
နေပြည်တော် ဇူလိုင် ၂၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန် စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ထားရှိသော ဆေးတစ်လုံးလျှင် လူ ၅ ဦး ထိုးနှံနိုင်သည့် Sinopharm နှင့် myancopharm ဆေးများကို ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ Sinopharm ဆေး ၃၈၄၇ လုံး၊ myancopharm ဆေး ၇၀၄၈ လုံးနှင့် ဆေးထိုးအပ်များ၊ ထားဝယ်မြို့သို့ myancopharm ဆေး ၁၆၉၆ လုံးနှင့် ဆေးထိုးအပ် များ၊ ကော့သောင်းမြို့သို့ Sinopharm ဆေး ၆၀၀၊ myancopharm ဆေး ၂၉၆၀ နှင့် ဆေးထိုးအပ်များ၊ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဆေးထိုးအပ်များ ၊ သံတွဲမြို့သို့ ဆေးထိုးအပ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့သို့ Sinopharm ၈၀၀ နှင့် ဆေးထိုးအပ်တို့ကို တပ်မတော် မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးသည်။
အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်