
နေပြည်တော် အောက်တိုဘာ ၂၅
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်း ဆေးပညာဦးစီးဌာန မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်းက ကြီးမှူးဖွင့်လှစ်သော တိုင်းရင်း ဆေးဆရာများ၏ ဆေးကုသမှု စွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံ တိုင်းရင်း ဆေးဆရာအသင်း (ဗဟို) အဆောက်အအုံ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဆရာကြီး ဦးမြင့်ဦးက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း ဗဟို ဥက္ကဋ္ဌ ဆရာကြီးဦးစိုးဝင်းက သင်တန်း ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ မြန်မာ နိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေး ပညာဦးစီးဌာန ဒုတိယညွန်ကြား ရေးမှူးချုပ် ဦးသန်းညွန့်နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အဖွဲ့ ဗဟိုအဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ် သူ များနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦး (ဂရိတ်ဝေါ)နှင့်အဖွဲ့ဝင်များ ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO မှ ဒေါက်တာရီရီချိုနှင့် အဖွဲ့ဝင်များ၊ သင်တန်းပို့ချသူ တိုင်းရင်းဆေး တက္ကသိုလ်မှ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ သင်တန်းကြီး ကြပ် တာဝန်ရှိသူများ၊ သင်တန်း သားများ တက်ရောက်ကြသည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်း သည် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ပူးပေါင်းပြီး ဒုတိယအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး သင်တန်းကို အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ဖွင့်လှစ်ပို့ချ မည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ တိုင်းရင်းဆေး ဆရာ၊ ဆရာမများ တက်ရောက်ကြောင်း သိရသည်။
ထွန်းထွန်း