
ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် ပစ္စည်းများကို ပြည်ပမှတင်သွင်းခြင်းထက်
ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်
နေပြည်တော် ဩဂုတ် ၁၆
မဲစာရင်းမှားယွင်းမှုအပေါ် နိုင်ငံရေးအရ ဖြေရှင်း ခြင်း မပြုလုပ်ဘဲ အကြမ်းဖက်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့သော အခြေ အနေများကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံ ရေးကို နိုင်ငံရေးအရ ဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန် ခက်ခဲနေ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ ရေးကို နိုင်ငံရေးနှင့်သာ ဖြေရှင်းဆောင်ရွက်မည်ဖြစ် ကြောင်း၊ နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ အကြမ်း ဖက် လုပ်ဆောင်လာပါက အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မိမိတို့ဘက်မှ ရည်ရွယ်ချက်ရှိရှိ စတင် တိုက်ခိုက်ခြင်းမျိုးမရှိဘဲ ဥပဒေနှင့်အညီသာ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေး (၇/၂၀၂၂) သို့ တက်ရောက် အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်း ဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရန်ပုံငွေထုတ်ပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြီးခဲ့သည့် အပတ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများကို တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်ခွဲကာလအတွင်း နိုငံရေးအရ အကျပ်အတည်း များ၊ ကိုယ်ဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ဆေးကုသရေး၊ ကာကွယ်ရေး၊ စီးပွားရေးအကျပ် အတည်းများကို ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များကို သိရှိရန်နှင့် နိုင်ငံတော် အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်နှင့် တိုးတက် မှုများကို ပြည်သူများသိရှိစေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ထိရောက်သည့် အစည်းအဝေးတစ်ရပ်ဖြစ်ခဲ့ ကြောင်း၊ ယခင်အစိုးရလက်ထက်များက စီမံကိန်း ကော်မရှင်၊ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး များသာ ရှိခဲ့ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းများအနေဖြင့် သက်ဆိုင်ရာအဆင့်အလိုက် ဆောင်ရွက်နိုင်သည့် အခွင့်အရေးများရှိကြောင်း၊ အဆိုပါ ဆောင်ရွက်ချက် များနှင့် အတွေ့အကြုံများအပေါ်တွင် မူတည်၍ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက ပြောကြားနေသည့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကဏ္ဍအလိုက် လိုအပ်ချက်များကို သိရှိနိုင်မည်ဆိုပါက ကောင်းမွန် သည့် ရလဒ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ အဆိုပါ အစည်းအဝေးအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်း များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရန်ပုံငွေ များကို ထုတ်ပေးခဲ့ကြောင်း။
