
နေပြည်တော် ဩဂုတ် ၂
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ နှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင် များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာ များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ ပေးပို့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင် အိုး အလုံး ၄၀ နှင့် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ဆေးရုံ (ခုတင်-၅၀)သို့ အောက်ဆီဂျင်အိုး ၁၀ လုံးတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် သာပေါင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတ အသင်းများသို့ အိမ်သုံးအောက်ဆီဂျင်စက် ငါးလုံး နှင့် အောက်ဆီဂျင်အိုး ၂၈ လုံးတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၀၅ လုံးကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး ၂၀ နှင့် Oxygen Flow Meter အခု ၂၀ တို့ကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူ ငွေများကို ပေးအပ်လှူဒါန်းလျက်ရှိရာ နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပြည်သူ့ဆေးရုံကြီး (ခုတင်-၂၀၀)သို့ နှာခေါင်းစည်းများနှင့် စားသောက် ဖွယ်ရာများကို အလှူရှင်များကိုယ်စား နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် လှူဒါန်းသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အောက်ဆီဂျင်များကို ကူညီဖြည့်တင်း ပေးသည့် ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံများမှ ပိုင်ရှင် များအား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဂုဏ်ပြုမှတ်တမ်းလွှာ များနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အောက်ဆီဂျင်စက်ရုံများ ကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် အောက်ဆီဂျင်စက်ရုံများကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိကြောင်းနှင့် ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက်ရုံ တပ်ဆင်စမ်းသပ်ထုတ်လုပ်နေမှု နှင့် အဆိုပါ ဆေးရုံ၌ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက် ဝစီပိတ်ဆရာတော် ဘဒ္ဒန္တ ကောဝိဒ၏ ဦးဆောင်အလှူငွေဖြင့် ဝယ်ယူမည့် အောက်ဆီဂျင်စက်ရုံအဆောက်အအုံတည်ဆောက် မည့်မြေနေရာကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၂၀၀)သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသည့် အောက်ဆီဂျင်စက် တပ်ဆင် ဆောင်ရွက်ပြီး၍ လူနာများအား ကုသပေးနေမှုအခြေ အနေများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်