တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက်လက်ခံကုသပေးလျက်ရှိ

 

နေပြည်တော် ဖေဖော်ဝါရီ  ၁၈


တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ  တိုင်းရင်းသားပြည်သူ များ၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများကို တစ်ထောင့် တစ်နေရာမှ   အထောက်အကူပြုစေရန်အတွက်  မြို့နယ် အသီးသီးရှိ  တပ်မတော်ဆေးရုံများနှင့်  ယာယီကုသရေး ဆေးရုံများတွင်     ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏ သဘောဆန္ဒအလျောက်   ကုသရေးလုပ်ငန်း များတွင်    လာရောက်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။


ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၆၁၄၃ ဦး၊ အတွင်းလူနာ ၂၇၆၇ ဦးကို   လွှဲပြောင်းခဲ့ပြီး    တပ်မတော်မှ  ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊  ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို  ဆေးရုံတင်ကာ   ကျန်းမာရေးစောင့်ရှောက် ပေးခြင်းနှင့်   ဆေးရုံတက်လူနာများနှင့်   လူနာစောင့်များ နေထိုင်စားသောက်ရေး   အဆင်ပြေစေရန်အတွက်   စီမံ ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့်  လူနာများ အနက်   အကြီးစားခွဲစိတ်ကုသရန်   လိုအပ်သူ ၇ဝ၂ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၃၃၄ ဦး၊ စုစုပေါင်း ၁ဝ၃၆ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ်  ကုသပေးလျက်ရှိသည်။   ၎င်းအပြင် ကလေး မီးဖွားရန်   အခက်အခဲဖြစ်နေသည့်   မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင်   တက်ရောက်စေလျက် ရှိပြီး ၎င်းတို့အနက် ၄ဝ၇ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၆၂ဝ   ဦးကို      သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ်ကလေးငယ် ၁ဝ၂၇ ဦး ကို  မွေးဖွားနိုင်ခဲ့သည်။


တိုင်းရင်းသားပြည်သူများအနေဖြင့်   ကျန်းမာရေး ဆိုင်ရာ  အခက်အခဲများ   ဖြစ်ပေါ်လာပါက   နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေး ကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်းကုသမှုခံယူနိုင်ကြောင်း သိရှိရသည်။


ယနေ့တွင်   သက်ဆိုင်ရာ   မြို့နယ်များရှိ  နယ်မြေခံ တပ်မတော်ဆေးရုံများသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး   ဆေးရုံတက်ရောက်ကုသမှု  ခံယူနေ သောလူနာများအတွက်  စားသောက်ဖွယ်ရာများ  ပေးအပ် ကြသည်။


ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁ဝဝဝ) နှင့် တပ်မတော်အရိုး ရောဂါအထူးကုဆေးရုံကြီး  (ခုတင်-၅ဝဝ)    တို့တွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် တပ်မတော် သားမိသားစုဝင်များနှင့်     ဒေသခံပြည်သူများအတွက် ယနေ့တွင် ဗုဒ္ဓကလျာဏယုဝအသင်းချုပ် (YMBA) ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့က   သွားရောက်၍ ဆန်အိတ် ၁ဝဝ အိတ်ကို လှူဒါန်းခဲ့ရာ   ဆေးရုံများမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး   ကျေးဇူးတင်စကားများ   ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


    သတင်းစဉ်