တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး အချင်းချင်းအပြန်အလှန် ချစ်ခင်လေးစားယုံကြည်မှုဖြင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီး တည်ဆောက်မည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး

မင်းအောင်လှိုင်ထံမှ ၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

ချစ်ကြည်လေးစားအပ်ပါသော   ပြည်ထောင်စုဖွား   တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များခင်ဗျား-


ကျက်သရေ  မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော (၇၅)  နှစ်မြောက်   စိန်ရတု ပြည်ထောင်စုနေ့   မင်္ဂလာအခါသမယတွင်   မိဘပြည်သူ တိုင်းရင်းသား သွေးချင်း ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာရွှင်လန်းပြီး  ကောင်းကျိုး ချမ်းသာအဖြာဖြာနှင့်   ပြည့်စုံကြပါစေကြောင်း    ဆုမွန်ကောင်းတောင်းလျက်     နှုတ်ခွန်းဆက်သအပ်ပါသည်။

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  သမိုင်းကြောင်းကို   ပြန်ပြောင်းသုံးသပ် ကြည့်မည်ဆိုလျှင်    တိုင်းရင်းသားသွေးချင်းများ၏  ချစ်ကြည်စုစည်းမှုကို        တည်ဆောက်နိုင်သည့်ကာလများတွင်  နိုင်ငံ့အင်အားတောင့်တင်းခိုင်မာ၍  စည်ပင် သာယာဝပြောခဲ့သော် လည်း  အကြောင်းအမျိုးမျိုးကြောင့်   တိုင်းရင်းသားသွေးချင်းများ အကြားတွင်   စည်းလုံးညီညွတ်မှုလျော့ပါးခဲ့သည့်ကာလများတွင်မူ   နိုင်ငံ့အင်အား ဆုတ်ယုတ်ခဲ့ပြီး  နောက်ဆုံးတွင်    သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည့်  ခါးသီးသော   အတွေ့အကြုံကို   ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။

 


သူ့ကျွန်ဘဝ၌ နယ်ချဲ့အုပ်စိုးသူတို့က ၎င်းတို့၏ စိုးမိုးခြယ်လှယ်မှု အဓွန့်ရှည် တည်တံ့စေရေးအတွက် တိုင်းရင်းသား သွေးချင်းတို့အကြားတွင် အမျိုးမျိုးသွေးခွဲ သပ်လျှိုခဲ့ကြခြင်းကြောင့် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု ပိုမိုလျော့ပါး ခဲ့ရပြီး   ပြည်ထောင်စုစိတ်ဓာတ်  ပြိုကွဲခဲ့ရသည်မှာလည်း   သတိပြုဆင်ခြင်ဖွယ်  သမိုင်းပေးသင်ခန်းစာတစ်ရပ်ပင် ဖြစ်ပါသည်။

 


ဆုံးရှုံးခဲ့ရသည့်   နိုင်ငံ့လွတ်လပ်ရေး   ပြန်လည်ရရှိရန်အတွက် တိုင်းရင်းသားပြည်သူများသည် တပ်မတော်နှင့်လက်တွဲကာ အသက် သွေးချွေးပေါင်းများစွာပေးဆပ်၍ မလျှော့သော ဇွဲလုံ့လဖြင့် အခက် အခဲများစွာကို ရင်ဆိုင်ဖြတ်သန်းကြိုးပမ်းခဲ့ကြပါသည်။ ထိုသို့ ကြိုးပမ်း ရာတွင်   နိုင်ငံ့ခေါင်းဆောင်များ၏   ဖြောင့်မတ်တည်ကြည်သည့် ဦးဆောင်မှုဖြင့်        တိုင်းရင်းသား    ညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှုကို    ရယူကာ     ပြည်ထောင်စုစိတ်ဓာတ်ကို  အခိုင်အမာ     ပြန်လည်တည်ဆောက်နိုင်ခဲ့ကြပါသည်။   ယင်းသို့သော ပြည်ထောင်စုစိတ်ဓာတ်အရင်းခံသည့် စည်းလုံးညီညွတ်မှု၏ အထိမ်း အမှတ်သက်သေအဖြစ် တောင်တန်းနှင့် မြေပြန့်တပေါင်းတစည်း တည်း လွတ်လပ်ရေးရယူကြရန် သန္နိဋ္ဌာန်ဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ လ( ၁၂ )ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။ ထိုကဲ့သို့    တိုင်းရင်းသားသွေးချင်းတို့၏   မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို  သက်သေထူနိုင်ခဲ့သည့်   ဖေဖော်ဝါရီလ (၁၂)  ရက်နေ့ကို    ပြည်ထောင်စုနေ့အဖြစ်   သမိုင်းမော်ကွန်းတင် သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်မှာ ယနေ့ဆိုလျှင် (၇၅)နှစ် ပြည့်မြောက် ခဲ့ပြီး စိန်ရတုအခါသမယသို့တိုင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