နိုင်ငံ၏ စီးပွားရေးကို တိုက်ရိုက်အထောက်အကူ ပြုစေမည့် စပါးစိုက်ပျိုးရေးနှင့် ပဲစိုက်ပျိုးရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိပြီး မိုးစပါးစိုက်ပျိုးရန်အတွက် အချိန်ကာလဝေးနေ သေးကြောင်း၊ ထို့ကြောင့် အဆိုပါရန်ပုံငွေများကို ဆောလျင်စွာ အသုံးချနိုင်ရေးအတွက် နွေစပါး စိုက်ပျိုးရေးကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ပဲတီစိမ်းသည်လည်း ပြည်ပသို့တင်ပို့နိုင် သည့် ဈေးကွက်များရှိခြင်းကြောင့် ပဲတီစိမ်းများ စိုက်ပျိုးနိုင်ရေးအတွက် အားပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်းစိုက်ပျိုး မှုမရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အတွက်လည်း တစ်ပြေးညီဖြစ်စေရေး ထိုက်သင့်သည့် မတည်ငွေ များ ထုတ်ပေးခဲ့ကြောင်း၊ ဒေသအလိုက် မြစိမ်းရောင် စီမံကိန်းများအတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင် ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကြောင့် ကျဆင်းသွား သည့် စီးပွားရေးကို ပြန်လည်မြှင့်တင် ဆောင်ရွက် နိုင်စေရန်အတွက် ယခုကဲ့သို့ ရန်ပုံငွေများ ထုတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း။
နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးမှုကို ဦးစားပေး ဆောင်ရွက်ခြင်းသည် ငွေရမြန်သည့် မတည်ငွေ (Quick Win) ဖြစ်သည့်အတွက် လာမည့်မိုးစပါး ကာလတွင် နွေသီးနှံများမှ ရရှိလာမည့် အကျိုးအမြတ် များကို မြေဩဇာများဝယ်ယူနိုင်ရေး ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေများကို ပေးအပ် ရာတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ် သည့် မြေဩဇာ၊ ပိုးသတ်ဆေး စသည့်စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများကို ထုတ်ပေးသွားမည်ဖြစ် ကြောင်း၊ တောင်သူများအနေဖြင့် ငွေကြေးစိုက်ထုတ် ရန်မလိုအပ်ဘဲ ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိမည် ဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများမှ ရှေးယခင်ကာလများက နိုင်ငံတော်မှ ချေးယူထားပြီး ဆပ်ရန် ကျန်ရှိနေသေးသည့် စိုက်ပျိုးရေးချေးငွေ များကို ယခုရရှိမည့် အကျိုးအမြတ်များထဲမှ ထိုက်သင့်သလို ပြန်လည်ပေးဆပ်ရန်ဖြစ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် သမဝါယမအစုအဖွဲ့ ဝိုင်းကြီးချုပ်စနစ်ဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ နွေစပါး စိုက်ပျိုးရန် လိုအပ်သည့် မြေဩဇာ၊ ရေနှင့် မျိုးများ ရရှိအောင် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး စိုက်ဧက တစ်ဧကလျှင် အနည်းဆုံး တင်း ၁၀၀ ထွက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နောက်တစ်နှစ် မိုးစပါး စိုက်ပျိုးမှုနှင့် နွေစပါး စိုက်ပျိုးမှုအတွက် စိုက်ပျိုးရေးစရိတ်များ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အခြားပိုလျှံသည့် ငွေများမှ ပဲသီးနှံများ၊ ဝါနှင့် အခြားသီးနှံများ စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေး စရိတ်များ ထုတ်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီတွင် မိုးသီးနှံ များ၏ ၅၀ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးရေးစရိတ်များ ထုတ်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းမှာ နှစ်ဆ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ချိန်တွင် တောင်သူလယ်သမားများ အနေဖြင့် စိုက်ထုတ်မှုအနည်းဆုံးဖြင့် ဆောင်ရွက် နိုင်ရန် တွက်ချက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများသို့ ပေးအပ်ထားသည့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများသည် ဝိုင်းကြီးချုပ် စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ တိုးပွားမှုများရှိလာမည် ဖြစ်သဖြင့် ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေးအတွက် ယခုကဲ့သို့ ရန်ပုံငွေ ထုတ်ပေးခြင်းသည် နိုင်ငံအတွက် အားတစ်ခုဖြစ် မည်ဟုယုံကြည်ကြောင်း။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပြည်တွင်း၌ထုတ်ကုန်များ လုံလောက်စွာထုတ်လုပ်၍
