တိုင်းရင်းသားအားလုံးတို့သည် မိမိတို့၏ ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဆိုပါက ပြည်ထောင်စုကြီးစည်းလုံးညီညွတ်စွာဖြင့် အရှည်တည်တံ့ခိုင်မြဲနေမည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ 
ပေးပို့သည့် သဝဏ်လွှာ 
(၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်)
 

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံအတွင်းရှိ မိဘပြည်သူများ နှင့် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျာ -
ယနေ့ ခရစ်နှစ်  ၂၀၂၄  ခုနှစ်  ဇန်နဝါရီလ ၁၁ ရက်၊ ကရင် သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခု ပြာသိုလဆန်း     ၁  ရက်နေ့သည်   ကရင်တိုင်းရင်းသား   ညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့်    ကရင်အမျိုးသားနှစ်သစ်ကူး    နေ့ထူး နေ့မြတ်ဖြစ်ပါသည်။  ကရင်နှစ်သစ်ကူးအခါသမယတွင်    ကရင် တိုင်းရင်းသားများအပါအဝင်    မိဘပြည်သူအားလုံး   ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း စသည့်  ကျက်သရေမင်္ဂလာ အပေါင်းနှင့်    ပြည့်စုံပါစေကြောင်း    ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။  
ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးတို့သည် ရှေးပဝေသဏီကပင် မိမိတို့ ဆိုင်ရာ လူမျိုးအလိုက်စုပေါင်း၍ ရေကြည်ရာ မြက်နုရာဒေသများသို့ အဆင့်ဆင့်ရွှေ့ပြောင်းနေထိုင်အခြေချခဲ့ကြသည်။ ကရင်လူမျိုးတို့သည် ဘီစီ ၇၃၉ ခုနှစ်၌ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိအခြေချနေထိုင်လာခဲ့ ခြင်းကြောင့်  ကရင်အမျိုးသားများ စတင်ရောက်ရှိခဲ့သည့် ဘီစီ ၇၃၉ ခုနှစ်ကို အခြေခံပြီး တွက်ချက်လာခဲ့ကြရာ ယခုနှစ်သည် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ဖြစ်ပါသည်။
ယခုနှစ်တွင်  ကျရောက်သည့်   ကရင်သက္ကရာဇ်  ၂၇၆၃  ခုနှစ်၊ သလေး (စကောကရင်) (၁) ရက်နေ့နှင့် ထိုင်ခေါက်ဖို (ပိုးကရင်) (၁) ရက်နေ့သည် ကရင်တိုင်းရင်းသားတို့၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပါသည်။ မြန်မာသက္ကရာဇ်အရဆိုပါက ၁၃၈၅ ခုနှစ် ပြာသို လဆန်း (၁) ရက်နေ့ ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ကို နိုင်ငံတော် အစိုးရက မြန်မာတစ်နိုင်ငံလုံး တရားဝင်ရုံးပိတ်ရက်အဖြစ် ဂုဏ်ပြု သတ်မှတ်ပေးထားပါသည်။ 
ချစ်ခင်လေးစားအပ်ပါသော    တိုင်းရင်းသားမိဘပြည်သူညီအစ်ကို မောင်နှမများ ခင်ဗျာ-
ကရင်အမျိုးသားဆိုသည်မှာ လူမျိုးတစ်ခုတည်း၏ အမျိုးဇာတိ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့် မသက်ဆိုင်ဘဲ အားလုံး သော ကရင်မျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစုဝင်အနွယ်တူ လူမျိုး များအားလုံးကို  စုပေါင်း၍ခေါ်ဆိုခြင်းဖြစ်ပါသည်။  ကရင်မျိုးနွယ်စု (၁၁)မျိုး ရှိပြီး ၎င်းတို့မှာ ကရင်လူမျိုး၊ ကရင်ဖြူလူမျိုး (ဂေဘားကရင်)၊ ပလေကီး လူမျိုး (ပလေချီး)၊ မွန်ကရင်လူမျိုး (စာဖြူ) (အရှေ့ပိုးကရင်)၊ စကောကရင်လူမျိုး၊ တလှေပွာလူမျိုး (တလှေပွား)၊ ပကူးလူမျိုး၊ ဘွဲ လူမျိုး၊ မောနေပွားလူမျိုး၊ မိုးပွလူမျိုး (မိုးပွား)၊ ပိုးကရင်လူမျိုး (ရှို) (အနောက်ပိုးကရင်)တို့ဖြစ်သည်ကို တွေ့ရှိရပါသည်။ ကရင်လူမျိုးများ တွင် စကောကရင်နှင့်  ပိုးကရင်ဟူ၍ အဓိကလူမျိုးစုကြီး နှစ်စုရှိပြီး ယဉ်ကျေးမှုဓလေ့စရိုက်နှင့် အသုံးပြုသောဘာသာစကားတွင် ကွဲပြား ခြားနားမှုရှိသည်ကို တွေ့ရှိရပါသည်။
