
နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် စိုက်ပျိုးရေးတောင်သူများအား ယနေ့မွန်းလွဲပိုင်း တွင် မကွေးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြော ကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန် ရှိသူများနှင့် မြို့မိ မြို့ဖများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များတင်ပြ
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်၍ ထုတ်ကုန်များ ထုတ်လုပ်နိုင်မှု၊ စားသုံးဆီထုတ်လုပ်မှုနှင့်ဖူလုံမှု၊ စိုက်ပျိုးမွေးမြူရေး အထောက်အကူ ပြုနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးထုတ်လုပ် ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နေမှု၊ ဝါသီးနှံများအထွက်တိုးရေး ကြိုးပမ်း ဆောင်ရွက်နေမှု၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း များ ဆောင်ရွက်နေမှု၊ လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးနေမှု၊ ပညာသင်ကြားရေးပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ရာနှုန်းပြည့်နီးပါး တာဝန် ထမ်းဆောင်နေမှု၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ကုသရေးလုပ်ငန်းများ အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ နိုင်ငံသားစိစစ်ရေးကတ်များရရှိရေး ဆောင်ရွက်နေမှု၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေ မှု၊ သောက်သုံးရေဖူလုံမှုရှိစေရေး ဆောင်ရွက် နေမှု၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နှမ်း၊ မြေပဲ၊ ပဲစင်းငုံ၊ ဝါနှင့် ကြက်သွန်စိုက်တောင်သူများက စိုက်ပျိုးရေးလုပ်ငန်း များအတွက် လယ်ယာသုံးစက်ကိရိယာများ လိုအပ် မှု၊ သွင်းအားစုများ၊ မြေဩဇာများ လိုအပ်မှု၊ ပြည်ပ သို့ စိုက်ပျိုးရေးထွက်ကုန်များနှင့် ထုတ်ကုန်များ တင်ပို့ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ သီးနှံစိုက်ပျိုးရေးပညာရှင်များက စိုက်ပျိုးရေးအထွက်နှုန်း တိုးတက်စေရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေနှင့် အခြား လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ကြိုးပမ်းဆောင်ရွက်
တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးတင်ထွဋ်ဦး၊ ဦးကိုကို၊ ဦးလှမိုး၊ ဦးအောင်သန်းဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော် တို့က သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြားရာ မကွေးတိုင်းဒေသ ကြီးအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အစိုးရ အဆက်ဆက် နှစ်အလိုက် စီမံချက်ချဆောင် ရွက်ခဲ့မှု၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် အခြေအနေ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုနှင့် ခရီးသွားများ လာရောက် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ စိုက်ပျိုး ရေးတောင်သူများကို သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်၍ လယ်ယာသုံးစက်ကိရိယာ များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ပေးမည့် အခြေအနေ၊ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက် ပေးသွားမည့် အခြေအနေ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းသင်တန်းများဖွင့်လှစ်၍ အသက်မွေး ပညာသင်တန်းများ သင်ကြားပေးမည့်အခြေအနေ၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ဓာတ်မြေဩဇာစက်ရုံများ လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ လျှပ်စစ် ဓာတ်အားများ လုံလောက်စွာရရှိရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် အဓိကအားဖြင့် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသ ကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ရှိ ကြောင်း၊ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ကျေးလက် တွင်နေထိုင်ကြကြောင်း၊ အဓိကအားဖြင့် ပဲ၊ နှမ်း၊ ဝါ နှင့် ကြက်သွန်များကို စိုက်ပျိုးကြကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြ ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပဲမျိုးစုံနှင့် နှမ်းကိုစိုက်ပျိုးကြကြောင်း၊ မြေပဲနှင့် နှမ်းတို့မှ ဆီများထုတ်လုပ်သကဲ့သို့ အခြားထုတ်ကုန်များတွင် လည်း အသုံးပြုကြကြောင်း၊ ပြည်ပသို့တင်ပို့မှုများ လည်းရှိကြောင်း၊ ဆီထွက်နှုန်းများတွင် နှမ်းသည် အနည်းဆုံးဖြစ်ပြီး မြေပဲမှာ နှမ်းထက် ဆီထွက်နှုန်း များပါကြောင်း၊ အထွက်နှုန်းများတိုးအောင် ဆောင် ရွက်နိုင်ပါက အကျိုးပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း။