ပြည်ပသို့တင်ပို့နိုင်ရန်လိုအပ်မှု
နိုင်ငံတစ်ခု၏ စီးပွားရေးသည် နိုင်ငံရေးနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေးအား ကောင်းမွန်ရန် လိုအပ်ကြောင်း၊ စီးပွားရေးဟုဆိုရာတွင် ထုတ်လုပ်မှုအပိုင်းနှင့် ကုန်သွယ်မှုအပိုင်းဟူ၍ နှစ်မျိုးရှိပြီး ပစ္စည်းရှိမှသာ ကုန်သွယ်မှု ပြုနိုင်မည်ဖြစ်ကြောင်း၊ စင်ကာပူနှင့် ဟောင်ကောင်ကဲ့သို့သော နိုင်ငံများသည် အခြားနိုင်ငံ များမှ ထုတ်လုပ်သည့် ထုတ်ကုန်များဖြင့် ကုန်သွယ် ရေးဆောင်ရွက်၍ နိုင်ငံစီးပွား တိုးတက်ဖွံ့ဖြိုး ရေး ဆောင်ရွက်လာသည့် နိုင်ငံများဖြစ်ကြောင်း၊ ၎င်းနိုင်ငံများတွင် ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ စက်ရုံကြီးများမရှိဘဲ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများသာရှိသည်ကို လေ့လာတွေ့ရှိရ ကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်သွယ်ရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းနှစ်မျိုးလုံး ဆောင်ရွက်၍ ရကြောင်း။
ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ဆောင် ရွက်ရာတွင် စိုက်ပျိုးရေးထွက်ကုန်များ တိုးတက် အောင် ဆောင်ရွက်၍ရကြောင်း၊ ရောင်းချရန် အတွက်လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုသည် စီးပွားရေးစက်ဝန်းတွင် များစွာ အကျိုးရှိသဖြင့် ထုတ်လုပ်မှုကို အားပေးခြင်းဖြင့် ပြည်သူများ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းရှိအောင် ကြိုးပမ်း၍ ကုန်သွယ်မှုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများမှ တန်ဖိုးမြင့်ကုန်ပစ္စည်း များထုတ်လုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သူများအတွက်လည်း ကုန်ထုတ်လုပ်မှုများ မှ အကျိုးအမြတ်များ ရရှိမည်ဖြစ်သကဲ့သို့ နိုင်ငံ အတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုအတွက် ကုန်ထုတ်လုပ် မှုများကို မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် နိုင်ငံခြားဝင်ငွေများအနေဖြင့် ကုန်သွယ်မှု (Trade) နှင့် ကုန်သွယ်မှုနှင့် မသက်ဆိုင် သည့် (Non Trade) တို့မှ ဝင်ငွေများရှိကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တင်ပြချက်များ အရ မိမိတို့နိုင်ငံတွင် နှစ်စဉ်ကုန်သွယ်မှု လိုငွေများ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် တစ်နှစ်တည်းတွင်သာ ပိုငွေ အနည်းငယ်ပြခဲ့သည်ကို သိရှိရကြောင်း၊ ပြည်ပ ချေးငွေများ၊ ထောက်ပံ့ငွေများဖြင့် လည်ပတ်အသုံးပြု နေသည်ကို သိရှိရခြင်းကြောင့် နိုင်ငံအတွက် အန္တရာယ်ကြီးမားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်ပဝင်ငွေများရရှိရေး ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် လိုကြောင်း၊ ထုတ်ကုန်များ တိုးမြှင့်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကချင်းအထွက် နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရန်လိုသကဲ့ သို့ အရေအတွက် ပိုမိုထုတ်လုပ်နိုင်ရေးအတွက် လည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ မြေပေါ် မြေအောက်သယံဇာတပစ္စည်းများကိုလည်း ကုန်ကြမ်း အတိုင်း ရောင်းချခြင်းမဟုတ်ဘဲ ကုန်ချောပစ္စည်း များအဖြစ် ထုတ်ကုန်များ ထုတ်လုပ်၍ တင်ပို့ရောင်းချ ပြီး အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်၍ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ကုန်သွယ်မှုကို မြှင့်တင်ရန်လိုကြောင်း။