 


ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား-


ပင်လုံစာချုပ်၏ အသီးအပွင့်ရလဒ်အဖြစ် တောင်တန်းနှင့် မြေပြန့် ဒေသများ ညီညွတ်ပေါင်းစည်းပြီး မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။ ယင်းသို့ နိုင်ငံတော်တစ်ဝန်းလုံး စုစုစည်းစည်းဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူပေးနိုင်ခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းရင်းသား သွေးချင်းများအကြား    ထာဝစဉ်ကိန်းအောင်းတည်တံ့စေရန် ဆက်လက်ထိန်းသိမ်းကာ  ပြည်ထောင်စုကြီး  အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးတို့ကို   မမှိတ်မသုန်   ကြိုးပမ်း အားထုတ်သွားကြရမည်ဖြစ်ပါသည်။

 


လွတ်လပ်ရေးရရှိပြီး မကြာမီမှာပင် အကြောင်းအမျိုးမျိုးကြောင့် စည်းလုံးညီညွတ်မှု  ပျက်ပြားကာ စတင်ဖြစ်ပွားခဲ့ရသည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို   ယနေ့ကာလထိတိုင်အောင်   အပြီးတိုင် မဖြေရှင်းနိုင်သေးခြင်း၊     တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရသည်ကို တိုင်းရင်းသား ညီနောင်များအားလုံး ကောင်းစွာသဘောပေါက် သိမြင် ကြပြီး  ဖြစ်ပါသည်။  ပြည်ထောင်စုငြိမ်းချမ်းရေးကို  အပြည့်အဝ ဖော်ဆောင်နိုင်ခြင်း မရှိသေးသမျှကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်ထောင်စုသားအချင်းချင်း ဝေမျှခံစားနိုင်ရန် အခွင့်အလမ်းများ နည်းပါးနေဆဲဖြစ်ပါသည်။

 


တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ပကတိလိုအပ်ချက်သည် ဥပဒေနှင့်အညီ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်ပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါ သည်။ နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့်   တိုင်းရင်းသား   ညီနောင်များအားလုံး တန်းတူခံစားနိုင်မည့်   ရေရှည်တည်တံ့ခိုင်မြဲပြီး   ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန် ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး  သဘောတူစာချုပ်ကို  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့အထိ   လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်ပါသည်။    ထို့အပြင် ဘုံသဘောတူညီချက်များ ရယူနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် များကို သဘောတူညီခဲ့ကြပြီး ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်း ရေးကို မိမိတို့တိုင်းရင်းသားအားလုံးကပင် မဖြစ်မနေ ဖော်ဆောင်ကြ ရမည်ဖြစ်ရာ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူ အားလုံးအနေဖြင့်  တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) ပါ   သဘောတူညီချက်များအတိုင်း   တတ်နိုင်သမျှ   အလေးထား ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

 


ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား-


အတိတ်သမိုင်း၏   လွတ်လပ်ရေးကြိုးပမ်းမှုတွင်  ပြည်ထောင်စု စိတ်ဓာတ်သည် အရင်းခံဖြစ်သလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်   အနာဂတ်ပြည်ထောင်စုကြီး   တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲ မှန်ကန်လှသည့် ထာဝရအမှန်တရားပင် ဖြစ် ပါသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး အချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားယုံကြည်မှုဖြင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီး တည်ဆောက်မည်ဟူသော ခိုင်မာသည့် သန္နိဋ္ဌာန် သည် ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါသည်။ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံတော်ကြီးကို ပြည်ထောင်စုစိတ်ဓာတ် ဖြင့်သာ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည်ဖြစ်သဖြင့် အရည်အချင်း ပြည့်ဝ၍   ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော   မျိုးဆက်သစ်များ ကိုလည်း စဉ်ဆက်မပြတ် ပြုစုပျိုးထောင်သွားရမည်ဖြစ်ပါသည်။

 


နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးသည် အလွန်အရေးကြီးပါသည်။ မျိုးချစ်စိတ်ဓာတ် ဆိုသည်မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှု ကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကို ထိပါက မချိအောင် နာသည့်   စိတ်ပင်ဖြစ်ပါသည်။   မျိုးချစ်စိတ်ဓာတ်အားနည်းပါက တိုင်းပြည်နှင့် လူမျိုးအတွက် များစွာအန္တရာယ်ရှိနိုင်ပါသည်။ 

 


ထို့ကြောင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းရေးတို့သည့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အရေးကြီးသော  တာဝန်ပင်  ဖြစ်ပါသည်။   တိုင်းရင်းသားပြည်သူ အားလုံးက   မိမိတို့၏   ရိုးရာဓလေ့  ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစရိုက်လက္ခဏာများကို  အစဉ် လေးစားတန်ဖိုးထားကာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွား ကြရန် လိုအပ်ပါသည်။

 


ချစ်ကြည်လေးစားအပ်ပါသော  ပြည်ထောင်စုဖွား  တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား-


ဒီမိုကရေစီကို   ဖော်ဆောင်ရာတွင်   နိုင်ငံတော်အတွက်  အရေး အကြီးဆုံးသောလုပ်ငန်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသည့်       ဒို့တာဝန်အရေးသုံးပါးပင်      ဖြစ်ပါသည်။  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်နှင့်အတူ ထာဝစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အလေးအနက်တိုက်တွန်းလိုပါသည်။

 


မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ရင်ဆိုင်ကြုံတွေ့နေရ သော ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကိုလည်း နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာ လျော့နည်းလာပြီး ဆက်လက်၍လည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

 


ကပ်ရောဂါကာလအတွင်း  တိုင်းရင်းသားပြည်သူများ၏  လူမှု စီးပွားဘဝများ ထိခိုက်နစ်နာမှု လျော့ပါးစေရေးနှင့်အတူ ကပ်ရောဂါ ဘေး အလွန်ကာလတွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးနှင့်  တိုင်းရင်း သားများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းလိုပါသည်။

 


သို့ပါ၍ ၂၀၂၂ ခုနှစ်၊ ( ၇၅ )နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်( ၅ )ရပ်ဖြစ်သော-


    (၁)    ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး    ထာဝစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊


    (၂)    စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်ရေး၊


    (၃)    တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာ သည့် ညီညွတ်သော စုစည်းအင်အားဖြင့် နိုင်ငံတော်ကြီး ထာဝရ   တည်တံ့ခိုင်မြဲအောင်   ဆက်လက်ကြိုးပမ်း တည်ဆောက်ရေး၊


    (၄)    စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊


    (၅)    ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးရေးနှင့် တိုင်းရင်းသား များ၏  ကျန်းမာရေး၊ ပညာရေး၊   အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်အောင် ဆောင်ရွက်ပေးရေးတို့ကို 
အလေးအနက်ခံယူပြီး တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်သော   ပြည်ထောင်စုစိတ်ဓာတ်   အရင်းခံလျက် အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် ဤနေ့ထူးနေ့မြတ်ဖြစ် သော စိန်ရတုပြည်ထောင်စုနေ့ အခါသမယတွင် ချစ်ကြည်လေးစား စွာ တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။