ကရင်တိုင်းရင်းသားများသည် မြန်မာတိုင်းရင်းသားများဖြစ်သည် နှင့်အညီ ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ခဲ့ကြ ပါသည်။ အထူးသဖြင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပျံ့နှံ့နေထိုင်လျက် ရှိကြပါသည်။ သမိုင်းတစ်လျှောက် မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသား အားလုံးနှင့် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင် ခဲ့ကြပါသည်။ ထိုမျှသာမက မိမိတို့နိုင်ငံ သူ့ကျွန်လက်အောက် ကျရောက် ခဲ့စဉ်ကလည်း နိုင်ငံလွတ်လပ်ရေးအတွက် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည် ချစ်စိတ်၊   နိုင်ငံချစ်စိတ်အပြည့်ဖြင့်   တိုင်းရင်းသားအားလုံးနှင့်အတူ အသက်၊ သွေး၊ ချွေးစတေး၍ တိုက်ပွဲဝင်ခဲ့ကြသည်မှာ လေးစားဂုဏ်ယူ ဖွယ်ရာဖြစ်ပါသည်။
ကရင်ပြည်နယ်၏ အထင်ကရနေရာအမှတ်အသားသည် ဇွဲကပင် တောင်ဖြစ်သကဲ့သို့ ကရင်တိုင်းရင်းသားတို့၏ ကိုယ်စားပြုယဉ်ကျေးမှု သင်္ကေတမှာ  ဖားစည်နှင့် ကျွဲချိုဖြစ်ပါသည်။ ကရင်မျိုးနွယ်စုအားလုံး တို့သည် နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာ ခေါ်ပွဲ၊ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်စသည့် ဘာသာရေးဆိုင်ရာ နှင့် ရိုးရာပွဲတော်များကို သတ်မှတ်ကာလအလိုက် ပြုလုပ်ကျင်းပကြပါ သည်။ ထို့ပြင် ကရင်လူမျိုးတို့၏ ကရင်ဒုံးအကသည် မြူးကြွသွက်လက် ၍ လူကြိုက်များသောအကဖြစ်ပြီး ပြည်တွင်း၌သာမက ကမ္ဘာအနှံ့အထိ ပျံ့နှံ့ကာ နိုင်ငံတကာက စိတ်ဝင်စားနှစ်ခြိုက် မြတ်နိုးကြသည့် မိမိတို့ တိုင်းရင်းသား ကိုယ်ပိုင်ယဉ်ကျေးမှုအကတစ်ခု  ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ   ကရင်တိုင်းရင်းသား   ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို  သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံးတို့သည် မိမိတို့၏ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲထိန်းသိမ်း စောင့်ရှောက်သွားမည်ဆိုပါက ပြည်ထောင်စုကြီး စည်းလုံးညီညွတ်စွာ ဖြင့် အရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ပါသည်။ 
ထို့ကြောင့်  ကရင်တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ တိုင်းရင်း သားစာပေ၊ ဘာသာစကား၊  ယဉ်ကျေးမှု၊  အနုပညာ၊   ရိုးရာဓလေ့ ထုံးတမ်း၊   သမိုင်းအမွေအနှစ်များ  ဘိုးဘွားဘီဘင် အစဉ်အဆက် လက်ဆင့်ကမ်း   ထိန်းသိမ်းလာခဲ့ကြသကဲ့သို့    ရိုးသားမှု၊  ကြိုးစားမှု၊  သစ္စာရှိမှု၊ တိကျပြတ်သားစွာ ဆောင်ရွက်တတ်မှု  စသည့်အစဉ်အလာ ကောင်းများကို  နောင်အနာဂတ် တိုင်းရင်းသားလူငယ်မျိုးဆက်သစ် များက   ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်    တိုက်တွန်း လိုပါသည်။ 
ချစ်ခင်လေးစားအပ်ပါသော    တိုင်းရင်းသား  မိဘပြည်သူညီအစ်ကို မောင်နှမများ ခင်ဗျာ-
