
မောင်မော် (သတ္တဗေဒ)
မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ ကုန်းတွင်းရေချိုငါးလုပ်ငန်းလုပ်ကိုင်နိုင်သော ရေပြင်များနှင့် ပင်လယ်ငါးလုပ်ငန်းရေပြင်များကို ပိုင်ဆိုင်ထားရှိသဖြင့် ရေချို၊ ရေငန် ငါးသယံဇာတများကို ပေါကြွယ်ဝစွာ ရရှိထုတ်လုပ်သုံးစွဲနိုင်သော နိုင်ငံဖြစ်ပါသည်။ မြစ်ချောင်းအင်းအိုင်ပေါများပြီး ယင်းမြစ်ချောင်း၊ အင်းအိုင်များ၏ဧရိယာမှာ စတုရန်းကီလိုမီတာ ၈၂၀၀၀ ရှိကြောင်း သိရသည်။
ငါးသယံဇာတဆိုသည်မှာ ပြန်လည်ဖြည့်တင်း နိုင်သော်လည်း မကုန်မခန်းနိုင်သည့်အရာ မဟုတ် သဖြင့် ငါးဖမ်းဆီးမှုလုပ်ငန်းများကို သားစဉ်မြေးဆက် စဉ်ဆက်မပြတ် ဖမ်းဆီးဆောင်ရွက်နိုင်ရေးအတွက် ငါးသယံဇာတထိန်းသိမ်းခြင်းကို ဌာန၊ ရေလုပ်ငန်း စီးပွားရေးလုပ်ကိုင်သူများ၊ ရေလုပ်သားပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ အထူး သဖြင့် ဒေသတိုင်းရင်းငါးမျိုးစိတ်များ မပျောက်ပျက် စေရေး ထိန်းသိမ်းကြရန် လိုအပ်ပါသည်။
ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ
ထိုသို့ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်း များကို ဆောင်ရွက်ရာတွင် သယံဇာတလျော့နည်း ရသည့်အကြောင်းအရင်းများကို ဖော်ထုတ်၍ သယံ ဇာတ ဖြည့်တင်းရေးလုပ်ငန်း၊ သယံဇာတများ ထပ်မံလျော့နည်းမှုမရှိစေရေး ကာကွယ်တားမြစ် သည့်လုပ်ငန်းများကို မိမိနိုင်ငံရှိ ဥပဒေ လုပ်ထုံး/လုပ်နည်းများ၊ ပြည်နယ်/တိုင်းဒေသကြီးများ၏ ရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ ဆောင်ရွက်ရပါ မည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက် အရှေ့တောင်အာရှငါးလုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့(SEAFDEC) ၏ (GuideLine) လမ်းညွှန် ချက်များ၊ FAO စသည့် နိုင်ငံတကာအဖွဲ့အစည်း များမှ ထုတ်ပြန်ထားသည့် ဆောင်ရွက်ရန်နည်းလမ်း များစသည်တို့နှင့်အညီ လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ရေချိုငါးသယံဇာတများသည် ရာသီဥတုပြောင်းလဲ ဖောက်ပြန်ခြင်း၊ မြို့ပြနှင့်စိုက်ပျိုးမွေးမြူရေးဧရိယာ များတိုးချဲ့ခြင်း၊ စက်မှုလုပ်ငန်းများ သတ္တုတူးဖော်ခြင်း လုပ်ငန်းများမှ ဓာတုရုပ်ကြွင်းပါရေများကို စနစ်တကျ စွန့်ပစ်မှုမရှိခြင်း၊ ဘက်ထရီရှော့ခ်တိုက်ခြင်း၊ အဆိပ်ချ ခြင်း၊ သတ်မှတ်ပိုက်ကွက်ဖြင့် ဖမ်းဆီးမှုမရှိခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး များမဆင်မခြင်သုံးစွဲခြင်း၊ ငါးရစ်ငါးသန်ကာလမရှောင် ဖမ်းဆီးခြင်းတို့ကြောင့် ယခင်ကာလများထက် လျော့နည်းကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ လူသားတို့၏ မဆင်မခြင်လုပ်ဆောင်ခြင်း၊ မိမိ တစ်ဦးတည်းအကျိုးစီးပွားကြည့်၍ ငါးဖမ်းဆီးခြင်း ကြောင့် ဖြစ်ပွားရပါသည်။ ရေလုပ်ငန်းရှင်များ အပါအဝင် မြန်မာနိုင်ငံသားအားလုံးက သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင် ရှိရန် အရေးတကြီးလိုအပ်လျက်ရှိပါသည်။
