
မိုးမခ
တည်ငြိမ်အေးချမ်းမှုဆိုသည်မှာ ပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ရရှိခြင်းပင်ဖြစ်သည်။ တရားဥပဒေစိုးမိုးခြင်း ဆိုသည်မှာ ဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ပေးခြင်း ပင်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လူမှု့အသိုင်းအဝိုင်းများအကြားတွင် လူမှုသဟဇာတဖြစ်ရေးသည် အလွန်အရေးကြီးပါသည်။ လူ့အဖွဲ့အစည်းအတွင်း အချင်းချင်း ယုံကြည်မှု၊ အပြန်အလှန်နားလည်မှု၊ စိတ်ရှည်သည်းခံမှုများဖြင့် လူမှုသဟဇာတဖြစ်ရေးကို အကောင်အထည်ဖော်ရမည် ဖြစ်ပေသည်။ လူမှုအသိုင်းအဝိုင်းများတွင်ရှိသည့် အကျပ်အတည်းများ၊ ကန့်သတ် ချုပ်ချယ်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် တရားမျှတမှုမရှိခြင်းများ သည် ပဋိပက္ခများကို ဖြစ်ပေါ်လာစေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကိုလည်း ကြီးစွာသော အနှောင့်အယှက် ဖြစ်စေပါသည်။
မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့သည့် အချိန်မှစ၍ ယနေ့ကာလအထိ မတည်ငြိမ်မှုအမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည့် လမ်းကြောင်းပေါ် ရောက်လာသည်နှင့် အဖျက်အမှောင့်အမျိုးမျိုးကို ကြုံရဆုံရသည်။ ထို့ကြောင့် တိုင်းပြည်သည် ဒေသတွင်းရှိ အခြားသောတိုင်းပြည်များနှင့် နှိုင်းယှဉ်လျှင် အကြိမ်ကြိမ် နောက်ကျကျန်ခဲ့ပြီး ဘက်စုံကဏ္ဍစုံ၌ ဖွံ့ဖြိုးမှုနှေးကွေးခဲ့ရသည်မှာ အားလုံးအသိပင်ဖြစ်သည်။ အနီးစပ်ဆုံး ဥပမာပြရလျှင် ၁၉၈၈ အရေးအခင်းဖြစ်ပေါ်လာခဲ့ခြင်းကို ညွှန်းဆို ရမည်ဖြစ်သည်။ အမျိုးမျိုးသော ပဋိပက္ခများနှင့် အကျပ်အတည်းများ ကို ရင်ဆိုင်ကျော်ဖြတ်လာခဲ့ရပြီးနောက် မြန်မာနိုင်ငံသည် အသစ် တစ်ဖန်သော အပြောင်းအလဲဖြစ်ပေါ်ရန် နှစ်ပေါင်း ၂၀ ကျော် ကြိုးပမ်း ဆောင်ရွက်ခဲ့ရသည်။ ၈၈ အရေးအခင်းကြောင့် လူပေါင်းများစွာ သေကျေရသည်။ ဘဝပေါင်းများစွာ အညွန့်တုံးခဲ့သည်။ ထိုကာလကို သိခဲ့မီခဲ့သူများအဖို့ ပြန်ပြောင်းတွေးချင်စရာမရှိသည့် ကာလတစ်ခု ဖြစ်ခဲ့သည်။ မတည်ငြိမ်မှု ဆူပူအုံကြွမှုများနှင့်အတူ ကျီးလန့်စာစား နေရသည့် ပြည်သူများ၏ဘဝသည် အိပ်မက်ဆိုးတစ်ခုပမာပင်။
အချိန်များစွာယူရ
အဖြစ်အပျက်တစ်ခုသည် ဖြစ်ပွားရန်နှင့် ပျက်စီးဆုံးရှုံးရန် လွယ်ကူသလောက် ပြန်လည်တည်ဆောက်ရန် အချိန်များစွာ ယူရ သည်။ တိုင်းပြည် တစ်ပြည် ပြာကျရန် သေးငယ်သည့် ပဋိပက္ခတည်း ဟူသော မီးစလေးသာလိုအပ်သော်လည်း ပြန်လည်တည်ဆောက်ရန် မူကား များစွာသောအရင်းအနှီးများ လိုအပ်ပေသည်။ အချိန်၊ ငွေ၊ အရင်းအမြစ်များစွာ အသုံးပြု၍ တိုင်းပြည်၏ အခြေခံအကျဆုံး အုတ်မြစ်များကို ပြန်လည်တည်ဆောက်နိုင်သည် ဆိုစေဦးတော့ ပြည်သူများ၏ စိတ်နှလုံးတွင် စွဲထင်နေသည့် အနာတရများနှင့် ဒဏ်ရာများသည် ဖြေဖျောက်ရန် ခက်ခဲနေဦးမည်သာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အတိတ်သည် ဖြစ်ခဲ့ပျက်ခဲ့ပြီးလေပြီ။ အသက် သွေး၊ ချွေးတို့ဖြင့် စတေး၍ ရယူခဲ့ရသော သင်ခန်းစာများသည် ခါးသီးလွန်းလှသည်။
နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီးနောက် ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း အလားတူ ပဋိပက္ခများ ကြုံတွေ့လာခဲ့ရ သည်။ မတူညီသော အမြင်ရှုထောင့်များဖြင့် တိုင်းပြည်၏ တည်ငြိမ် အေးချမ်းမှုကို နှောင့်ယှက်မှုများ ကြုံလာခဲ့ရသည်။ နိုင်ငံ၏ တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုဟူသော အနေအထားကို ပျက်စီး ယိမ်းယိုင်စေသော အခြေအနေများ ဖြစ်ပေါ်လာစေရန် သွေးထိုးမှုများ၊ သွေးဆောင်မှုများ ဖြစ်ပေါ်လာခဲ့သည်။ နိုင်ငံကို ပျက်စီးဆုတ်ယုတ် စေမည့် လမ်းစဆီသို့ တွန်းပို့မှုများ မြင်တွေ့လာရသည်။ ပြည်သူများကို အမျိုးမျိုးသော ဝါဒမှိုင်းများဖြင့် လမ်းမပေါ်သို့ရောက်အောင် ဆွဲခေါ် လာကြသည်။ ထိုသို့သော အခြေအနေတွင် ပြည်သူများ၏ နိုင်ငံရေး အသိ ရေချိန်မြင့်မားမှုသည် လွန်စွာအရေးကြီးပါသည်။ မြန်မာနိုင်ငံ၏ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကအတွေ့အကြုံကို နမူနာပြု သင်ခန်းစာ ယူကာ ထိုသို့သောအဖြစ်အပျက်များ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် သမိုင်းရဟတ် တစ်ပတ်မလည်စေရန် ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဖြတ်သန်းမှုကို လေ့လာကြည့်လျှင် တော်လှန် ရေးသည် အလုံးစုံသော အောင်မြင်မှု၏ ပင်စည်မဟုတ်ပါ။ အခက် အလက်တစ်ခုသာပင်ဖြစ်သည်။ တော်လှန်ရေးကို လိုအပ်သော အချိန် ကာလရှိသလို ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရမည့် အချိန်ကာလလည်း ရှိပေသည်။ တိုင်းပြည် တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံကို တော်လှန်ရေးဖြင့် အလုံးစုံပြုပြင်ပြောင်းလဲ၍ မရနိုင်ပေ။ နိုင်ငံတကာတွင် နိုင်ငံရေး အတွေးအခေါ်များ ပြောင်းလဲနေသလို ဆောင်ရွက်ချက်များလည်း ပြောင်းလဲနေသည်ကို သတိပြုရပေမည်။ ထို့အပြင် မိမိနိုင်ငံ၏ လက်ရှိ ရောက်နေသော အခြေအနေနှင့် အချိန်ကာလကိုလည်း တွက်ဆ ရမည်သာဖြစ်သည်။
ဆယ်စုနှစ်တစ်စုစာ ဖြတ်သန်းလာခဲ့
ယခုကာလတွင် မြန်မာနိုင်ငံသည် အခက်အခဲများကြားမှ ရုန်းကန် လွန်မြောက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စည်းကမ်း ပြည့်ဝသောဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆယ်စုနှစ်တစ်စုစာ ဖြတ်သန်း လာခဲ့ပြီးချိန်လည်း ဖြစ်ပါသည်။ ယနေ့ဖြစ်ပေါ်နေသော အကျပ် အတည်းများ၊ အဖြစ်အပျက်များသည်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဥပဒေလမ်းကြောင်းမှန်ပေါ်တွင် ရပ်တည် ရင်ဆိုင်ဖြေရှင်းသွားရမည့် အရာများသာ ဖြစ်ပါသည်။ ပဋိပက္ခများ သည် ပြဿနာများအတွက် မှန်ကန်သည့်အဖြေကို ရရှိစေမည်မဟုတ် ပါ။ စိတ်ရှည်သည်းခံခြင်း၊ နှိုင်းချင့်တွေးဆခြင်းနှင့် မျှတရှုမြင်ခြင်း တည်းဟူသော ပညာဉာဏ်ဖြင့်သာ လိုအပ်သည့်အဖြေကို ရှာဖွေနိုင် မည်ဖြစ်ပါသည်။
