
ရန်ကုန် ဩဂုတ် ၂၅
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ဆက်လက်ဖြန့်ဖြူးပေးသွားမည်
ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရခိုင် ပြည်နယ် စစ်တွေမြို့သို့ Sinovac ဆေးအလုံးရေ ၂၅၀၀၀ နှင့် Sinopharm ဆေးအလုံး ၂၄၀၀၊ သံတွဲ မြို့သို့ Sinopharm ဆေးအလုံး ၁၃၅၅ လုံးနှင့် မြစ်ကြီးနားမြို့သို့ Sinopharm ဆေးအလုံး ၆၆၄၀ တို့ကို တပ်မတော်လေယာဉ်ဖြင့် လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၃၂၈၀၀၊ ဘားအံမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၇၁၀၀၊ ပဲခူးတိုင်းဒေသကြီးသို့ ကာကွယ် ဆေးအလုံးရေ ၆၄၈၃၀ နှင့် ပုသိမ်မြို့သို့ ကာကွယ် ဆေးအလုံးပေါင်း ၂၈၀၇၀ တို့ကို မြေပြင်ခရီး လမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့်လည်းကောင်း ဆက်လက် ပေးပို့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
ယင်းသို့ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော် (လေ) ပို့ဆောင်ရေးလေယာဉ်များဖြင့် မြန်မာ့ လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်