
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာပါခင်ဗျား-
ယနေ့ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။
ရှမ်းပြည်နယ်သည် မိမိတို့နိုင်ငံ၏ အရှေ့ဘက်တောင်တန်းဒေသများ ဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း ခြောက်သောင်းခန့်ရှိကာ တစ်ဖက်နိုင်ငံ များနှင့်လည်း ဆက်စပ်နေသဖြင့် နိုင်ငံအတွက်အရေးပါသည့် ပြည်နယ် တစ်ခုလည်းဖြစ်ပါသည်။ ရှမ်း၊ ကချင်၊ ကယား၊ ပလောင်၊ ပအိုဝ်း၊ ဝ၊ ဓနု၊ ကိုးကန့်စသည့် တိုင်းရင်းသားမျိုးနွယ်စုများစွာတို့သည် ကိုယ်ပိုင် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ဖြင့် စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲ စုပေါင်းနေထိုင်လျက်ရှိကြပြီး တောတောင်ရေမြေ သဘာဝအလှအပ များနှင့် ပြည့်စုံသောဒေသဖြစ်ပါသည်။ ထို့ပြင် မြေပေါ်မြေအောက် သယံဇာတများဖြစ်သည့် သတ္တုရိုင်းတွင်းထွက်များ၊ ကျောက်မျက် ရတနာများ၊ ကျွန်းသစ်နှင့် သစ်တောထွက်ပစ္စည်းများဖြင့် ရေခံမြေခံ ကောင်းများလည်းရှိပြီး နယ်စပ်ဒေသကုန်သွယ်ရေးများဖြင့် ဖွံ့ဖြိုး တိုးတက်လျက်ရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နှစ်ပေါင်းများစွာ ကတည်းကပင် သမိုင်းအထောက်အထား အခိုင်အမာနှင့် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေများ ထွန်းကားခဲ့ပြီး တိုင်းရင်းသားလူမျိုးစုအားလုံးတို့ ခေတ်အဆက်ဆက် အေးအတူပူအမျှ အခြေချနေထိုင်လာခဲ့ကာ ကမ္ဘာ့အလယ်တွင် ထင်ရှားစွာရပ်တည်လာခဲ့ကြပါသည်။ သို့ရာတွင် နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို ကျူးကျော်စစ် သုံးကြိမ်တိုင်တိုင် တိုက်ခိုက်သိမ်းယူခဲ့ ခြင်းကြောင့် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပါသည်။
တိုက်ထုတ်နိုင်ခဲ့
ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တို့နှင့်ပူးပေါင်း၍ နယ်ချဲ့အင်္ဂလိပ်ကို မောင်းထုတ်နိုင်ခဲ့သလို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာ့မြေပေါ်မှ အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့ကြပါသည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်နောက် ဗြိတိသျှစစ်တပ် များသည် ဗမာနိုင်ငံအား ပြန်လည်သိမ်းပိုက်ခဲ့ကြပါသည်။ ယင်းအချိန် ၌ ရှမ်းပြည်နယ်စော်ဘွားများ၊ လူထုခေါင်းဆောင်များနှင့် ပြည်သူ လူထုသည် စစ်ဘေးစစ်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည့်ကြားမှာပင် နိုင်ငံရေးအရ နိုးကြားတက်ကြွလာခဲ့ကြပါသည်။
စစ်မှန်သောလုံးဝလွတ်လပ်ရေး မရရှိမချင်း တိုက်ပွဲပေါင်းစုံဆင်နွှဲ နေကြမည်ဟူသော တိုင်းရင်းသားအားလုံး၏ရင်တွင်းမှ ခိုင်မာပြင်းပြ သော သန္နိဋ္ဌာန်ဖြင့် တိုင်းရင်းသားခေါင်းဆောင်များသည် တညီတညွတ် တလုံးတစည်းတည်း စုပေါင်း၍ အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ကြ ပါသည်။ ထိုသို့ လွတ်လပ်ရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြရာတွင် ရှမ်းပြည်နယ်မှ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၊ ရှမ်းစော်ဘွားများနှင့် ရှမ်းတိုင်းရင်းသားများကလည်း ရွပ်ရွပ်ချွံချွံ ပူးပေါင်းပါဝင်ခဲ့ကြသည်မှာ ရှမ်းတိုင်းရင်းသားများ၏ မျိုးချစ်စိတ်ဓာတ်ကို ပေါ်လွင်စေခဲ့ပါသည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်အတွက် တိုင်းရင်းသားခေါင်းဆောင်များနှင့် လှည့်လည်တွေ့ဆုံ ဆွေးနွေးချိန်တွင် တောင်ကြီးမြို့သို့ ဝင်ရောက်၍ ရှမ်းပြည်နယ်မှ စော်ဘွားများ၊ ကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် လန်ဒန်သို့သွားရောက်ပြီး တောင်တန်းဒေသများအပါအဝင် မြန်မာ တစ်နိုင်ငံလုံးကို အတူတကွ လွတ်လပ်ရေးပေးရန် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးခဲ့ပါသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် ဗမာပြည်မနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေးအရယူမည့် သဘောတူဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ချမှတ်နိုင်ခဲ့ပါသည်။ ထိုသို့ တောင်တန်း၊ ပြည်မ မခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးကို အတူတကွရယူရန် ဆုံးဖြတ်နိုင်ခဲ့ သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့ အဖြစ် ကျင်းပပြုလုပ်လာခဲ့သည်မှာ (၇၅)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ပြင် မကြာမီကျရောက်တော့မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုကာလလည်းဖြစ်သဖြင့် ထူးခြားလေးနက်သည့် သဘောကို ဆောင်နေပါသည်။ ထို့ကြောင့် ရှမ်းပြည်နယ်နေ့သည် တိုင်းရင်းသားအားလုံး၊ မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော နေ့ထူးနေ့မြတ် အခါသမယပင်ဖြစ်ပါသည်။
