တိုးတက်စိုက်ပျိုးထုတ်လုပ်၍ စီးပွားရေးမြင့်မားအောင်ကြိုးပမ်း

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူများ နေ့စဉ်လူမှုဘဝ၌ လိုအပ်လျက်ရှိသည့် စားသောက်ကုန်များကို ပြည်တွင်း၌ လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်ပြီး ဈေးနှုန်းတည်ငြိမ်ပိုလျှံရေး သည် အရေးပါသည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများ နေ့စဉ်စားသောက် မှုဘဝတွင် ဆန်နှင့်ဆီသည် အဓိကကျသည့်စားသောက်ကုန်ဖြစ်သည်။


မြန်မာနိုင်ငံတွင် ဆန်ကိုလုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ပိုလျှံမှု ရှိသဖြင့် ပြည်ပသို့ နှစ်စဉ်တင်ပို့နိုင်သည်။ ဆီမှာမူ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ် သော်လည်း လုံလောက်မှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ် တန်ချိန်များစွာဝယ်ယူတင်သွင်း နေရသဖြင့် နိုင်ငံခြားငွေအမြောက်အမြားကုန်ကျလျက်ရှိသည်။ ပြည်ပမှတင်သွင်း သည့် စားသုံးဆီများတွင် စားအုန်းဆီတင်သွင်းမှုအများဆုံးဖြစ်ပြီး နှစ်စဉ်တန်ချိန် ခြောက်သန်းကျော်တင်သွင်းနေရသည်။ စားအုန်းဆီလိုအပ်ချက် မြင့်မားနေရခြင်း နှင့် ဈေးနှုန်းတက်ရခြင်းအကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း သုံးနှင့် အခြေခံပြည်သူများ အများစုအသုံးပြုနေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်နှင့် ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်ရန်အတွက် ပြည်တွင်း စားသုံးဆီသုံးစွဲမှု  လျှော့ချရေးနှင့်  ပြည်တွင်းစားသုံးဆီသီးနှံ  တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်ရေးကို   တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။   သို့သော် ပြည်တွင်း၌ စားသုံးဆီသုံးစွဲမှုနှုန်း များပြားနေဆဲဖြစ်ပြီး ကျန်းမာရေးရှုထောင့်အရ ပြည်သူများ ဆီစားသုံးမှုလျှော့ချရေး၊ ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ အမျိုးမျိုး တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိလာစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံကဏ္ဍမှ    အလုပ်အကိုင်အခွင့်အလမ်းများ    ပိုမိုရရှိလာစေရေးနှင့် စားသုံးဆီတင်သွင်းခြင်းမှ နိုင်ငံခြားငွေအသုံးပြုမှု လျော့နည်းသက်သာစေရေးတို့ကို ရည်ရွယ်ပြီး ယခုနှစ်မီနီဘတ်ဂျက်မှစတင်ပြီး ပြည်ပမှ စားသုံးဆီတင်သွင်းခြင်းအား အကန့်အသတ်ဖြင့် တင်သွင်းခြင်းကို ဆောင်ရွက်နေပြီဖြစ်သည်။
ကမ္ဘာ့စားအုန်းဆီဈေးကွက်တွင် ယခင်ဘဏ္ဍာရေးနှစ်များက ဈေးနှုန်းတည်ငြိမ် ခဲ့သော်လည်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာသည့် ယမန်နှစ်မှစတင်၍ ကမ္ဘာ့စားအုန်းဆီဈေးနှုန်းများ  မြင့်တက်လာခဲ့သည်။    စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဈေးနှုန်းပြောင်းလဲမှုနှင့်အညီ ပြည်တွင်း ၌    ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ   ဖြစ်ပေါ်စေရေးအတွက်   “စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ”ကို ဖွဲ့စည်း၍ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့စားသုံးဆီဈေးနှုန်းမြင့်တက် လာမှုနှင့်အတူ ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေးရေးနှင့် ဈေးကွက်အတွင်း မသမာမှုများကို အရေးယူဆောင်ရွက်လျက်ရှိပြီး အခြေခံစားသုံးသူများ အခက်အခဲ မရှိစေရေးအတွက် နိုင်ငံအနှံ့တွင် သတ်မှတ်ထားသောဈေးနှုန်းဖြင့် စားအုန်းဆီ များကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။


လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ဂယက်ရိုက်ခတ်မှုကြောင့် စားသုံး ဆီ၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာချိန်တွင် ထပ်မံ၍ ဥရောပတွင်ဖြစ်ပေါ် နေသော နိုင်ငံရေး၊ စစ်ရေးမတည်ငြိမ်မှုများကြောင့် စားသုံးဆီ၊ စက်သုံးဆီဈေးနှုန်း များ ထပ်မံမြင့်တက်လာသည်။  ထိုသို့ဆီဈေးကွက်မတည်ငြိမ်မှုနှင့်  ဈေးနှုန်း မြင့်တက်မှု ဂယက်ရိုက်ခတ်မှုများမှာ မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများအားလုံး ကြုံတွေ့နေရခြင်းဖြစ်သည်။   ထိုသို့ဖြစ်ပေါ်နေသောအခြေအနေတွင်   မြန်မာ နိုင်ငံတွင် စားသုံးဆီ၊ စက်သုံးဆီ လျှော့ချသုံးစွဲရေးကို ပြည်သူများအားလုံးက အမျိုးသားရေးအသိဖြင့်   နိုးကြားတက်ကြွစွာ   ပါဝင်ဆောင်ရွက်ဖို့   လိုအပ်မည် ဖြစ်သည်။


မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံ ဖြစ်သောကြောင့် ယခုအချိန်အခါတွင် ဆီထွက်သီးနှံ တိုးတက်စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။ ဒေသခံစိုက်ပျိုး ထုတ်လုပ်သူများ လုပ်ကိုင်နိုင်မှုစွမ်းအားနှင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ တွန်းအားပေးဆောင်ရွက်မှု၊ ဝိုင်းဝန်းဖြည့်ဆည်း ကြီးကြပ် ကူညီဆောင်ရွက်ပေးမှုများအရ ယခုစိုက်ပျိုးရေးရာသီတွင် နယ်မြေဒေသအသီးသီး၌ ဆီထွက်သီးနှံအထွက်တိုးရေးအား စတင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် လာမည့်ကာလ စိုက်ပျိုးသီးနှံများပေါ်ထွက်လာသောအခါ၌ ယခင်နှစ် များကထက် ပိုမိုအထွက်တိုးလာမည်ဖြစ်သည်။


သို့ဖြစ်ရာ စက်သုံးဆီ၊ စားသုံးဆီအရေးသည် မြန်မာနိုင်ငံတွင် အရေးကြီးသော အခြေအနေဖြစ်ပြီး ပြည်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရေး၊ နိုင်ငံတော်မှ နှစ်စဉ်    ပြည်ပမှဆီတင်သွင်းရမှုများ   လျော့ကျစေရေး၊    နိုင်ငံ့စီးပွားမြင့်မား တိုးတက်စေရေးအတွက်      ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်   တိုက်တွန်းအပ် ပါကြောင်း။      ။