ပြည်ပသွင်းကုန်များနှင့်ပတ်သက်၍ တိုင်းပြည် စီးပွားရေး ပြန်လည်ကောင်းမွန်ရန်အတွက် သွင်းကုန် အစားထိုး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နေ ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် ပစ္စည်း များကို ပြည်ပမှ တင်သွင်းခြင်းထက် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက် ရန်လိုကြောင်း၊ အချို့ပစ္စည်းများမှာ သတ်မှတ်ထား သည့် အရည်အသွေးမရှိသည်ကို တွေ့ရှိရသဖြင့် လိုအပ်သည့် စက်ပစ္စည်းများနှင့် နည်းပညာများ အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ သို့မှသာ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ် မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မဖြစ်မနေဆောင် ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်း။
ပြည်ပမှ တင်သွင်းလျက်ရှိသည့် ပစ္စည်းများတွင် ဝါနှင့်ပတ်သက်၍ ပြည်တွင်းအထည်ချုပ်လုပ်ငန်း များအတွက် လိုအပ်သည့် ပစ္စည်းများတင်သွင်းမှုသည် ၂၀၁၉-၂၀၂၀ ခုနှစ်ဘဏ္ဍာနှစ်အတွင်း ဓာတုချည်ခင်၊ အခြားချည်ထည်မျိုးစုံ၊ ချည်ထည်နှင့် ပိတ်၊ အပ်ချည် ကြိုးတန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၁၂၈၀ ခန့် တင်သွင်းခဲ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါထွက်ရှိသော်လည်း ပြည်ပသို့ ကုန်ကြမ်းများ တင်ပို့၍ ပြည်တွင်းသို့ ကုန်ချောများတင်သွင်းနေရ ခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ချည်မျှင်များသည် ကုန်ချောထုတ်လုပ်ရန်အတွက် အဆင့်မီသည့် ချည်မျှင်ရှည်ဝါများဖြစ်ရန် လိုအပ်သဖြင့် ပြည်တွင်း ဝါစိုက်ပျိုးမှုတွင် အဆင့်မြင့် ချည်မျှင်ရှည်ဝါများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါ ဝါစိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ချည်မျှင်ရှည်ဝါများကို အသုံးပြု၍ နိုင်ငံအတွင်းရှိ စက်ရုံများမှ အဆင့်မီချည်ထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အထည်အလိပ် လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတိုးတက်အောင် အားလုံး မှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးနှင့်
အမျိုးသားရေး ရည်မှန်းချက် ဖော်ဆောင်မှု
နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး အတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူမှု ရေးနှင့် နိုင်ငံရေးကို ဖြေရှင်းဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံတည်ငြိမ်လာပြီး ဆောင်ရွက်လိုသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင် မည်ဖြစ်ကြောင်း၊ မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံရေး ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန်အတွက် တစ်ဖက်မှလည်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးတို့နှင့် ပတ်သက်၍ ဆောင်ရွက်ရန်ရှိသည်များကို ဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ လူမှုရေးနှင့်ပတ်သက်၍ လည်း ပြည်သူတစ်ဦးချင်း၏ အသိပညာ၊ အတတ် ပညာနှင့် လျော်ညီသည့် လူနေမှုစနစ်ကို ဖန်တီးပေး နိုင်ရန်လိုကြောင်း၊ လူနေမှုစနစ် ကောင်းမွန်ရန် အတွက် ပညာတတ်ရန်နှင့် စီးပွားရေးကောင်းမွန် ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေများရရှိအောင်ဖော်ဆောင် ပေးရန်လိုကြောင်း၊ လူမှုရေးတွင် ပညာရေး၊ ကျန်းမာ ရေး၊ လူနေမှုစနစ်များပါဝင်ကြောင်း။
