တိုင်းရင်းသားအားလုံး၏ ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် သွေးစည်းညီညွတ်စွာ ကြိုးပမ်းကြလျှင် အနာဂတ်ကာလတွင် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာမည်ဟု ယုံကြည်

တိုင်းရင်းသားအားလုံး၏ ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့်

သွေးစည်းညီညွတ်စွာ ကြိုးပမ်းကြလျှင် အနာဂတ်ကာလတွင် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာမည်ဟု ယုံကြည်

=======================================================================

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)

 

ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျား-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သော နေ့ထူးနေ့မြတ်အခါ သမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲနေထိုင်ကြသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုဗစ်-၁၉ ကပ်ရောဂါဘေးကင်းစင်ဝေးပြီး ကောင်းကျိုး ချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ့်ယဉ်ကျေးမှုဖြင့် တိုင်းရင်းသားပြည်သူများအားလုံး အေးအတူ ပူအမျှ အတူတကွနေထိုင်ခဲ့ကြသည့် လွတ်လပ်သည့်နိုင်ငံတစ်ခု ဖြစ်ပါ သည်။ ကမ္ဘာတစ်ဝန်း လွှမ်းမိုးကြီးစိုးလာခဲ့သော ကိုလိုနီစနစ်ဆိုးသည် ၁၉ ရာစုတွင် မြန်မာနိုင်ငံသို့ ရိုက်ခတ်လာခဲ့ကာ ကိုလိုနီနယ်ချဲ့များက မတရားကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲသိမ်းပိုက်ခဲ့သည့်အတွက် ၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘဝ ကျရောက်ခဲ့ရပါသည်။

 

သူ့ကျွန်ဘဝကျရောက်ခဲ့ပြီးနောက် အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားအားလုံး၏ အသက်သွေးချွေး မြောက်မြားစွာ ရင်းနှီးပေးဆပ်မှု၊ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် စွန့်လွှတ်စွန့်စားသော သတ္တိဗျတ္တိရှိမှု၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ထက်သန်မှုတို့ကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးအောင်ပန်းကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပါသည်။ ထိုစဉ် ကတည်းက အမျိုးသားခေါင်းဆောင်ကြီးများက နိုင်ငံတော်တွင် ဒီမိုကရေစီဝါဒကို မျှော်မှန်းခဲ့ပါသည်။ ပြည်ထောင်စု စနစ်ကို ရည်ရွယ်ခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောအောင် ကြံဆောင်ခဲ့ကြပါသည်။

 

သို့သော် ကိုလိုနီနယ်ချဲ့၏ သွေးခွဲအုပ်ချုပ်မှုစနစ်ဆိုးကြောင့် လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်တည်ဆောက်ရေး အပိုင်းတွင်လည်း တိုင်းရင်းသားညီအစ်ကို အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုများ၊ မယုံကြည်မှုများ၊ သံသယများ၊ အယူအဆကွဲပြားမှုများ၊ အုပ်စုစွဲများကြောင့် ခါးသီးလှသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ ရပါသည်။ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သော ယင်းလက်နက်ကိုင်

 

k ရှေ့ဖုံးမှ

ပဋိပက္ခများကြောင့်လည်းကောင်း၊ ပြင်ပကမ္ဘာ့နိုင်ငံအများစုနှင့် ကင်းကွာ လာခြင်းကြောင့်လည်းကောင်း တိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွား ဘဝကို မျှော်မှန်းသလောက် မြင့်မားတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘဲ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် များစွာနောက်ကျကျန်နေခဲ့ ရပါသည်။

ထို့ကြောင့် လွတ်လပ်ရေးကို အရယူပေးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်များကို နည်းမှန် လမ်းမှန်ဖြင့် အကောင်အထည်ဖော်ကြရန်မှာ နိုင်ငံသားအားလုံး၏ သမိုင်းပေး တာဝန်ဖြစ်ပါသည်။ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံချစ် တိုင်းရင်းသားခေါင်းဆောင်ကြီးများက အသက်သွေးချွေးစတေးပြီး ခက်ခက်ခဲခဲ ကြိုးပမ်းရယူခဲ့ကြရသော ပြည်ထောင်စုအမွေဖြစ်သည့် လွတ်လပ်ရေးတည်တံ့ခိုင်မြဲစေရန်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စုပေါင်းအင်အားဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန် အထူးလိုအပ်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများအားလုံး အမြန်ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ် လျက် တိုင်းရင်းသားပြည်သူအားလုံးက လိုလားတောင့်တသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိပါသည်။