ထုတ်ပြန်ကြေညာပြီးဖြစ်
မြန်မာနိုင်ငံသည် ခက်ခဲကြမ်းတမ်းသည့် ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းလာနိုင်ခဲ့သည်မှာ နိုင်ငံကို ဦးစီးဦးဆောင်ပြုသည့် ခေါင်းဆောင်များ၏ ရှေ့ဆောင်လမ်းပြမှုသာမက နိုင်ငံသူ နိုင်ငံသား ပြည်သူလူထု၏ နောက်လိုက်ကောင်းပီသစွာ ညီတူညာတူ ဆောင်ရွက် မှုလည်း အပါအဝင်ဖြစ်သည်။ နိုင်ငံတကာက စံထားရလောက်အောင် ပင် ကောင်းမွန်သည့် အကူးအပြောင်းကာလကို ဖြတ်သန်းနိုင်ခဲ့ပြီး ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသည့် အချိန်အခါကောင်း ဖြစ်ပါသည်။ ဒီမိုကရေစီ၏ စံနှုန်းများအတိုင်း မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအတိုင်း နိုင်ငံကို အရှိန်အဟုန် ဖြင့် ဆက်လက်ချီတက်ရမည့်ကာလလည်း ဖြစ်ပါသည်။
လတ်တလော အပြောင်းအလဲဖြစ်ပေါ်နေသည့် အခြေအနေတွင် လည်း နိုင်ငံ၏ အရေးပေါ်ကာလ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ဦးတည်ချက် (၉) ရပ်ချမှတ်ကာ ဆောင်ရွက် သွားမည်ဖြစ်သလို နိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်လည်း အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာပြီးဖြစ်သည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အခြားသော သွေးထိုးမှုများ၊ သတင်း အချက်အလက်မှားများကို နားယောင်ခြင်းမရှိဘဲ မိမိတို့လျှောက်လှမ်း နေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်သွားစေမည့် အပြု အမူများကို သတိကြီးစွာရှောင်ရှားရမည်ဖြစ်သည်။
အရေးအကြီးဆုံးအချက်
ခေတ်တိုင်း၊ စနစ်တိုင်းတွင် ပြည်သူများအနေဖြင့် လိုလား တောင့်တသည့် အရေးအကြီးဆုံးအချက်မှာ တည်ငြိမ်အေးချမ်းရေးပင် ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှသာ ရပ်ရွာတစ်ခွင် သာယာချမ်းမြေ့ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေပေလိမ့်မည်။ မည်သည့် ခံယူချက်၊ ယုံကြည်ချက်များ ရှိသည်ဖြစ်စေ နိုင်ငံ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု စသည့် ကောင်းမွေဆိုးမွေအားလုံးကို နိုင်ငံတော်မှီတင်း နေထိုင်သော နိုင်ငံသူ နိုင်ငံသားအားလုံး ရင်ဆီးခံရမည်သာဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်၏ ပကတိအနေအထားကို ကောင်းစွာ သဘော ပေါက်ပြီး မှန်ကန်ကောင်းမွန်သော သဘောထားအမြင်များဖြင့် လုပ်ကိုင်ဆောင်ရွက်မှသာ မိမိတို့ လိုလားတောင့်တသည့် တည်ငြိမ် အေးချမ်းသော ဒီမိုကရေစီနိုင်ငံတော်ကို အခြေမယိုင်စေဘဲ ပိုမိုခိုင်မာ အောင် တည်ဆောက်နိုင်မည် ဖြစ်ပါတော့သည်။ ။
- Log in to post comments