လူမှုစီးပွားနှင့် ပတ်သက်၍ အမျိုးသားရေး ရည်မှန်းချက်နှစ်ခုမှာ တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာ ပေါများရေးပင်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမှ တိုင်းပြည်သာယာဝပြောပြီး တည်ငြိမ်မှုရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံ အားဖြင့် စီးပွားရေးအားကောင်းအောင် ကြိုးပမ်း ဆောင်ရွက်၍ တိုင်းပြည်သာယာဝပြောအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေး ဟုဆိုရာတွင် စားသောက်စရာ ဖူလုံရေး၊ သုံးစွဲရန် ရေဖူလုံရေး၊ ရိက္ခာဆိုရာတွင် အသုံးအဆောင်ပစ္စည်း များနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ဖူလုံရေးများ ပါဝင်ကြောင်း၊ စားသောက်မှု ဖူလုံရုံတင်မက ရေရှားပါးသည့်ဒေသများအတွက် ရေလုံလောက်စွာ ရှိရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေး လုပ်ငန်းများဆောင်ရွက်သည့် ဒေသများအတွက် လည်း ရေလိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင် စားရေရိက္ခာပေါများရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည်ကို ရည်မှန်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များ ကို နိုင်ငံအတွင်း ဖူလုံစွာဖြင့် ပေါများအောင် ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသား ရေးရည်မှန်းချက်သည် နိုင်ငံအတွက် အဓိပ္ပာယ် ရှိစွာဖြင့် ချမှတ်ထားခြင်းဖြစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် မဖြစ်မနေ အကောင် အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ထောင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “နိုင်ငံရေးရည်မှန်းချက်မှာလည်း နှစ်ချက်က ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး။ ဒါဟာ ပြည်သူက ရွေးချယ်ထားတာ ကျွန်တော် ဘာမှငြင်းစရာ အကြောင်းမရှိဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စု။ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စုကို သွားရမယ်။ ဒါ့ကြောင့် ဝန်ကြီးချုပ်တွေကိုလည်း ကျွန်တော်ပြောတယ်။ ခင်ဗျားတို့ ဖက်ဒရယ်အာဏာ တွေ ခင်ဗျားတို့ ရှိနေတယ်။ ဒီအပေါ်မှာ ခင်ဗျားတို့ လုပ်ကြည့်ပါ။ အခုလည်းသူတို့လုပ်ကြတာပဲ။ တချို့ ပြည်ထောင်စုကပြောတာ။ ဗဟိုကပြောတာ မဟုတ် ဘူး သူတို့ဘာသာလုပ်နေတဲ့ဟာ။ ရည်မှန်းချက်တွေ အများကြီးပါတယ်။ ကျွန်တော်ကလည်း တချို့ ဟာတွေ သဘောကျတယ်။ ဒါဆိုကောင်းတယ်။ လုပ်ပါ။ အားပေးပါတယ်။ ခင်ဗျားအတွက် အခက် အခဲရှိရင် ကျွန်တော့်ကိုပြော။ ဒီလိုပြောပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို၊ လုပ်ပိုင်ခွင့်ကိုပေးထားတဲ့ ပြည်ထောင်စုကို သွားရမယ်။ နိုင်ငံရေးမှာ ရည်မှန်း ချက် နှစ်ခုက ဒါပဲဖြစ်တယ်။ ဒီလိုသွားနိုင်ဖို့ဆိုရင် အရေးကြီးတာက ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ သွားနေတယ်။ နားလည်တဲ့သူတွေ ကတော့ ငြိမ်းချမ်းရေးအတွက် လာကြတာပေါ့။ နားမလည်တဲ့သူကတော့ ဘေးကနေပြောနေကြတုန်း ရှိပါသေးတယ်။ အခု ၁၀ ဖွဲ့ ကျွန်တော်တို့ဆွေးနွေး ပြီးသွားပြီ။ မနေ့တစ်နေ့ကပဲ ကျွန်တော် SSPP အဖွဲ့ နဲ့ဆွေးနွေးတယ်။ ကျွန်တော်တို့ အားလုံးအောင်မြင် ပါတယ်။ အခုနကပြောတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခင်ဗျားတို့ လက်ခံလား မေးတော့၊ အကုန်လက်ခံ တယ်ပြောတယ်။ ကျွန်တော်ဒုတိယအကြိမ်ပြန်တွေ့ မယ်။ ဒီလထဲမှာ ပြန်တွေ့ဖို့ကြိုးစားနေတယ်။ အဖွဲ့ ၁၀ ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တစ်ခါဆွေးနွေးမယ်။ စက်တင်ဘာလကျလို့ရှိရင် တစ်ခါသူတို့နဲ့ အားလုံး ပြန်တွေ့မယ်။ အဲ့ဒါပြီးရင် လက်မှတ်ထိုးနိုင်ဖို့ ကြိုးစား မယ်။ ဒီအတွက်တော့ ဘယ်လောက်ကြာမလဲ ကျွန်တော် မပြောနိုင်သေးဘူး။ အခြေခံသဘောတူညီ ချက်ရပြီးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ မရစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ ဒါကိုဘာကြောင့် EAO တချို့အဖွဲ့တွေက နားလည်မှု မရှိနိုင်လည်းဆိုတာ ကျွန်တော်လည်း မတွေးတတ်ဘူး။ တကယ်လို့ ပြည်ထောင်စုအပေါ် မှာ။ တကယ်ကို တိုင်းရင်းသားအရေး။ ပြည်ထောင်စု အရေးကို တကယ်မျှော်မှန်းလို့ရှိရင် ဒီနှစ်ချက် အပေါ်မှာ အခြေခံပြီးလုပ်မယ်ဆိုရင် ဘာမှမဖြစ်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ကိုယ်တိုင်က လိုလားပါတယ် ပြေားထားပြီးပြီပဲ။ ဖြစ်ချင်ပါတယ် ပြောထားပြီးပြီပဲ။ အဲ့ဒီအတွက် လာပြီးဆွေးနွေး။ ကျွန်တော်တို့ပြောမယ်။ အဲ့ဒီကျရင်။ ဒါကတော့ ဖြစ်နိုင်ဘူး။ ဒါကတော့ ဖြစ်နိုင်တယ်။ ကျွန်တော် ပြောမယ်။ ကျွန်တော်တို့ ဖြစ်ချင်တာဒါရှိတယ်။ ခင်ဗျားတို့ ဖြစ်ချင်တာ ဒါရှိတယ်။ အဲ့ဒီတော့ နှစ်ဖက် ညှိပြီးတော့ ဖြစ်သင့်တာတွေကို ကျွန်တော်တို့ သဘောတူညီချက်ရအောင်ယူ။ ဒါပဲဗျာ။ အဖြေက” ဟု ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံရေးတွင် ဆွေးနွေးအဖြေရှာ ခြင်းကို အားလုံးက လက်ခံထားပြီးဖြစ်ကြောင်း၊ အာဆီယံသဘောတူညီချက် (၅)ရပ်ထဲတွင် တွေ့ဆုံ ဆွေးနွေးရန်အချက် ပါရှိကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့သော အခြေအနေမျိုး မရောက်ရှိရန်အတွက် မဲစာရင်းများမှားယွင်းမှုကို ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၂၀ နှောင်းပိုင်းကာလ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတို့တွင် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့ဖိတ်ခေါ်ရာတွင်လည်း လွှတ်တော် တွင် ဆွေးနွေးရန်၊ သို့မဟုတ် ကော်မရှင်နှင့် ဆွေးနွေး ရန်အတွက် ပြောကြားခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဆွေးနွေးရန် လက်ခံမှုမရှိခဲ့ဘဲ မျက်ကွယ်ပြုခဲ့ကြောင်း၊ ထိုသို့မျက်ကွယ်ပြုခဲ့ခြင်းမှာ ၎င်းတို့မဲစာရင်းမှားယွင်း မှုကို ဖြေရှင်းရန် သက်သေအထောက်အထား မပြနိုင် ခြင်း၊ မပြနိုင်ကြောင်းတွေ့ပါကလည်း မဲမသမာမှု ကြောင့် ရွေးကောက်ပွဲ အထမမြောက်မည်ကိုဝန်ခံရာ ရောက်မည် စိုးရိမ်သောကြောင့် ထိုသို့ဆောင်ရွက် ခဲ့ခြင်းဖြစ်သည် ကိုတွေ့ရှိရကြောင်း။
