တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့သွားရောက်၍ တွေ့ဆုံအားပေးစကားပြောကြား

 

ပြည်  နိုဝင်ဘာ  ၁၃


ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းသည်   အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ  နိုဝင်ဘာ  ၁၂  ရက်  မွန်းလွဲပိုင်းက  ပြည်မြို့အတွင်းရှိ  ပညာရေးဒီဂရီကောလိပ်နှင့်    ပြည်တက္ကသိုလ်သို့ သွားရောက်၍   ပညာရေးဆိုင်ရာကဏ္ဍများ   ဖွံ့ဖြိုးတိုးတက်စေရေး     ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည်   ပြည်မြို့   ပြည်ပညာရေးဒီဂရီကောလိပ်  ခေတ္တရာခန်းမသို့  သွားရောက်၍  မွမ်းမံသင်တန်း တက်ရောက်နေသည့် အခြေခံပညာဆရာ ဆရာမ များအား    တွေ့ဆုံအားပေးစကားပြောကြားကာ  သင်တန်းတက်ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမ   ၁၀၇  ဦးအတွက်   ထောက်ပံ့ငွေကျပ် ၂၁၄၀၀၀၀၊  တဘက်အကြီး  ၁၀၇  ထည်၊ ကျန်းမာ ရေး   အထောက်အကူပြုပစ္စည်းများနှင့် ပညာရေး ဒီဂရီကောလိပ်အတွက် သီးခြားထောက်ပံ့ငွေကျပ် ၁၀ သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူ တစ်ဦးက  ကျေးဇူးတင်စကား ပြန်လည်ပြောကြား  ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခေတ္တရာ ခန်းမ ဥပဓိရုပ်ကောင်းမွန်စေရေး    ပြင်ဆင်ဆောင်ရွက် နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ပြည်တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး သရုပ်ပြ၊  နည်းပြ ဆရာ/ဆရာမ သစ်လွင်များ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့    တက်ရောက်ခဲ့ကာ   တိုင်း ဒေသကြီး ဝန်ကြီးချုပ်က မွန်းမံသင်တန်းတက်ရောက် နေသည့် သရုပ်ပြ၊ နည်းပြ ဆရာ/ဆရာမ ၁၁၉ ဦး အတွက် ထောက်ပံ့ငွေကျပ်၂၃၈၀၀၀၀၊ တဘက်  အကြီး ၁၁၉ ထည်၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ပြည်တက္ကသိုလ်အတွက် သီးခြား ထောက်ပံ့ငွေကျပ်  ၁၀  သိန်းတို့အား  ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်း ရေကြီးရေလျှံမှု  မဖြစ်ပေါ်စေရေး ရေထုတ်မြောင်းများ ကောင်းမွန် စေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသူ  ၁၉၂ ဦးဆံ့ ရတနာဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် (၄) ခန်းတွဲ (၄) ထပ် ဆရာ/ဆရာမ  အိမ်ရာ   တည်ဆောက်နေမှုများကို   ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)