငါးဘီလီယံခန့်သာ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၉ ဘီလီယံအထိ ရှိခဲ့ သည့်အတွက် နှစ်ပေါင်း ၃၀ ကာလအတွင်း ၁၃ ဆကျော် မြင့်တက် လာခဲ့သည်ကို တွေ့ရသည်။ ယင်းတွင် တန်ဖိုးမြှင့်ပြည်တွင်းထုတ်ကုန် များအား ပြည်ပသို့ တင်ပို့နိုင်မှုမှာ ၆၈ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်တင်ပို့နိုင်မှု မှာ ၃၂ ရာခိုင်နှုန်းခန့်ရှိသည်ကို အားကျဖွယ်တွေ့မြင်ရသည်။  

 


မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့နိုင်မှုအခြေအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)


မြန်မာနိုင်ငံ၏    ပြည်ပပို့ကုန်တင်ပို့မှုကို    လေ့လာကြည့်ရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်ခြင်းကြောင့် ပို့ကုန်ကဏ္ဍတွင် ဓာတ်ငွေ့ပြီးလျှင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများဆုံးတင်ပို့နိုင် သည်ကိုတွေ့ရပြီး    အထည်ချုပ်လုပ်ငန်း၏  ပို့ကုန်ပမာဏမှာ တတိယ အများဆုံးဖြစ်ကြောင်း  တွေ့ရသည်။  ၁၉၉၀ ပြည့်နှစ်တွင်  တန်ဖိုးမြှင့် ထုတ်ကုန်များ ပြည်ပတင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၆၁၆ သန်းခန့် ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံခန့်အထိ ရောက်ရှိလာသည့်အတွက် တရိပ်ရိပ် တိုးတက်လာခဲ့သည်ဟု ဆိုရ မည်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) မှာ ၂၀၁၉ ခုနှစ်တွင် ၁ ရာခိုင်နှုန်းခန့်သာရှိပြီး   ၂၀၂၀ ပြည့်နှစ်  မေလအထိ စာရင်းအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၉၁၅ ဘီလီယံခန့် သာရရှိခဲ့သည်ကို တွေ့ရသည်။

 


ဗီယက်နမ်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး(GDP)
နိုင်ငံနှစ်ခု၏ GDP ကို လေ့လာရာတွင်  ၂၀၂၁  ခုနှစ် စာရင်းအရ ငါးဆကျော်   ကွာခြားနေသည်ကို တွေ့ရသလို တစ်ဦးချင်း GDP မှာ လည်း သုံးဆခန့်ကွာခြားနေသည်ကို တွေ့ရသည်။

 


ဗီယက်နမ်နှင့် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်သီးနှံများ တင်ပို့နိုင်မှုအပေါ် နှိုင်းယှဉ်သုံးသပ်ချက်


ဗီယက်နမ်၏ စိုက်ပျိုးသီးနှံထွက်ကုန်များကို တရုတ်၊ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိရာ တရုတ် နိုင်ငံပြီးလျှင် အမေရိကန်နိုင်ငံသည် ဗီယက်နမ်၏ ဒုတိယအကြီးဆုံး သစ်သီးဈေးကွက်ဖြစ်ပြီး  နှစ်စဉ်သီးနှံတန်ဖိုး  အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် ဗီယက်နမ်မှ တင်ပို့လျက်ရှိသည်။ ဗီယက်နမ်၏ သစ်သီး ပို့ကုန်များကို လေ့လာကြည့်ရာတွင် ငှက်ပျောသီး၊ ပိန္နဲသီး၊ သရက်သီး၊ ဒူးရင်းသီး၊ နဂါးမောက်သီး၊ နာနတ်သီး၊ လိုက်ချီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ထောပတ်၊ ပင်မှည့်သီး၊  ဩဇာသီး စသည်တို့ကို  နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ်တွင် ဒူးရင်းသီး တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၂၀ ကျော်ရရှိခဲ့သည့်အပြင် ကမ္ဘာ့အဆင့် ဒူးရင်းသီးတင်ပို့နိုင်မှုအများဆုံး သုံးနိုင်ငံ၌ ဒုတိယနေရာမှ ပါဝင်ခဲ့သည်။

 


မြန်မာနိုင်ငံအနေဖြင့်မူ IFPRI ၏ Agri-food Trade in Myanmar (၂၀၂၀ ဒီဇင်ဘာ) စစ်တမ်းအရ စိုက်ပျိုးသီးနှံအမျိုးအစားစုံ ၁၅၀ ခန့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသော်လည်း ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလအထိ အများဆုံးတင်ပို့သည့်သီးနှံများမှာ ပဲ၊ နှမ်း၊ ကြက်သွန်၊ ဖရဲ၊ ဆန်စပါး၊ ရော်ဘာ၊ ပြောင်းတို့ဖြစ်ကြောင်း တွေ့ရသည်။

