တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီဘော၊ ဘိလိယက်နှင့် စနူကာ၊ ဘတ်စကက်ဘောပြိုင်ပွဲများ ရှမ်းပြည်နယ် တောင်ကြီးနှင့် လားရှိုးမြို့များ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

 

တောင်ကြီး  ဇွန်   ၉


ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား  အမျိုးသမီး ဘော်လီဘော၊ ဘိလိယက်နှင့် စနူကာ၊ ဘတ်စကက်ဘောပြိုင်ပွဲများ ကို   အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက   ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံ ခန်းမ၌ ပြုလုပ်သည်။

 


အစည်းအဝေးတွင်  ပြည်နယ်လူမှုရေးရာဝန်ကြီး ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ  ဦးအောင်မြင့်က ပြည်နယ်နှင့် တိုင်းဒေသကြီး   ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်တွင် အိမ်ရှင် အဖြစ် ၂၀၁၄ ခုနှစ်တွင် လည်းကောင်း၊ ၂၀၁၈  ခုနှစ် တွင် လည်းကောင်း နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊  ယခု ကျင်းပမည့်ပြိုင်ပွဲသည်     တတိယအကြိမ် ဖြစ်ကြောင်း၊  ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘော်လီဘော၊ ဘတ်စကက်ဘော၊   ဘိလိယက်နှင့်  စနူကာပြိုင်ပွဲများကို   ရှမ်းပြည်နယ်ရှိ    ပြည်သူများ ကြည့်ရှုအားပေးနိုင်စေရန်၊   တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိသည့် ကစားသမားအသီးသီး၏ မတူကွဲပြားသည့်  ကစားပုံ၊   ကစားဟန်များကို လေ့လာနိုင်စေရန်၊     တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ ဒေသအသီးသီးမှ    ပြိုင်ပွဲဝင်များအနေဖြင့် ရှမ်းပြည်နယ်၏ ယဉ်ကျေးမှု ဓလေ့စရိုက်၊ ဒေသန္တရဗဟုသုတများ    လေ့လာခွင့်ရရှိ စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သဖြင့် ပြိုင်ပွဲများ အောင်မြင်စွာနှင့်    စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကော်မတီအသီးသီးမှ ဝိုင်းဝန်းကူညီဆောင် ရွက်ပေးကြရန်နှင့်   ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြ ရန် စသည်ဖြင့် ပြောကြားသည်။

 


ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်းဦးက ထပ်ဆင့် အမှာစကားပြောကြားပြီး   အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၁)ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က  ပြိုင်ပွဲ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် ရှမ်းပြည်နယ်   အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော် ကျော်သိန်းက  ပြိုင်ပွဲနှင့်စပ်လျဉ်း၍    ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ဆပ်ကော်မတီအသီးသီးမှ   လိုအပ်ချက် များကို  အကြံပြုဆွေးနွေးကြရာ   ရှမ်းပြည်နယ် အားကစားနှင့်      ကာယပညာကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 


အဆိုပါပြိုင်ပွဲများအနက် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို          ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့တွင်   ဇွန်  ၁၇ ရက်မှ ၃၀ ရက်အထိ လည်းကောင်း၊ ဘတ်စကက်ဘော ပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ဩဂုတ် ၂၅ ရက်မှ ၃၀ ရက်အထိ လည်းကောင်း၊ အမျိုးသား အမျိုးသမီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ကို  ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင်    စက်တင်ဘာ ၂၃ ရက်မှ ၂၉   ရက်အထိ   လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                


စိုင်းသန်းကျော်(တောင်ကြီး)