ထို့ကြောင့် ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများ မပြုလုပ်နိုင်ခဲ့ကြောင်း၊ ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း၊ ဥပဒေကြောင်းအရသာ ရင်ဆိုင် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းမှုအပေါ် နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ အကြမ်းဖက် နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခု ကဲ့သို့သော အခြေအနေများကို ရောက်ရှိလာခြင်းဖြစ် ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက် လမ်းစဉ်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန် ခက်ခဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနှင့်သာ ဖြေရှင်းဆောင်ရွက် မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ်ဆောင်လာပါက အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊
မိမိတို့ဘက်မှ ရည်ရွယ်ချက်ရှိရှိ စတင်တိုက်ခိုက်ခြင်း မျိုးမရှိဘဲ ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍
ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ထိန်းသိမ်းမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သို့သော် ယခုလ ဒုတိယ ပတ်မှစ၍ ပိုးတွေ့လူနာ ၁၀ ဦးနှင့် ၂၀ အကြား တွေ့ရှိနေရကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ စည်းကမ်းချက်များကို စနစ်တကျဖြင့် လိုက်နာရန် လိုကြောင်း၊ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်မှုနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ ပြည်ပ မှ ဝင်ရောက်လာသူများကို ပိုမိုသတိထားဆောင် ရွက်ရမည်ဖြစ်ပြီး နယ်စပ်ဂိတ်ပေါက်များနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင်လည်း စနစ် တကျဖြင့် စစ်ဆေးဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံမှုနှင့်ပတ်သက်၍ အချို့သောကျေးရွာများတွင် အကြောင်းအမျိုးမျိုး ဖြင့် ဆေးထိုးနှံမှုမရှိသေးသည့်သူများ ရှိနေကြောင်း၊ ထို့ကြောင့် တစ်ဖက်မှ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကိုဗစ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါ များ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ကျန်းမာရေး ရှုထောင့်မှကြည့်၍ ပြင်ဆင်ရန်လိုအပ်သည်များကို စနစ်တကျဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း။
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကောင်စီဝင် များအနေဖြင့် မိမိတို့အပိုင်းအလိုက် ဆောင်ရွက်၍ ရသည်များကို လိုက်ပါ၍ တွန်းအားပေး ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒေသအလိုက်ခေါင်းဆောင် များကို နိုင်ငံတော်မှ ဆောင်ရွက်နေသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သိရှိအောင် ဆောင်ရွက်ပြီး လုပ်ငန်း များ အောင်မြင်ရေး တိုက်တွန်းဆောင်ရွက်ပေးမည် ဆိုပါက လုပ်ငန်းအရှိန်အဟုန်များ ယခုထက်ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင်များက ပြည်ပ ဩဇာခံများ၊ အမျိုးသားရေး သစ္စာဖောက်များနှင့် နိုင်ငံတော် သစ္စာဖောက်မှုများကို ထိရောက်စွာ အရေးယူနိုင်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေး၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်မှုနှင့် စပ်လျဉ်းသည့် သမိုင်းမှတ်တမ်း အသေးစိတ်ကို ကျောက်စာရေးထိုး မှတ်တမ်းတင် နိုင်ရေး၊ နိုင်ငံအတွင်း ကုန်ဈေးနှုန်းနှင့် လောင်စာဆီ ဈေးနှုန်း တည်ငြိမ်မှုမရှိစေရန် ဆောင်ရွက်နေသူ များကို ထိရောက်စွာ အရေးယူဆောင်ရွက်ရေး၊ သမိုင်းဝင်ပုဂ္ဂိုလ် အထိမ်းအမှတ်မော်ကွန်း ဥပဒေ တွင် ပြင်ဆင်ဖြည့်စွက်လိုသောအချက်များ၊ ပြည်ပ ပို့ကုန်မှရရှိသည့် နိုင်ငံခြားငွေကို ပြည်တွင်း ဈေးကွက်အတွင်း