
မုံရွာ နိုဝင်ဘာ ၇
၂၀၂၁ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစား ရုံ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ် အဖြစ် ရွှေဘိုခရိုင် အမျိုးသားဖူဆယ်ဘောလုံးအသင်း နှင့် မုံရွာခရိုင် အမျိုးသားဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြပြီး ရွှေဘိုခရိုင်အသင်းက မုံရွာခရိုင်အသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ဂိုးသမားအကောင်းဆုံး ရရှိသော အားကစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ်ကိုလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ပွဲစဉ် တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသော အားကစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ်ကိုလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ပူးတွဲ တတိယဆုရရှိသော ကောလင်းခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဒိုင်းဆုနှင့် ငွေသားဆုကျပ် နှစ်သိန်းကိုလည်းကောင်း၊ တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးအေးလှိုင်က ပူးတွဲတတိယဆု ရရှိ သော စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဒိုင်းဆုနှင့် ငွေသားဆုကျပ်နှစ်သိန်းကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသော မုံရွာခရိုင် အမျိုးသားဖူဆယ် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆု နှင့် ငွေသားဆု ကျပ်သုံးသိန်းအား ပေးအပ်ချီးမြှင့် ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော ရွှေဘိုခရိုင် အမျိုးသား ဖူဆယ်ဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုကျပ် ငါးသိန်းကို ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ပြိုင်ပွဲဝင်အားကစားသမားများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ဒေသကြီး(ပြန်/ဆက်)