လယ်ကြားကန်များအတွင်း ငါးမွေးမြူခြင်း
လေ့လာတွေ့ရှိချက်များအရ ဧရာဝတီတိုင်းဒေသ ကြီးသည် ရေချိုငါးလုပ်ငန်းအဖွံ့ဖြိုးဆုံး ဖြစ်သော် လည်း ငါးရံ့၊ ငါးကျည်း၊ ငါးခူထုတ်လုပ်မှုမှာ ပဲခူး တိုင်းဒေသကြီးကိုမမီပါ။ ပဲခူး၊ ကဝ၊ သနပ်ပင်၊ ဝေါ၊ ဒိုက်ဦး မြို့နယ်များအတွင်းရှိ လယ်သမားများသည် ၎င်းတို့၏လယ်မြေများအတွင်း တစ်ဧက၊ ဧကဝက်ခန့်ရှိ သုံးရေကန်များတူး၍ အဆိုပါ လယ်ကြားကန်များ အတွင်းသို့ ငါးရံ့၊ ငါးပနော်၊ ငါးခေါင်းတို၊ ငါးပြေမ၊ ငါးကျည်း ပိဿာချိန် (၁၀၊ ၂၀၊ ၅၀၊ ၁၀၀) ထည့်သွင်း မွေးမြူထားကြပါသည်။ ကန်ပေါင်ပေါ်တွင် တဲထိုး နေထိုင်ကြပါသည်။ မိုးရာသီရေတက်ချိန်တွင် ကန်ပေါင်များဖြုတ်၍ ရေပင်လယ်ဖြစ်သွားပြီးချိန်တွင် ငါးများထွက်သွားကြပြီး မိတ်လိုက်သားပေါက် ကြပါသည်။ မိုးနှောင်းရာသီတွင် ကန်ကို ပြန်ပိတ် ထားကြပြီး နွေရာသီရေခန်းချိန်တွင် အဆိုပါကန်ငယ် လေးမှ ငွေကျပ်သိန်း ၂၀၊ ၂၅ ရရှိကြောင်း ဒေသခံ များ၏ ပြောပြချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် လေ့လာခဲ့ရာ လယ်သမားဦးသောင်းထွန်း၏ လယ်ကြားကန် ဧက ဝက်တွင် တိုင်းရင်းငါးပိဿာချိန် ထောင်ကျော်အထိ ရရှိခဲ့သည်။ ပဲခူးတိုင်းဒေသကြီးရှိ ရေလုပ်သားများ၏ အဆိုအရ ကိုယ့်ကန်ထဲကထွက်သွားတဲ့ငါးဟာ အဖော်တွေပါခေါ်ပြီး အချိန်တန် ပြန်လာကြတယ်ဟု ဆိုပါသည်။ ဖမ်းဆီးခြင်းကိုအခြေခံ၍ မွေးမြူ ထုတ်လုပ်ခြင်း (Capture based culture)၏ အသီး အပွင့်ကို ခံစားရခြင်းဖြစ်ပါသည်။
တိုင်းရင်းငါးမျိုးစိတ်များ ရှားပါးပျောက်ကွယ်လာ
တိုင်းရင်းငါးမျိုးစိတ်များ ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်ရေးအတွက် ငါးများ၏ အလေ့အထ သဘာဝကို သိရှိနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသ ကြီး မအူပင်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မအူပင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့၊ ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလေ့လာ ခဲ့ကြောင်း သိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်သည် ဧရာဝတီမြစ်၊ တိုးမြစ်၊ ပန်းလှိုင်မြစ်၊ ပန်းတနော်မြစ် များကို အခြေခံ၍ မအူပင်ကျွန်း၊ သုံးခွကျွန်း၊ ဗောဓိ ကွင်း၊ မိုးကုတ်ဒီးဒုတ်ကွင်းစသည့် ရေကြီးကွင်း၊ ရေနက်ကွင်းများ တည်ရှိသောနေရာဖြစ်၍ သဘာဝ အစားအစာပေါများပြီး ငါးများ လွတ်လပ်စွာ ပေါက်ပွားရှင်သန်ရာဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ်ခန့်က ရေအောက်ရတနာမြေဖော်ထုတ်ရေးစီမံကိန်းဖြင့် ရေကြီးကွင်း၊ ရေနက်ကွင်း(Wetland) များကို တာပတ်ခြင်း၊ ငါးတက်လမ်းများကို ရေထိန်းတံခါးများ တပ်ဆင်၍ ပိတ်ခြင်းများကြောင့် ရေစီးရေလာမရှိတော့ သဖြင့် ယင်းချောင်းများ တိမ်ကောလာခြင်းနှင့် တိုင်းရင်းငါးမျိုးစိတ်များ ရှားပါးပျောက်ကွယ်လာခြင်း၊ ငါးထုတ်လုပ်မှုကျဆင်းခြင်းများ ကြုံတွေ့လာရပါသည်။
ငါးတို့၏သဘာဝမှာ နေရာတစ်ခုတည်းတွင် နေထိုင်လေ့မရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် ငါးအမတို့၏ဘဝတွင် တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းကျက်စားကြပါသည်။ ၎င်းတို့မှာ မိတ်လိုက် ဥချသားပေါက်ရန်အတွက် ရွှေ့ပြောင်းကြခြင်း (Spawning Migration)၊ အစားအစာရှာဖွေရန် အတွက် ရွှေ့ပြောင်းကြခြင်း (Feeding Migration)၊ လူနှင့်အသားစားသတ္တဝါ (Predator) တို့ရန်မှ ကာကွယ်ရန်အတွက် လုံခြုံသည့်နေရာကိုရှာဖွေ၍ ရွှေ့ပြောင်းခြင်းစသည်ဖြင့် ရွှေ့ပြောင်းလေ့ရှိကြ ပါသည်။
ငါးများ ဥချသားပေါက်ခြင်း
မိုးဦးကျရာသီတွင် မြစ်များအတွင်းမှ ငါးများသည် ၎င်းတို့ ဥချသားပေါက်ရန် ရေကြီးကွင်း၊ ရေနက် ကွင်းများသို့ တက်ရောက်ကြပါသည်။ ငါးသားပေါက် များ ရှင်သန်နိုင်ရန်အတွက် ရေအနက် တစ်ပေ၊ တစ်ပေခွဲရှိသည့်နေရာများတွင် သားပေါက်လေ့ ရှိကြပြီး ငါးအထီး၊ ငါးအမကြီးများ(Breeders) နှင့် သားပေါက်များ (Fry and Fingerling) စားသောက် ရန်အတွက် ငါးတို့၏ အစာကွင်းဆက်(Food Chain)တွင် အခြေခံဖြစ်သော အပင်မျှောလှေး (Phytoplankton)နှင့် အကောင်မျှောလှေး (Zooplankton) များ ပေါများရာနေရာများတွင် သားပေါက်ကြသည်။ ညောင်တုန်းကျွန်းနှင့် ဗောဓိကွင်းရေနက်ကွင်း (Wet Land) များသည် ရေကြည်ခြင်း၊ ရေတိမ်ခြင်း၊ ခိုအောင်းရန် ကိုင်းပင်၊ မြက်ပင်များပေါများခြင်းနှင့် ငါးတို့၏အစာဖြစ်သောအပင်မျှောလှေးနှင့် အကောင် မျှောလှေးများ ပြည့်ဝစွာပေါက်ပွားခြင်းတို့ကြောင့် ဧရာဝတီမြစ်အတွင်းမှ ငါးများတက်ရောက်ပေါက်ပွား ရာ နေရာဖြစ်သည်။ ထို့ပြင် ငါးကြင်းမျိုးစိတ်များ(Carp Species) များဖြစ်သော ငါးခေါင်းပွ၊ ငါးမြစ်ချင်း၊ ငါးကြင်းတို့သည် မြစ်အတွင်းရှိ သဲသောင်များတွင် ပေါက်ပွားပြီး အစာရှာဖွေရန်အတွက် ရေနက်ကွင်း အတွင်းသို့ ဝင်ရောက်နေထိုင်ကျက်စားကြပါသည်။ ၂၀၂၁ ခုနှစ် မိုးဦးကျ တိုင်းရင်းငါးများ သားပေါက် ရာသီချိန် မေလနှင့် ဇွန်လတို့တွင် ငါးတက်လမ်း များကို ရေထိန်းတံခါးများဖြင့် ပိတ်ဆို့ထားမှုကို ဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေထိန်းတံခါးများဖွင့်သည့်အကျိုးကျေးဇူးများ