ပုံမှန်လည်ပတ်နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လူငယ်ရေးရာ ကော်မတီများတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့ အစည်းများ ထည့်သွင်းဖွဲ့စည်းပေးရေး၊ ဘာသာရေး ကို အကြောင်းပြ၍ လှည့်လည်စည်းရုံးဟောပြော လှုံ့ဆော်မှုများကို ထိန်းသိမ်းဆောင်ရွက်ရေး၊ ရခိုင် ပြည်နယ် တရားလွှတ်တော် အဆောက်အဦ ဆောက်လုပ်ရန် ခွင့်ပြုထားသည့် မြေနေရာရှိ အချို့ ဝန်ကြီးဌာနပိုင် အဆောက်အဦနှင့် မြေနေရာများ စွန့်လွှတ်ပေးရေး၊ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ချုပ်ငြိမ်းရေးအတွက် ဆောင်ရွက် သင့်သည့် အစီအမံများ၊ နိုင်ငံအတွင်း ငွေကြေးတန်ဖိုး တည်ငြိမ်ရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သမိုင်းဝင်ပုဂ္ဂိုလ် အထိမ်းအမှတ်မော်ကွန်း ဥပဒေ တွင် ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များကို အကြံပြု ဆွေးနွေးတင်ပြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းမှု နှင့်ပတ်သက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ပြည်တွင်းနိုင်ငံခြားငွေကြေး လဲလှယ်နှုန်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ဘဏ်အားလုံး၏ ဝင်ငွေထွက်ငွေအခြေအနေ၊ နိုင်ငံခြားကုန်သွယ်မှု ဝင်ငွေထွက်ငွေ အခြေအနေတို့အပေါ်တွင် မူတည် ကာ ဗဟိုဘဏ်က တွက်ချက်သတ်မှတ်ခြင်းဖြစ် ကြောင်း၊ ဝိသမလောဘသားများ ဈေးကစားခြင်း ကြောင့် ငွေကြေးတည်ငြိမ်မှုမရှိခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း စီးပွားရေးကျဆင်းမှုများ တွေ့ကြုံနေကြရကြောင်း၊ အရန်ငွေကြေး နည်းပါး သည့် မိမိတို့နိုင်ငံအတွက်လည်း ထိခိုက်မှုများရှိ ကြောင်း၊ သို့သော် လက်ရှိကုန်သွယ်မှုစနစ်အရ ပြဿနာမရှိနိုင်ကြောင်း။
စက်သုံးဆီနှင့်ပတ်သက်၍ ယခုလကုန်အထိ လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ဝယ်ယူထားပြီးဖြစ် သည့် စက်သုံးဆီတင် သင်္ဘောများလည်း မကြာမီ ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင်ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ ယခုလကုန်ပြီး မကြာမီ ဝင်ရောက်လာမည်ဖြစ်ပြီး ဆက်တိုက် ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်သုံး ဆီနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ရန် မလိုကြောင်း၊ စက်သုံးဆီဈေးနှုန်းနှင့်ပတ်သက်၍ ကုန်သည်များ ဈေးကစားနေခြင်းသာဖြစ်ကြောင်း၊ သတ်မှတ်ချက် အတိုင်း ရောင်းချပေးရန် ညွှန်ကြားထားပြီးဖြစ် ကြောင်း။
မိမိတို့ တာဝန်ယူသည့် တစ်နှစ်ခွဲကာလအတွင်း အခက်အခဲမျိုးစုံကို ဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ် ကြောင်း၊ ယခုလာမည့် ၆ လတာ ကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဦးမော့လာအောင် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်း ၆ လတာ ကာလသည် အရှိန်အဟုန်ဖြင့် မောင်းနှင်ဆောင်ရွက် ရမည့် ကာလဖြစ်ကြောင်း၊ စီးပွားရေး ဦးမော့လာပြီး နိုင်ငံရေး တည်ငြိမ်အောင် လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ယင်းအတွက် ငြိမ်းချမ်းရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ မိမိတို့အားလုံး တက်ညီလက်ညီတွန်းအားဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း ရှုထောင့်မျိုးစုံမှ စွမ်းအားရှိသမျှ ပူးပေါင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်