ထိုသို့ကြိုးပမ်းရာ၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံအစည်းအဝေးများကို စတုတ္ထအကြိမ်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသော သဘောတူညီချက်များကိုလည်းကောင်း၊ ၂၀၂၀ အလွန် ဆက်လက်ဆောင်ရွက်မည့် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကိုလည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံ မူများကိုလည်းကောင်း သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပြီးလည်း ဖြစ်ပါ သည်။

 

ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာအောင် ပြန်လည်တည်ဆောက်နိုင်သည်နှင့်အမျှ မြန်မာနိုင်ငံတစ်နိုင်ငံလုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို၍ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံငြိမ်းချမ်းသာယာဝပြောမှု၊ တိုင်းရင်းသားပြည်သူအပေါင်း သွေးစည်းညီညွတ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု၊ ပြည်သူများစားဝတ်နေရေးဖူလုံမှု၊ ပညာရေးအဆင့်အတန်းမြင့်မားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများ ကောင်းမွန်ပြည့်စုံမှုနှင့် တိုင်းရင်းသား အသီးသီးတို့၏ စာပေယဉ်ကျေးမှုဓလေ့ထုံးတမ်းအမွေအနှစ် အစဉ်အလာ ကောင်းများကို ထိန်းသိမ်းစောင့်ရှောက်မှု အစရှိသည့် ဘက်စုံဖွံ့ဖြိုးတိုးတက် လာရေးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ စာပေယဉ်ကျေးမှုဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံတို့ဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စုကြီးဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် လူမှုဆက်ဆံရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ကို ကွဲပြားခြင်းမရှိ၊ ခွဲခြားခြင်းမရှိဘဲ တန်းတူရည်တူ ရရှိခံစားနိုင်ရေးသည် လွန်စွာအရေးကြီးပါသည်။ ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သော တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလတရားများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အပြည့်အဝ ပိုမိုရရှိခံစားနိုင်ကြရန်ဖြစ်ပါသည်။

ထို့အပြင် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ရာတွင် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ စံချိန် စံညွှန်းများနှင့်လည်းကောင်း၊ နိုင်ငံတော်၏ပကတိအခြေအနေများအရ လည်းကောင်း၊ ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ပြည်ထောင်စုပုံစံနှင့်လည်းကောင်း ကိုက်ညီစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စု ဖွား တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်စွာဖြင့် အချင်းချင်းဖေးမကူညီ ခြင်း၊ စာနာထောက်ထားခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ သံသယကင်းစင်ခြင်း၊ အပြန် အလှန် လေးစားခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း၊ အပြန်အလှန်ယုံကြည် ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့သည် ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းခံပင် ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး၏ ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် သွေးစည်းညီညွတ်စွာ ကြိုးပမ်းကြလျှင် အနာဂတ်ကာလတွင် ငြိမ်းချမ်းသာယာ ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာမည်ဟု ယုံကြည်ပါသည်။ သို့ဖြစ်ရာ -

- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသား အားလုံး “စုပေါင်းအင်အား” ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊

- လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရား ဥပဒေရေးရာညီမျှမှုတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူရရှိ ခံစားရေး၊

- စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရေး၊

- ပြည်ထောင်စုကြီးထာဝရတည်တံ့ရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်မွေးမြူ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊

- နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရသည့် စိန်ခေါ်မှု များကို အစိုးရ၊ ပြည်သူလူထုအားလုံးပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရေး။

ဟူသည့် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် ယနေ့ကျရောက်သည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အလေးအနက်တိုက်တွန်းလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။