
နေပြည်တော် စက်တင်ဘာ ၁၄
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက် အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိတိုးချဲ့ကာကွယ်ဆေးသိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါ ကာကွယ် ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ကာကွယ်ဆေး အလုံး ၁၀၀၀၀၊ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကာကွယ်ဆေး အလုံး ၁၀၀၀၀၊ သံတွဲမြို့သို့ ကာကွယ်ဆေး အလုံး ၈၀၀၀၊ ပလက်ဝမြို့သို့ ကာကွယ်ဆေး အလုံး ၆၀၀၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ ကာကွယ်ဆေး အလုံး ၄၀၀၀၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ကာကွယ်ဆေး အလုံး ၄၀၀၀၊ ကယား ပြည်နယ် လွိုင်ကော်မြို့သို့ ကာကွယ်ဆေး အလုံး ၁၈၀၀၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့သို့ ကာကွယ်ဆေး အလုံး ၄၀၀၀၊ ထားဝယ် မြို့သို့ ကာကွယ်ဆေး အလုံး ၄၀၀၀နှင့် ကော့သောင်းမြို့သို့ ကာကွယ် ဆေး အလုံး ၂၀၀၀ တို့ကို တပ်မတော်လေယာဉ်များဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့သို့ ကာကွယ်ဆေး အလုံး ၂၀၀၀၀၊ မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့သို့ ကာကွယ်ဆေး အလုံး ၇၄၀၀၀၊ နေပြည်တော်ကောင်စီနယ်မြေသို့ ကာကွယ်ဆေး အလုံး ၇၆၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ကာကွယ်ဆေး အလုံး ၃၆၀၀၀ နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ ကာကွယ်ဆေး အလုံး ၁၆၀၀၀ တို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့်လည်းကောင်း ဆက်လက် ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိ သူများက လက်ခံရယူပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်သည်။
ယင်းသို့ ပို့ဆောင်ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေး များကို ဦးတည်အုပ်စု လူဦးရေ၊ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင် ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏ အကူအညီ များ ရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်