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် ရည်မှန်းချက်များ နှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ( ၉ ) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ သည်။ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများနှင့် အတူ     ဒေသအလိုက်     အကောင်အထည်ဖော်     ဆောင်ရွက်ရသော တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ များက ရည်မှန်းချက်များအောင်မြင်ရေး အလေးထားအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 
မိမိတို့နိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအားလုံး ပူးပေါင်း ၍ ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ နိုင်ငံတော် အနေဖြင့်  ပြည်သူများအတွက် တည်ငြိမ်အေးချမ်းရေးနှင့် အဘက်ဘက် မှ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့  လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်       တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုး၊ မွေးမြူရေးကို ဦးစားပေး ဆောင်ရွက်ပေးလျက် ရှိပါသည်။ ၎င်းမှတစ်ဆင့် ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး  အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ 
၎င်းအပြင်   နိုင်ငံနှင့်ပြည်သူလူထုအတွက်  အကျိုးရှိပြီး ရေရှည် အာမခံချက်ရှိသော စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ နိုင်ပါက  လုပ်ငန်းရှင်၊  အလုပ်သမား၊ နိုင်ငံတော်နှင့် ပြည်သူအကျိုး များစွာ ရရှိနိုင်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက် လျက်ရှိပါသည်။ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားရေး အင်အားတောင့်တင်းခိုင်မာရန်မှာလည်း   အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။  ဒေသအလိုက်   စိုက်ပျိုးရေးနှင့်   မွေးမြူရေးသဘာဝ ထွက်ကုန်များကို အခြေခံသော MSME လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက်        အခြေခံသွင်းအားစုများ     တိုက်ရိုက် တင်သွင်းနိုင်ရေးဆောင်ရွက်၍         စီးပွားရေးကို      မြှင့်တင်ကြရမည် ဖြစ်ပါသည်။
ပြည်နယ်အတွင်း ထွက်ရှိသည့်  ကုန်ကြမ်းများကို အခြေပြုပြီး “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” ဖြစ်အောင် ကြိုးစားလုပ်ဆောင်သွား နိုင်ပါက တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပြီး တစ်ဖက်တစ်လမ်းကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများ ခင်ဗျာ-
ယခုအချိန်တွင် ကရင်ပြည်နယ် ဒေသအချို့အပါအဝင် နိုင်ငံတော် အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် နိုင်ငံတော်နှင့် ပြည်သူ အားလုံး ဘက်ပေါင်းစုံမှ များစွာထိခိုက်နစ်နာမှုများ  ဖြစ်ပေါ်လျက်ရှိပါ သည်။ အမှန်တရားအပေါ် အခြေမပြုဘဲ  ပြည်တွင်းပြည်ပ သွေးထိုး မြှောက်ပင့်မှုများနှင့်      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အားပေးကူညီမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများနှင့် တိုက်ပွဲများ၏ ဆိုးကျိုးနှင့် ဆင်းရဲဒုက္ခကို လက်တွေ့ခံစားနေကြရသူ များမှာ  တိုင်းရင်းသားပြည်သူများသာ ဖြစ်ပါသည်။   အသက်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ဘက်ပေါင်းစုံတွင် အခက်အခဲများစွာကို ရင်ဆိုင်နေ ကြရပါသည်။ အချိန်ကာလကြာမြင့်စွာ အချိန်ယူတည်ဆောက်ခဲ့ရသည့် ငြိမ်းချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်မှုများမှာ  ပျက်စီးဆုံးရှုံးပြီး မူလ အခြေအနေပြန်လည်ရရှိရန် အချိန်ကာလ၊ လူအင်အား၊  ငွေအင်အား ဘက်ပေါင်းစုံမှ ကြိုးစားတည်ဆောက်ကြရမည်ဖြစ်ပါသည်။
