
နေပြည်တော် ဩဂုတ် ၃၀
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ ကာကွယ်ဆေး သိုလှောင် ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့သို့ ဆေးအလုံးရေ ၃၉၄၀၊ ထားဝယ်မြို့သို့ ၄၆၆၉ လုံး၊ ကော့သောင်းမြို့သို့ ၉၄၀၊ ချင်းပြည်နယ် ကန်ပက်လက်မြို့သို့ ၈၈ လုံး၊ မင်းတပ်မြို့သို့ ၃၃၄ လုံး၊ တီးတိန်မြို့သို့ ၅၆၈ လုံး၊ တွန်းဇံမြို့သို့ ၂၀၈ လုံး၊ ဟားခါးမြို့သို့ ၃၃၆ လုံး၊ ထန်တလန်မြို့သို့ ၃၂၆ လုံး၊ ဖလန်းမြို့သို့ ၃၂၆ လုံး၊ မတူပီမြို့သို့ ၃၆၃ လုံးနှင့် ကယားပြည်နယ် လွိုင်ကော် မြို့သို့ အလုံး ၁၄၀၀ တို့ကို တပ်မတော်လေယာဉ်များဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ကာကွယ် ဆေးအလုံးရေ ၃၄၈၉၄ လုံး၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့သို့ ၄၇၃၂၄ လုံး၊ နေပြည်တော်ကောင်စီ နယ်မြေသို့ ၅၉၂၂ လုံး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့သို့ အလုံး ၈၂၇၀ နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ၆၇၅၃ လုံးတို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် လည်းကောင်း ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
ယင်းသို့ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေး များကို ဦးတည်အုပ်စု လူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့် အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်း ခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်