
ရေခံမြေခံကောင်းမွန်ပြီးဖြစ်သဖြင့် အခြားဒေသများထက် ပိုမိုကောင်းမွန်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက် နေပြည်တော် အောက်တိုဘာ ၇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး ရန်ကုန်မြို့တော်ခန်းမ ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး အတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ဆောင်ရွက်နေမှုအခြေအနေ၊ အခွန်ငွေကောက်ခံရရှိမှုနှင့် သုံးစွဲမှု အခြေအနေ၊
တိုင်းဒေသကြီးအတွင်း စိုက်ပျိုး/မွေးမြူရေးဆိုင်ရာ၊ ဝန်ဆောင်မှုကဏ္ဍဆိုင်ရာ၊ စက်မှုလုပ်ငန်းကဏ္ဍ ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက် ရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ကုသရေးစင်တာများ ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု အခြေ အနေ၊ သောက်သုံးရေဖူလုံစွာရရှိရေး၊ အနာဂတ် ရေပေးဝေရေးစီမံချက်နှင့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကုန်ထုတ်လုပ်ငန်းများမှ ပြည်တွင်း ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပသွင်းကုန် အစားထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို လည်းကောင်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပ ရေးနှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန်စေရေး ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းမှာကြားသည်။
ရှင်းလင်းပြောကြား
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ စက်မှုလုပ်ငန်းများ တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ကျေးလက်နေ ပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ပေးနေမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်များ ရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိရေးနှင့် ဓာတ်အားပြတ်တောက်မှုများ မရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ မီတာခများ ကောက်ခံရရှိရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ အမျိုးသားအားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဖြည့်စွက်ရှင်းလင်းပြောကြား ကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဖြည့်စွက်ပြောကြားရာတွင် နိုင်ငံသားအားလုံး နိုင်ငံသားမှတ်ပုံတင်ကတ်ပြားနှင့် အိမ်ထောင်စု ဇယားများရရှိရန် အရေးကြီးကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁၁ သန်းကျော် ရှိသည့်အနက် မှတ်ပုံတင်မရှိဘဲ ဆန္ဒမဲပေးခဲ့သူ ၄ သန်းကျော်ခန့် ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် အထွေထွေ ရွေးကောက်ပွဲသည် အရေးကြီးပြီး Free and Fair ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် လာမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိ သည့် ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင် ကတ်ပြားများရရှိရေး၊ အိမ်ထောင်စုစာရင်းများ မှန်ကန်ရေး၊ လူဦးရေစာရင်း မှန်ကန်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး သည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ပြီး နည်းပညာ ဖွံ့ဖြိုးမှုနှင့် လူသားအရင်းအမြစ်ကောင်းများ ပိုမို ပေါများသည့် ဒေသဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအားလုံး နိုင်ငံသားမှတ်ပုံတင် ကတ်များ အမြန်ဆုံးရရှိရေး ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။
အမှာစကားပြောကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအားဖြင့် ၇ ဒသမ ၈ သန်းကျော်ရှိပြီး နိုင်ငံ လူဦးရေ၏ ၁၅ ရာခိုင်နှုန်းနီးပါးခန့် နေထိုင်လျက် ရှိကြောင်း၊ ၇ ဒသမ ၈ သန်းကျော်အနက် ကျေးလက်နေ လူဦးရေ ၂ ဒသမ ၅ သန်းခန့်ရှိသဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့နေလူဦးရေ ပိုမိုများပြားကြောင်း၊ တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ပြီး သွားလာမှုအဆင်ပြေကာ နည်းပညာ အရလည်း ဖွံ့ဖြိုးတိုးတက်မှုရှိသဖြင့် ရန်ကုန်မြို့သည် လုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ လွန်စွာ အဆင်ပြေသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ရန်ကုန်မြို့ သည် ပညာသင်ကြားရေးနှင့်ပတ်သက်၍ နိုင်ငံ၏ ထိပ်တန်းနေရာတွင်ရှိပြီး လွတ်လပ်ရေးရရှိသည်မှ ၂၀၀၆ ခုနှစ်အထိ နိုင်ငံ၏မြို့တော်အဖြစ် တည်ရှိခဲ့ သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေအနေ ကောင်းများစွာရှိကြောင်း၊ ရေခံမြေခံကောင်းမွန်ပြီး ဖြစ်သဖြင့် အခြားဒေသများထက် ပိုမိုကောင်းမွန် တိုးတက်အောင် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။
ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ တတိယလှိုင်းတွင် ဖြစ်ပွားမှုများ များပြားခဲ့သော်လည်း ယခုအခါ ကူးစက်မှုနှုန်း အနိမ့်ဆုံးနှင့် သေဆုံးမှုနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိ နေပြီဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်း၍ ဆောင်ရွက် ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် မိမိတို့အနေဖြင့် အရေးပေါ်တုံ့ပြန်နိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက် ခဲ့ပြီး နောက်ပိုင်းတွင် ရောဂါကူးစက်မှုများ ကျဆင်း လာသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရကြောင်း၊ ကာကွယ်ကုသရေးနှင့်ပတ်သက်၍ လိုအပ်သည့် အထောက်အကူပစ္စည်းများနှင့် ဆေးဝါးများ ပြည့်စုံ စေရေးအတွက်လည်း စုဆောင်းထားရှိဆောင်ရွက်ခဲ့ကြောင်း၊ ထပ်မံဖြစ်ပွားလာနိုင်သော ကူးစက်မှုများ အတွက်လည်း အဆိုးဆုံးအခြေအနေအထိ မြော်တွေး ပြီး အကောင်းဆုံးပြင်ဆင်ထားရန် လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်မှုနှုန်း နည်းပါး လာခြင်းသည် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှုများကြောင့်ပင်ဖြစ်ကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများအတွက် ရန်ကုန်မြို့နေပြည်သူများ ကို အသိအမှတ်ပြု ချီးကျူးပါကြောင်း။
စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်လို
ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေး အတွက် တာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးရာသီကာလများ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်တတ်သဖြင့် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ရေကြီးရေလျှံမှုများ၏ အဓိကအကြောင်းရင်းမှာ ရေမြောင်းများ ပိတ်ဆို့မှု ကြောင့်ဖြစ်ပြီး ယခင်အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူချိန် ယခုနှစ်မိုးရာသီကာလအတွင်း ရေကြီး ရေလျှံမှု ထိန်းနိုင်အောင် ကြိုးပမ်းစွမ်းဆောင်နိုင်ခဲ့ ကြသည့် တာဝန်ရှိသူအသီးသီးကို အသိအမှတ်ပြုပါ ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ရန်ကုန် မြို့နေ ပြည်သူများကိုလည်း ချီးကျူးပါကြောင်း၊ သစ်ပင်များစိုက်ပျိုးပြီး အမှိုက်များကင်းစင်အောင် ပြုလုပ်ခြင်းဖြင့် Green City , Clean City ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခြင်း ဖြင့် ပြည်သူများ၏ ကျန်းမာရေးအတွက် သန့်ရှင်း သည့် ပတ်ဝန်းကျင်နှင့် လေကောင်းလေသန့်များကို ရရှိစေမည်ဖြစ်ကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်မှု အတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရန် လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစား သမားများ များစွာပေါ်ထွန်းခဲ့ပြီး ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ လူများ၏ စားသောက်ရေးအတွက် ဈေးဆိုင်များဖွင့်လှစ်ကြပြီး ဈေးဆိုင်အများစုသည် လမ်းမများ၏ဘေးများတွင် တည်ရှိကြကြောင်း၊ အချို့ဈေးဆိုင်များ၏ ဆိုင်းဘုတ် များ၊ အမှိုက်များသည် လူအများသွားလာလှုပ်ရှား လျက်ရှိသည့် လမ်းမများပေါ်သို့ ရောက်ရှိနေကြ ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ Non Product Element များလျှော့ချနိုင်မှသာ Green City, Clean City, Fair City ဖြစ်မည်ဖြစ်ပြီး နည်းပညာများနှင့် ပေါင်းစပ်၍ Smart City အဆင့်သို့ ရောက်ရှိမည်ဖြစ်ကြောင်း။
ကျူးကျော်ပြဿနာများ
ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အများစုသည် ရန်ကုန်မြို့တွင် အလုပ်အကိုင်အခွင့် အလမ်းများရှိသဖြင့် လာရောက်နေထိုင်ကြခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် အလုပ်အကိုင်များရရှိ အောင် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးလက်မြို့ပြ ကွာဟမှုကို လျှော့ချလျက်ရှိကြောင်း၊ သို့မှသာ ကျူးကျော်နေထိုင် သူများ၏ ပြဿနာများ ပြေလည်သွားမည်ဖြစ် ကြောင်း၊ ကျူးကျော်ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ဖြင့် မြို့သာယာလှပရေးကိုလည်း အထောက်အကူ ပြုမည်ဖြစ်ကြောင်း။