စိုက်နည်းစနစ်များ မှန်ကန်ရန်လို
အခြေခံအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်များလိုအပ်ကြောင်း၊ မျိုးကောင်းမျိုးသန့်ဖြစ်ရန်၊ မြေကောင်းမွန်ရန်နှင့် ဓာတ်မြေဩဇာများ ထည့်သွင်းရန်၊ ရေကောင်းစွာ ရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်ရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများတွင်လည်း တိရစ္ဆာန်များကို အာဟာရပြည့်ဝစွာ ကျွေးမွေးရန် လိုကြောင်း၊ စိုက်ပျိုးမြေများ ရေရရှိရေးအတွက် ရှိပြီးဖြစ်သည့် ဧရာဝတီမြစ်ကို စနစ်တကျဖြင့် အသုံးချရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း လယ်စိုက်ဧကပေါင်း ခြောက်သိန်းကျော်၊ အခြား စိုက်ပျိုးဧကပေါင်း ၂ ဒသမ ၂ သန်းကျော် ရှိကြောင်း၊ ရေကို အကျိုးရှိစွာ အသုံးချရန် လိုသကဲ့သို့ နေရောင်ခြည်စွမ်းအင်ကိုလည်း အကျိုးရှိရှိ အသုံးချ ရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း မိုးရွာရက်မှာ ပျမ်းမျှ ရက် ၇၀ သာရှိသဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ ရကြောင်း၊ အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းမှ စိုက်ပျိုး မြေများအတွက် လိုအပ်သည့် ရေများရရှိရေး မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်၍ရသဖြင့် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အလားတူ မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ် ရေအားထိန်း၍ရသည့် နေရာများရှိပြီး အဆိုပါ နေရာများ၌ တမံနိမ့် (Low head Dam) များ ဆောက်လုပ်၍ ရေအားလျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်းလုပ်ငန်းများကို သွားလာမှုမပြတ်စေဘဲ တစ်နှစ်ပတ်လုံး စိုက်ပျိုးရေလုံလောက်စွာ ရရှိရေး ဆောင်ရွက်၍ရနိုင်ကြောင်း။
မြေဩဇာရရှိရေး
မြေဩဇာရရှိရေးနှင့်ပတ်သက်၍ သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာများ ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နွားအကောင်အရေ ပေါင်း ၁ ဒသမ ၃ သန်း ကျော်၊ ကျွဲအကောင်အရေပေါင်း ၃ သောင်း ၈ ထောင်ကျော်၊ အသားစားကြက် ၁ ဒသမ ၆ သန်း၊ ဥစားကြက် ၂ သိန်းကျော်၊ ဒေသ ကြက် ၃ သန်း ၃ သိန်းကျော်ရှိကြောင်း၊ အဆိုပါ တိရစ္ဆာန်များမှ ထွက်ရှိသည့် နွားချေး၊ ကျွဲချေး၊ ကြက်ချေးများအား စိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချ၍ရကြောင်း၊ နိုင်ငံတကာတွင် လည်း အဆိုပါ နွားချေး၊ ကျွဲချေး၊ ကြက်ချေးများကို ဇီဝမြေဩဇာအဖြစ် အသုံးပြုကြကြောင်း၊ မွေးမြူရေး လုပ်ငန်း ဆောင်ရွက်ရာတွင် လှောင်မွေးသည့်စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက ဇီဝမြေဩဇာများ ရရှိနိုင် ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် တိရစ္ဆာန်အစာ အတွက် အခြေခံကုန်ကြမ်းများ ပေါများကြောင်း၊ နှံစားပြောင်းနှင့် ကောက်ရိုးများကို စနစ်တကျဖြင့် ပြုပြင်ပြီး တစ်နှစ်ပတ်လုံး တိရစ္ဆာန်အစားအစာ လုံလောက်စေရေး (ဥပမာ-ပြောင်း၊ ကောက်ရိုး ချဉ်ဖတ်ပြုလုပ်ခြင်း)များ ပြုလုပ်၍ရကြောင်း။
ပညာတတ်များပေါများရန်လို
ဆိတ်မွေးမြူရေးနှင့် ပတ်သက်၍လည်း မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူသည့် ထိန်စန်း မျိုးမှာ အသားထွက်နှုန်းကောင်းပါကြောင်း၊ မွေးမြူ ရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်များ လိုအပ် ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများရှိကြောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများလည်း ထပ်မံဖွင့်လှစ် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ် များကို ဇန်နဝါရီ ၆ ရက်မှ စတင်ဖွင့်လှစ်ခဲ့ ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာ တတ်များပေါများရန်လိုကြောင်း၊ မကွေးတိုင်းဒေသ ကြီးအတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင် နှုန်းနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ တန်းစဉ် ကူးပြောင်းမှုများ အားနည်းပြီး အတန်းပညာတတ် မြောက်မှုများ အားနည်းနေသေးသည်ကို တွေ့ရှိရ ကြောင်း၊ တန်းစဉ်ကူးပြောင်းမှုတွင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းနေမှုများ မရှိသည်ကို တွေ့ရှိရကြောင်း။