အသက်တမျှအရေးပါလျက်ရှိ
တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်း တည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးပါလျက်ရှိသလို နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် ကြီးမားသော မောင်းနှင်အားတစ်ရပ်လည်း ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ထာဝရ ငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားရမည်ဖြစ်ပါသည်။ ယနေ့ အချိန်တွင် ငြိမ်းချမ်းရေးမရရှိသေးသည့် နယ်မြေဒေသများရှိ ဒေသခံ ပြည်သူများသည် ရည်ရွယ်ချက်မဲ့သောစစ်ပွဲများကို စိတ်ကုန်မုန်းတီး နေကြပြီ ဖြစ်ပါသည်။ မိမိတို့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံ အေးချမ်းစွာ နေထိုင်လိုခြင်းသည် တိုင်းရင်းသားပြည်သူအားလုံး၏ တူညီပြင်းပြသောဆန္ဒပင်ဖြစ်ပါသည်။
ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား အပြန်အလှန် နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကို အခြေခံလျက် စည်းလုံးညီညွတ်မှု တို့ကို တည်ဆောက်သွားကြရမည် ဖြစ်ပါသည်။ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး တစ်ရက်စောပြီး တည်ဆောက်နိုင်လျှင် ပြည်သူများ အတွက် တစ်ရက်စောပြီး အကျိုးရှိမည်ဖြစ်ပါသည်။
ယနေ့အချိန်အခါတွင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ကြိုးပမ်းမှုများကြောင့် ဆွေးနွေးပွဲများကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများ တိုးတက်ရရှိ နိုင်တော့မည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် ( ၅ )ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်( ၉ )ရပ်တို့ကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိ ပါသည်။ မြန်မာနိုင်ငံကြီးအား လွတ်လပ်မှု၊ လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းအပ်ပါ သည်။
တိုင်းရင်းသားညီအစ်ကိုများအကြား ၁၉၄၇ ခုနှစ်က ပင်လုံတွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုပုံစံ မျိုးတို့ကို ပြန်လည်ရရှိအောင် တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။
လွန်ခဲ့သော ၇၅ နှစ်က ပင်လုံမြို့ကလေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သလို ယနေ့အချိန်အခါတွင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ဖို့ အားလုံး ဝိုင်းဝန်းကြိုးစားသွားကြရမည် ဖြစ်ပါသည်။
သတိပြုသင့်
နိုင်ငံအတွင်း ယနေ့ဖြစ်ပေါ်ကြုံတွေ့နေရသည့် ဆူပူအကြမ်းဖက် မှုများကြောင့် တည်ငြိမ်အေးချမ်းမှု မရှိခြင်းအတွက် တိုင်းရင်းသား ပြည်သူများအနေဖြင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ကြရပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေလျက်ရှိပါသည်။ နိုင်ငံနှင့် ပြည်သူအကျိုးကို မကြည့်ဘဲ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲစိတ်ဖြင့် လွဲမှားစွာ ဆောင်ရွက်နေသည့်လုပ်ရပ်များကို တိုင်းရင်းသားပြည်သူအားလုံးက အသိ၊ သတိဖြင့် သုံးသပ်ဆင်ခြင်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေး သတိပြုသင့်ကြပါသည်။ ထိုသို့မဟုတ်ပါက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေပြီး နိုင်ငံ၏ရှေ့ရေးမှာ ရင်လေး ဖွယ်ရာ ကောင်းပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ တိုင်းရင်းသားပြည်သူ အားလုံးက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကို အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရ များဖြင့် ပြည့်ဝသော ဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ပင်လုံစိတ်ဓာတ်အရင်းခံကာ ချစ်ကြည် စည်းလုံးစွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက် သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