ငါးတက်လမ်းများအတွက် ရေထိန်းတံခါးများ ဖွင့်လှစ်ပေးခဲ့သည့်အချိန် (မေလ၊ ဇွန်လ) တို့သည် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် ရေအနည်းဆုံး ကာလဖြစ်ပြီး ရေကျနောက်စိုက်စပါး၊ မရင်းစပါး၊ နွေစပါးအားလုံး ရိတ်သိမ်းပြီးချိန်ဖြစ်ပါသည်။ မိုးရာသီ တွင် ဖြစ်လေ့ဖြစ်ထရှိသောကွင်းရေများ ပုပ်သိုးခြင်း၊ မိုးနှင့်အတူ မြက်များပေါက်လာခြင်း ဖြစ်လေ့ရှိသော် လည်း ယခုနှစ်ဦးတွင် ရေထိန်းတံခါးများ ဖွင့်လှစ် ခြင်းကြောင့် မြစ်ရေဝင်ရောက်လာသဖြင့် ရေပုပ်သိုး မှု မရှိတော့ဘဲ ရေများသန့်သွားသဖြင့် ရေနေသတ္တဝါ များအတွက် အကျိုးများခြင်း၊ ကျေးလက်နေပြည်သူ များအတွက် သန့်ရှင်းသောရေကို သုံးစွဲနိုင်ခြင်း၊ မိုးရာသီတွင် ပေါင်းမြက်များသေကြသဖြင့် တောင်သူ များအတွက် မြက်ရှင်းစရိတ်သက်သာခြင်း၊ မြစ်ရေဖြင့် နုန်းတင်မြေနု များ ပါဝင်လာသဖြင့် သဘာဝအစာရရှိခြင်းစသည်ဖြင့် စိုက်ပျိုးရေးအတွက် အကျိုးကျေးဇူးများရရှိကြောင်း တွေ့ရှိရပါသည်။
မအူပင်ခရိုင်သည် ဧရာဝတီမြစ်၏ ရေချိုရေပြင် နောက်ဆုံးနေရာဖြစ်ပြီး ရေချိုနှင့် ရေချိုရေငန်၏ ထိစပ်နေရာဖြစ်သဖြင့် ဧရာဝတီမြစ်အတွင်းမှ ငါးများ မိတ်လိုက်ဥချ ပေါက်ပွားရှင်သန်နေထိုင်ရာ ညောင်တုန်းကျွန်းနှင့် ဗောဓိကွင်းကဲ့သို့ ဧက တစ်သိန်းခန့်စီရှိသော ရေနက်ကွင်း (Wet Land) ကြီးများ တည်ရှိရာနေရာဖြစ်သည်။ အဆိုပါရေတိမ် ဒေသကြီးများတွင် နှစ်ပေါင်း ၂၀ ကြာ ပိတ်ထားသော ရေထိန်းတံခါးကြီးများကို၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အစီ အစဉ်ဖြင့် ဖွင့်လှစ်ပေးမှုကြောင့် ယခင်က ညောင်တုန်း ကျွန်းနှင့်ဗောဓိကွင်းအတွင်း ငါးခူ၊ ငါးကျည်း၊ ငါးပြေမ၊ ငါးရံ့၊ ငါးရံ့ခေါင်းတို၊ ငါးရံ့ပနော်၊ ဂျပန်ငါး၊ ငါးဖျင်း သလက်စသည့် ကွင်းအတွင်းနေထိုင်သည့် ငါးမျိုးစိတ် များနှင့် ငါးဘဲဖြူ၊ ငါးမောတော့၊ ငါးခုံးမစသည့် ငါးမျိုးစိတ် ၁၃ မျိုးခန့်သာ တွေ့ရှိနေရာမှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လများတွင် ပြန်လည်လေ့လာ ခဲ့ရာ မူလရှိသည့် ငါးမျိုးစိတ် ၁၃ မျိုးအပြင် အသစ် ထပ်မံတိုးပွားလာသော ငါးမျိုးစိတ် ၃၁ ခု စုစုပေါင်း ၄၂ မျိုးအထိ ရှိလာကြောင်း ဒေသခံရေလုပ်သား အဖွဲ့အစည်းများ၏ ပြောပြချက်အရ သိရသည်။ ထိုသို့ဆောင်ရွက်ရခြင်းကြောင့် ငါးထုတ်လုပ်ရန် အတွက် ငါးကန်တူးဖော်ရခြင်း၊ အစာကျွေးရခြင်း စသည့် ကုန်ကျစရိတ် မကုန်စေဘဲ သဘာဝရေ၊ သဘာဝငါးစာဖြင့် သဘာဝသယံဇာတကို အပြည့်အဝ အကျိုးရှိရှိအသုံးချ၍ ငါးရိက္ခာဖူလုံစေရေး (Food Security)အတွက် အထောက်အကူပြုသည့်အပြင် တိုင်းရင်းငါးမျိုးစိတ်များ ရေရှည်တည်တံ့စေနိုင်မည် ဖြစ်ပါသည်။
ငါးမျိုးများထိန်းသိမ်းရာတွင်
မြန်မာ့မျိုးရင်းငါးသယံဇာတများ ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် တိုင်းရင်းငါးမျိုးများ၊ ရှားပါး ငါးမျိုးစိတ်များအပြင် ဒေသတွင်းငါးမျိုးစိတ်များကို ထိန်းသိမ်းကြရန် လိုအပ်လျက်ရှိပါသည်။ ထိန်းသိမ်းကြ ရာတွင် အောက်ပါအတိုင်းလိုက်နာရန် လိုအပ်ပါသည်။
- ဒေသအလိုက် ငါးအမျိုးအစားများကို မှတ်တမ်းတင်ခြင်း၊
- မျိုးသုဉ်းရှားပါးသတ္တဝါများ ဖြစ်ပါက သက်ဆိုင်ရာဌာနမှ ရုံးအမိန့်ထုတ်ပြန်၍ ကာကွယ်ထိန်းသိမ်းခြင်း၊
- ငါးမျိုးစိတ်အသစ်များတွေ့ရှိပါက အမျိုးအစား ခွဲသတ်မှတ်နိုင်ရေး သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း၊
- စီးပွားဖြစ် တိုင်းရင်းငါးမျိုးစိတ်များကို ရွေးချယ်၍ သုတေသနပြု သားပေါက် ထုတ်လုပ်ဖြန့်ဖြူးခြင်း။
ရေချိုငါးလုပ်ငန်းရေပြင်များသည် သဘာဝ အရင်းအမြစ်များဖြစ်၍ အင်းချောင်းများကို အင်း ဂရန်ကိုင်များက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်မရရှိဘဲ ရေစီးရေလာနှင့် ငါးလာလမ်းပိတ်ဆို့ခြင်း၊ ရေထုထည် ရေလမ်းကြောင်းပြောင်းလဲခြင်း၊ ငါးနေငါးထိုင်တော များ ခုတ်ထွင်ခြင်း၊ ရေလမ်းကြောင်းပြောင်းလဲခြင်း၊ ရေထုညစ်ညမ်းအောင်ပြုလုပ်ခြင်းများ မပြုလုပ်ရန် ဥပဒေဖြင့် တားဆီး၍ ဥပဒေဖောက်ဖျက် ကျူးလွန် သူများကို ထိရောက်စွာ အရေးယူသွားရန် ဖြစ်ပါသည်။
တရားမဝင် ငါးဖမ်းဆီးခြင်းများ၊ ဥပဒေ ဖောက်ဖျက်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ကာ ငါး၊ ပုစွန်သယံဇာတအခြေအနေနှင့် ထုတ်ယူသုံးစွဲရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခြင်း၊ ရေလုပ်သားများအား ကျေးရွာ အရောက် ငါးသယံဇာတထိန်းသိမ်းရေးပညာပေးဟောပြောပွဲများ ကျင်းပခြင်း၊ လက်ကမ်းစာစောင် များ၊ ပိုစတာများ၊ ဂျာနယ်များဝေငှခြင်း၊ ပညာပေး Video များပြသခြင်း၊ CDချပ်များ၊ Video ခွေများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးရင်း တိုင်းရင်း ငါးမျိုးများ မပပျောက်အောင် ထိန်းသိမ်းရေးအတွက် ပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းရေးသား ဖော်ပြ အပ်ပါသည်။ ။
- Log in to post comments