 


ပြည်ပပို့ကုန်တင်ပို့နိုင်မှု နမူနာနှိုင်းယှဉ်ပြဇယား
သုံးသပ်တွေ့ရှိချက်


စာရေးသူ လေ့လာမိသလောက်တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှုမှာ  ကော်ဖီအပါအဝင်  အများစုသည် ကုန်ကြမ်းအဆင့်ဖြင့် တင်ပို့ခြင်းဖြစ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်(Value added products) များ ထုတ်လုပ်တင်ပို့နိုင်မှု အားနည်းသဖြင့် ဝင်ငွေအရ အဆပေါင်းများစွာ ကွာခြားနေကြောင်း  တွေ့ရသည်။ ဗီယက်နမ်၏ ကော်ဖီတစ်မျိုးတည်းမှ ဝင်ငွေကပင် မြန်မာနိုင်ငံ၏ သီးနှံခြောက်မျိုးပေါင်း တစ်နှစ်ဝင်ငွေထက် နှစ်ဆနီးပါး များပြားနေသည်။ သို့သော် စာရေးသူတို့နိုင်ငံ၌ တရားမဝင် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် ပြည်ပတင်ပို့မှုများ ရှိနေ နိုင်သည်မှာလည်း သတိပြုစရာဖြစ်သည်။ 

 


မည်သို့ဆိုစေ ဈေးကောင်းရရန်၊ ပြည်ပတင်ပို့နိုင်ရန် ဆိုရာတွင် ဈေးကွက်ဝင်အရည်အသွေးဖြစ်ရေးက အခြေခံအကျဆုံး လိုအပ်ချက်ဖြစ် သည်။ ဒူးရင်းသီးဆိုလျှင် မြန်မာနိုင်ငံ၌လည်း ဧကများစွာ စိုက်ပျိုးသည်။  သို့သော် မျိုးနှင့်   အရွယ်အစားကွာသဖြင့်  ဈေးကွက်ဝင်မဖြစ်ဘဲ  ပြည်ပတင်ပို့နိုင်မှု    ပမာဏနည်းသည်ကို   တွေ့ရသည်။  ကမ္ဘာတွင် ဒူးရင်းသီးစိုက်ပျိုးတင်ပို့နိုင်သည့် နိုင်ငံများအနက်  ထိပ်တန်းမှပါဝင်သည့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားတို့မှာ  ဒူးရင်းသီးကို အလုံးလိုက်သာမက အေးခဲ၍(Frozen)ပို့သလို  တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့် ဒူးရင်းသီးခြောက် လုပ်ပြီး ပို့သည်ကိုလည်း တွေ့ရသည်။ 

 


စာရေးသူတို့နိုင်ငံအနေဖြင့်    စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်ရန်၊ ဈေးကွက်ဝင်ဖြစ်ရန်၊ ပြည်ပတင်ပို့နိုင်ရန် မျှော်မှန်းချက်ထား ဆောင်ရွက်သွားရန်လိုသည်။  ထိုသို့ဆောင်ရွက်ရာတွင်  တစ်နှစ်လျှင်ရာခိုင်နှုန်းမည်မျှအထိ တိုးမြှင့်ထုတ်လုပ်မည်၊ GDP  ရာခိုင်နှုန်း  မည်မျှတိုးမြှင့်အောင် ဆောင်ရွက်မည်၊ ဆင်းရဲမှုနှုန်းကို ရာခိုင်နှုန်းမည်မျှ လျှော့ချမည် စသည်ဖြင့် နိုင်ငံအဆင့်မျှော်မှန်းချက်များကို တိတိကျကျ သတ်မှတ်လျာထားသင့်သည်။  စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ကုန်ချောအဆင့်အထိ ပြုလုပ်နိုင်မည်၊  သပ်ရပ်သည့်ထုပ်ပိုးမှုပုံစံဖြင့် အရည်အသွေးမြင့်   ထုတ်ကုန်များ  ထုတ်လုပ်တင်ပို့နိုင်မည်ဆိုလျှင် ပြည်ပပို့ကုန်တန်ဖိုး မြင့်တက်လာသည်နှင့်အမျှ  နိုင်ငံ့စီးပွားမြင့်မားရေး၊ GDP မြင့်တက်လာစေရေး၊ ဆင်းရဲမှုလျှော့ချရေးတို့အတွက် များစွာ အထောက်အကူပြုမည်ဟု သုံးသပ်မိပါသည်။ 

