တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပို့ဆောင်

 

နေပြည်တော်   မေ   ၂၈


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များကို   တပ်မတော်သား    ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ   ပူးပေါင်း၍    နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်ပေးလျက်ရှိရာ   ၎င်းလုပ်ငန်းများ တွင်     အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့     တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊   Cold   Chain   Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။    

 


ရန်ကုန်တိုင်းဒေသကြီး     မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနှံ နိုင်သော   Sinopharm  နှင့်  Myancopharm အမှတ်တံဆိပ်   ကာကွယ်ဆေးများကို  ယနေ့ နံနက်ပိုင်းတွင်   ဆက်လက်ပို့ဆောင်ပေးရာ တနင်္သာရီတိုင်းဒေသကြီး        မြိတ်မြို့သို့ Sinopharm အလုံး ၈၄၁၀ နှင့် ဆေးထိုးအပ် အချောင်း ၈၀၀၀၀၊ ထားဝယ်မြို့သို့ Sino-pharm အလုံး ၂၃၀၀ နှင့် ဆေးထိုးအပ်အချောင်း  ၇၀၄၀၀၊ ကော့သောင်းမြို့သို့   Sinopharm အလုံး ၃၁၂၀ နှင့်   ဆေးထိုးအပ်   အချောင်း ၄၈၀၀၀၊ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ Sino-pharm ၅၆၂၆၆ လုံး၊ Myancopharm ၁၅၇၁၄ လုံးနှင့် ဆေးထိုးအပ်အချောင်း ၄၉၉၂၀၀ တို့ကို မြေပြင်    အအေးမပြတ်လမ်းကြောင်း  Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ဆက်လက်ဖြန့်ဖြူးပေးသည်။

 


အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုး အပ်များကို   တိုင်းဒေသကြီးနှင့်    ပြည်နယ် အလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်