
နေပြည်တော် သြဂုတ် ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SINOPHARM ဆေးများကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း၌ ထားရှိရာ အဆိုပါဆေးပစ္စည်း များအား ယနေ့မွန်းလွဲပိုင်းတွင် မြေပြင်ခရီး လမ်းကြောင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ဆက်လက်ဖြန့်ဖြူးပေးသည်။
ထိုသို့ဖြန့်ဖြူးပေးရာတွင် ဘားအံမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၈၈၀၀၊ မော်လမြိုင် သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၃၆၀၀၊ ပြည်မြို့အတွက် ကာကွယ်ဆေးအလုံးပေါင်း ၁၂၀၀၀၊ ဧရာဝတီတိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း ၅၅၂၀၀၊ မကွေး တိုင်းဒေသကြီးအတွက် ကာကွယ်ဆေးအလုံး ပေါင်း ၂၆၄၀၀ တို့ကို မြေပြင်ခရီး လမ်းကြောင်းမှ Cold Chain Delivery logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများ သို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအတွက် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူး ပေးခြင်းဖြစ်သည်။ အလားတူ ဝေးလံခက်ခဲ သော ဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေးလေယာဉ်များ၊ မြန်မာ့ လေကြောင်းတို့၏ အကူအညီများ ရယူကာ လေကြောင်းခရီးဖြင့် ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်