 


ထို့ပြင် ဗီယက်နမ်သည် WTO အဖွဲ့ဝင်နိုင်ငံဖြစ်သလို TPP အဖွဲ့၊ EU အဖွဲ့တို့နှင့်လည်း သဘောတူစာချုပ်များ ချုပ်ဆိုထားရှိသည့်အတွက် ကမ္ဘာ့ဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်ပြီး အခွန်အခ ပေးဆောင်ရမှုကအစ သက်သာသောနှုန်းထားဖြင့် လုပ်ကိုင်ခွင့်ရရှိနေသည်။  စာရေးသူတို့ နိုင်ငံအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ထုတ်လုပ်ရုံအပြင်  ဈေးကွက်ဝေစုရရှိရန်လည်း စဉ်းစားကြရမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် အာဆီယံဒေသတွင်း ဈေးကွက်နှင့် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းစသည့် အိမ်နီးချင်းနိုင်ငံများကို ဦးတည်ချက် ထားပြီး   ဈေးကွက်ဝေစု အခိုင်အမာရရှိအောင် ကြိုးစားသင့်သည်။ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ရာတွင် ပြည်တွင်း ထုတ်လုပ်မှု(Domestic Value Added)သာမက ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံထုတ်လုပ်မှု(Foreign Value Added)ကိုပါ တိုးမြင့်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 


ဗီယက်နမ်သည်   ကုန်သွယ်ရေးကဏ္ဍတွင် ဖြေလျှော့ပေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အချို့စီးပွားရေးကဏ္ဍများကို နိုင်ငံတကာဈေးကွက် သို့ ဖွင့်လှစ်ပေးခဲ့ကာ နှစ်လမ်းသွားနည်းလမ်းကို အသုံးပြုခဲ့သည်ကို တွေ့ရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ့စီးပွားမြင့်မားရေးတွင် အလွန်အရေးပါသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး အတွက်  ခိုင်မာအားကောင်းသည့် မူဝါဒများ ချမှတ်ထားရှိပြီး FDI ရာခိုင်နှုန်းမည်မျှအထိ  တိုးမြင့်လာအောင် ဆောင်ရွက်မည်ဆိုသည်ကို တိတိကျကျသတ်မှတ်ကာ မျှော်မှန်းချက်ထား ဆောင်ရွက်ရန် လိုသည်။ 

 


မျှော်မှန်းချက်ပန်းတိုင် တိတိကျကျရှိမှသာ ခရီးရောက်မှု ပိုမိုမြန်ဆန် မည်ဖြစ်၍  ကဏ္ဍအလိုက် မျှော်မှန်းချက်များ သတ်မှတ်ဆောင်ရွက်သင့် သည်။  လက်ရှိ စီးပွားရေးမူဝါဒအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကို ဦးစားပေးထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ၊ ကုန်ထုတ်လုပ်မှုများ၊ စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စေရန် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသဖြင့် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူ များနှင့် နိုင်ငံသားအားလုံး အထူးသတိချပ်ကြရန် အကြံပြုတင်ပြလိုက် ရပါသည်။      ။


ရည်ညွှန်းကိုးကားချက်    


-    Global Value Chains in ASEAN (Vietnam) Paper 11 (May 2020)
-    Global Value Chains in ASEAN (Myanmar) Paper 7 (February 2021)
-    Vietnam’s Law on Housing 2014
-    https://www.cfr.org/backgrounder/what-trans-pacific-partnership-tpp  
-    https://www.wilsoncenter.org/sites/default/files/media/documents/publication/ vietnam takes on trans pacific partnership.pdf   
-    https://policy.trade.ec.europa.eu/eu-trade-relationships-country-and-region/ countries-and-regions/vietnam/eu-vietnam-agreement en 
-    https://en.vietnamplus.vn/govt-approves-20212025-national-target-programme-on-sustainable-poverty-reduction/220972.vnp 
-     NATIONAL TARGET PROGRAMS FOR NEW RURAL DEVELOPMENT AND SUSTAINABLE POVERTY REDUCTION SUPPORT PROGRAM (NTPSP) PROGRAM-FOR-RESULTS OF THE WORLD BANK (June 9, 2017)
-    Agri-food Trade in Myanmar (Strategy Support Program, Working Paper 06 (December 2020), IFPRI)
-     https://wtocenter.vn/tin-tuc/21495-coffee-exports-bright-spot-for-vietnam-agriculture- in-2023 
-    https://www.tridge.com/intelligences/coffee-bean/MM