တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်ဖြန့်ဝေလှူဒါန်း

 

နေပြည်တော်   ဩဂုတ်   ၁၁


တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ် ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာ များကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် အလုံး ၂၀ ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ရှစ်လုံးကိုလည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပြည်သူ့ဆေးရုံ ကြီးသို့ မိဘဂုဏ်အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင် အိုး အလုံး ၉၀  ကိုလည်းကောင်း  သက်ဆိုင်ရာ  တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံတပ်မတော်သား များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက သွားရောက်လှူဒါန်းကြရာ   တာဝန်ရှိသူများက   လက်ခံရယူခဲ့ကြ သည်။

 


ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ တပ်မတော် (ရေ) သီလဝါအောက်ဆီဂျင်စက်ရုံ၌ တည်ဆောက်ပြီးစီးသည့် KZO-100 အမျိုးအစား Oxygen Plant မှ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီး  (ခုတင်- ၅၀၀) ဝင်းအတွင်းရှိ  အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုနှင့် အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ အသစ် တည်ဆောက်နေမှုများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်   သာယာဝတီမြို့  အလယ်ပိုင်းရပ်ကွက်  မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌  Oxygen  Plant စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊  တိုင်းစစ်ဌာနချုပ်များမှ  တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်