လူမှုဘဝဖွံ့ဖြိုးတိုးတက်စေမည်
အတန်းပညာရှိမှသာ အတတ်ပညာရှိမည် ဖြစ် ကြောင်း၊ ထို့ကြောင့် အတန်းပညာရှိရေးအတွက် အရေးကြီးကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တွင်လည်း အနည်းဆုံး ၉ တန်းအောင်ချိန်တွင် စိုက်ပျိုးမွေးမြူရေးကျောင်းများကို တက်ရောက်ခြင်း ဖြင့် စိုက်ပျိုးမွေးမြူရေးပညာရပ်များကို ပိုမို တတ်ကျွမ်းမည်ဖြစ်ကြောင်း၊ သို့မှသာ စိုက်ပျိုးမွေးမြူ ရေးကုန်ထုတ်ပစ္စည်းများကို ပိုမိုထုတ်လုပ်နိုင်ပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း။
ပညာသင်ရမည့်အရွယ်တွင် ပညာသင်ကြားရန် နှင့် စီးပွားရေးကောင်းအောင် ဆောင်ရွက်ရန်လို ကြောင်း၊ မိမိတို့တွင် ရှိပြီးသားပစ္စည်းများကို အကျိုး ရှိစွာ အသုံးချရန် လိုကြောင်း၊ လူသားအရင်းအမြစ် များ မွေးထုတ်နိုင်ရေး ကျောင်းများနှင့် ပညာရေးကို မြှင့်တင်ပေးရန်လိုကြောင်း၊ အလားတူ အသောက် အစားအပျော်အပါး လိုက်စားခြင်းများကို တတ်နိုင် သမျှ ရှောင်ကြဉ်ရန်လိုကြောင်း၊ ကျန်းမာရေးမြှင့်တင် မှုအတွက် လူတစ်ဦးချင်းစီ၏ အကျင့်ကိုပြင်ရန် လိုကြောင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက် ခြင်း၊ ကွမ်းစားခြင်းများကို လျှော့ချနိုင်ပါက ကျန်းမာ ရေးထိခိုက်မှုကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ စားသောက်မှုပုံစံများ စနစ်တကျ ဖြစ်ရန်လိုကြောင်း၊ ဆန်စားသုံးမှုအပြင် အခြား ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးနှင့် ဥများ ကိုလည်း ပြည့်ဝစွာ စားသုံးရန်လိုကြောင်း၊ ဆီစားသုံး မှုကိုလည်း ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် လျှော့ချစားသုံးရန် လိုကြောင်း၊ အစားအစာများ စားသုံးရာတွင် အသိဖြင့် စားသုံးမည်ဆိုပါက ကျန်းမာရေးအတွက် များစွာ အထောက်အကူပြု မည်ဖြစ်ကြောင်း။
သစ်ပင်များ ထိန်းသိမ်းဆောင်ရွက်ရန်လို
စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဝမ်းစာဖူလုံရေး တိုးတက်အောင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသားမြေပေါ်တွင် စနစ်တကျ ဖြင့် စိုက်ပျိုးပြီး အထွက်နှုန်းတိုးအောင် ဆောင်ရွက် ရန်လိုကြောင်း၊ ယခုအခါ သစ်ပင်များလျော့နည်း လာသဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ချက်ပြုတ်ရေးအတွက် ထင်းအဖြစ် အသုံးပြုမှုများ ကိုလည်း တတ်နိုင်သမျှ လျှော့ချရန်လိုပြီး နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ သစ်တောသစ်ပင် များကို ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုများကောင်းမွန် လာမည်ဖြစ်ကြောင်း၊ တစ်အုပ်တစ်မ သစ်တော စိုက်ခင်းများ၊ ကျေးရွာပိုင်ထင်းစိုက်ခင်းများ စိုက်ပျိုး ရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
အဆင့်မီသည့် ဝါဂွမ်းများ စိုက်ပျိုးထုတ်လုပ်
ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ဝါမျိုးကောင်း မျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေးနှင့် ရေလုံလောက်စွာရရှိရေးအတွက် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဝါများသည် မိမိတို့နိုင်ငံ တွင် သုံးစွဲရန်အတွက် လုံလောက်မှုရှိကြောင်း၊ သို့သော် အဆင့်မီသည့် ချည်မျှင်များ ထုတ်လုပ်နိုင် ရန်အတွက် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ထို့ကြောင့် ပြည်ပမှ မျိုးကောင်းမျိုးသန့်များ ရရှိ စေရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ် ပြည်ပမှ ချည်မျှင်များ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် အဆင့်မီသည့် ဝါဂွမ်းများကို စိုက်ပျိုးထုတ်လုပ် နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝါစေ့မှ ဆီ ထုတ်လုပ်၍ရသကဲ့သို့ တိရစ္ဆာန်အစာလည်း ပြုလုပ် ၍ရကြောင်း၊ ပြည်တွင်းဝါထုတ်လုပ်မှုများ တိုးတက် လာမည်ဆိုပါက ပြည်တွင်း စက်မှုလုပ်ငန်းများ တိုးတက်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ် ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ် အထိ ကုန်သွယ်မှုလိုငွေများ များစွာရှိခဲ့ကြောင်း၊ ရှိပြီးသားစက်ရုံများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု များကို အားပေးမှုမရှိဘဲ သွင်းကုန်ဦးစားပေးမှုကြောင့် ထိုသို့ ကုန်သွယ်မှုလိုငွေများ များပြားနေရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း တမာပင်များစွာရှိကြောင်း၊ အဆိုပါတမာပင် များမှ ပိုးသတ်ဆေးများထုတ်လုပ်၍ စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးချ၍ရကြောင်း၊ မကွေးတိုင်း ဒေသကြီးမှ မိမိတို့နိုင်ငံပြည်သူများအားလုံးအတွက် အဝတ်အထည်များ ထုတ်လုပ်ပေးနိုင်သည့် အဓိက တိုင်းဒေသကြီးတစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း။
ကြက်သွန်စိုက်ပျိုးမှုနှင့် ပတ်သက်၍ မကွေး တိုင်းဒေသကြီးအတွင်း ကြက်သွန် စိုက်ပျိုးထုတ်လုပ် မှုများစွာရှိကြောင်း၊ ကြက်သွန်ကိုလည်း တိုင်းဒေသ ကြီး၏ အဓိက ထွက်ကုန်အဖြစ် စိုက်ပျိုးစေချင် ကြောင်း၊ အထွက်နှုန်းကောင်းအောင် ဆောင်ရွက် နိုင်ခြင်းဖြင့် ပိုမို အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ကြက်သွန်များကို ပြည်ပသို့ နှစ်စဉ်တင်ပို့နေကြောင်း၊ ကြက်သွန်ကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး အသေးစားစက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင် ရွက်၍ရကြောင်း။
မကွေးတိုင်းဒေသကြီးအတွင်း ဒေသအလိုက် ကွာခြားမှုများ များပြားကြောင်း၊ ထို့ကြောင့် ဒေသ အလိုက် ကွာခြားမှုများမရှိစေရေး ကျေးလက်ဒေသ များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ရှိသူများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သွားလာရေးများ အဆင်ပြေစေရေး ဆောင်ရွက် ပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး အတွက် မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများအားလုံးအနေဖြင့် ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ မိမိတို့ ဒေသတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း။
ကျေးလက်ပြည်သူများ ဘဝတိုးတက်ရေး
မိမိတို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဃာတတရား များ၊ အငြိုးအတေးများမရှိစေရေးအတွက် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာသင်ကြားရေးအတွက်လည်း အားပေးဆောင် ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများ၏ ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း စဉ်ဆက် မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက် နေ ပြည်သူများ၏ ဘဝတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးကို လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကွေးတိုင်း ဒေသကြီးသည် မိမိတို့နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်စေရေး ရှိပြီးသားအခြေခံ ကောင်းများကို အသုံးချ၍ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက် အားထားရ သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်လာမည်ဖြစ် ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့သည်။
မြသလွန်စေတီတော် ဖူးမြော်ကြည်ညို
ညနေပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် အဖွဲ့ဝင်များလိုက်ပါ၍ မကွေးမြို့ရှိ မြသလွန် စေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညို ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် စေတီတော် ကြီးအား ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် ဘုရားဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဘုရားဂေါပကအဖွဲ့က ဓမ္မ လက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ဧည့်သည်တော်မှတ်တမ်း စာအုပ် တွင် လက်မှတ်ရေးထိုးပြီး စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ကာ ဘုရားဖူးလာရောက်သော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်