အမှိုက်များစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အမှိုက် စွန့်ပစ်သည့်စနစ်များ ကောင်းမွန်စေရေးအတွက် စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ စွန့်ပစ်အမှိုက်များမှ Recycle ပြုလုပ်နိုင်ရန်အတွက် အမှိုက်စွန့်စနစ်များ အား အမျိုးအစားအလိုက် ခွဲခြားဆောင်ရွက်ရန် လိုကြောင်း၊ အမှိုက်များအား မီးရှို့ဖျက်ဆီးမှုများမှ တစ်ဆင့် စွမ်းအင်ထုတ်လုပ်ခြင်းနှင့် မြေဩဇာထုတ်လုပ် ခြင်းများကို ဆောင်ရွက်၍ရသဖြင့် Waste Energy ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်ရေးအတွက် နည်းလမ်းရှာဖွေဆောင်ရွက်ရန် လိုကြောင်း၊ တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အား ချွေတာရေးအတွက် မသုံးသင့်သည့်နေရာများတွင်မီးများအသုံးပြုမှုမရှိစေရေး စနစ်တကျဆောင်ရွက် ကြရန်လိုကြောင်း၊ လျှပ်စစ်မီးသက်သာစေသည့် LED မီးများကို ပြောင်းလဲ အသုံးပြုပါက လျှပ်စစ်ဓာတ်အားချွေတာမှုကို ဖြစ်ပေါ် စေသကဲ့သို့ နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။
ဆောင်ရွက်ပေးလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေးအဆင်ပြေ စေရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဆန်စပါးများမှ ဒေသတွင်း ဆန်ဖူလုံမှုရှိသော်လည်း တစ်ဧက တင်း ၁၀၀ အထက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူများ ဝင်ငွေပိုရရှိကာ ဒေသစီးပွားရေးပိုမို အဆင်ပြေမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တပ်မတော် စိုက်ပျိုးမွေးမြူရေးဇုန်များမှလည်း ဟင်းသီးဟင်းရွက်နှင့် အသား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥ တို့အား စဉ်ဆက်မပြတ်ထုတ်လုပ်၍ စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဒေသတွင်း စားရေးဖူလုံအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသအတွင်း လည်ပတ်သုံးစွဲငွေများ များပြားလာပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ Agro Based Industries ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရှိပြီးသားအခြေအနေကောင်းများကို အသုံးချ၍ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတို့ကို တိုးတက်အောင် သက်ဆိုင်ရာဌာနများအနေဖြင့် ဆောင်ရွက်ကြရန်လို ကြောင်း၊ အကောင်အထည်ဖော်မည့် သမဝါယမ လုပ်ငန်းသည် ပြည်သူများတိုက်ရိုက်ပါဝင်သည့် သမဝါယမစနစ်ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း သမဝါယမစနစ်ကို ကျင့်သုံး၍ အောင်မြင်လျက်ရှိ သည်ကို တွေ့ရှိရကြောင်း။
အခွန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ထိုက်သင့် သည့် အခွန်များပေးဆောင်ရန် လိုကြောင်း၊ မိမိတို့ အနေဖြင့် အခွန်နှုန်းထားများ တိုးမြှင့်ခြင်းမပြု ကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခုတွင် နိုင်ငံသားတိုင်း အခွန်ထမ်းလိုသည့် စိတ်များရှိရန်လိုကြောင်း၊ အချို့ ပြည်သူများသည် လုပ်ငန်းများဆောင်ရွက်ကြ သော်လည်း အခွန်ထမ်းခြင်းမရှိသည်ကို တွေ့ရှိရ ကြောင်း၊ အခွန်ငွေများ ပြည့်ပြည့်ဝဝရရှိမှသာ နိုင်ငံ တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ဖြေလျှော့ပေးသွားမည်
ရန်ကုန်မြို့တွင် ရေလုံလောက်စွာရရှိရေးအတွက် ရှိပြီးသားရေအရင်းမြစ်များမှ သုံးစွဲမှုများအား စနစ် တကျဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေသွယ်တန်းမှုများမှ လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေး စစ်ဆေးပြုပြင်ဆောင်ရွက်နေရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအရင်းမြစ်ဖြစ်သည့် မြစ်ချောင်း များ များစွာရှိပြီး စနစ်တကျဖြင့် အသုံးချကြရန် လိုကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ရှစ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ပမာဏသို့ ကျဆင်းလာမည်ဆို ပါက Stay at Home သတ်မှတ်ထားမှုများဖြေလျှော့ ခြင်းနှင့် ဖြေလျှော့၍ရသည့် အခြားကန့်သတ်ချက် များကိုလည်း ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ကူးစက်မှုနှုန်းကျဆင်းလာစေရေးအတွက် တစ်ဦးချင်းကိုယ်စီ အသိစိတ်ဓာတ်ရှိစွာဖြင့် ထိန်းသိမ်း နေထိုင်ကြရန်နှင့် မိမိနေထိုင်ရသည့် ပတ်ဝန်းကျင် တွင်လည်း နေထိုင်မှုစည်းကမ်းစနစ်တကျရှိစေရေး ဝိုင်းဝန်းလုပ်ဆောင်သွားကြရန်လိုကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်