နိုင်ငံအတွင်းဖြစ်ပွားနေသည့်         ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့်     ပျက်စီးဆုံးရှုံးသွားသမျှသော  အသက်ခန္ဓာများနှင့် အရာဝတ္ထုအားလုံးမှာ  မိမိတို့နိုင်ငံ၏ အဖိုးတန် အရင်းအမြစ်များပင်ဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းမှုမရှိသော နေရာ ဒေသသည် ဖွံ့ဖြိုးတိုးတက်မှုနှင့်   သာယာဝပြောမှု ကင်းဝေးလျက်  ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမှာလည်း နိမ့်ကျ လျက်ရှိနေမည်ဆိုသည့်အချက်ကို အားလုံးက သတိပြုအလေးအနက် ထားကြစေလိုပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ဒို့တာဝန်အရေး သုံးပါးဖြစ်သည့်    ပြည်ထောင်စုမပြိုကွဲရေး၊   တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊   အချုပ်အခြာအာဏာ   တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူချက်ဖြင့်   ဆောင်ရွက်လျက်ရှိပါသည်။   အဆိုပါ အမျိုးသားရေးလုပ်ငန်းသုံးရပ်ကို    အခြေခံသော   ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့်  နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင် မာမာ ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည် မဟုတ် ပါကြောင်း အလေးအနက် ပြောကြားလိုပါသည်။ 
ထို့ပြင် နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အစဉ်ထာဝရ တံခါးဖွင့် ကြိုဆိုလျက်ရှိပြီး အခက်အခဲမှန်သမျှကို  လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် NCA ပါ သဘောတူညီချက်များ နှင့်အညီ  လက်တွဲဖြေရှင်းဆောင်ရွက်နိုင်ကြပါရန်   တိုင်းရင်းသား အဖွဲ့အစည်းများအားလုံးကို အမြဲလက်ကမ်းဖိတ်ခေါ် ကြိုဆိုလျက် ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။
ယနေ့   မိမိတို့နိုင်ငံအတွက်    လိုအပ်လျက်ရှိသော   တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားပြည်သူအားလုံး က ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာလျှင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်မည် ဖြစ်ပါသည်။  မိမိတို့နေထိုင်ရာဒေသများတွင် တိုက်ပွဲများနှင့် ဆူပူ အကြမ်းဖက်မှုများ လျော့နည်းပပျောက်လာအောင် အချင်းချင်းဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ ဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေး ဆောင်ရွက်ကြကာ နိုင်ငံနှင့် ပြည်သူအကျိုးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးကြ ပါရန်    တိုက်တွန်းနှိုးဆော်လျက်   ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာပေးပို့အပ်ပါသည်။
    ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
    သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် 
    နိုင်ငံတော်ဝန်ကြီးချုပ် 
    ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