တိုကျို - ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် အောက်တိုဘာ ၈ ရက်နှင့် ၁၅ ရက်တွင် ပြေးဆွဲမည်

 

ရန်ကုန်  စက်တင်ဘာ   ၁၆


ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်မည့် မြန်မာနိုင်ငံသား များအတွက်  တိုကျို - ရန်ကုန် (Relife Flight) ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ကို အောက်တိုဘာ ၈ ရက်နှင့် ၁၅ ရက်တို့တွင် ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန် ချက်အရ သိရသည်။


 အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါ လိုသည့်  ဂျပန်နိုင်ငံရောက်  မြန်မာနိုင်ငံသားများ အနေဖြင့်   လေယာဉ်လက်မှတ်  ဝယ်ယူရာတွင် နာရီတာ - ရန်ကုန် တိုက်ရိုက်လက်မှတ်တစ်မျိုးတည်း ဝယ်ယူရန်နှင့် အခြားနိုင်ငံများမှတစ်ဆင့် ဝယ်ယူ ထားသော အကူးအပြောင်းလက်မှတ်(Transit Air Ticket)  ကို   လက်ခံမည်မဟုတ်ဘဲ   လေယာဉ် လက်မှတ်များကို  ANA – International Flights Booking/ ANA Official Site နှင့် ရန်ကုန်မြို့ရှိ ANA ကုမ္ပဏီရုံးဖုန်း (၉၅-၁)၉၂၅ ၅၁၀၀၊ (၉၅-၁)၉၂၅ ၅၁၀၁၊ (၉၅-၁)၉၂၅ ၅၁၀၂ တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ All Nippon Airways လက်မှတ် ကို ဝယ်ယူနိုင်ပြီး လက်မှတ်ဝယ်ယူပြီးပါက ပူးတွဲပါ ဖောင်ပုံစံတွင် ဖြည့်စွက်ကာ Ticket Number နှင့် Reservation Code ပါဝင်သော ANA လေယာဉ် လက်မှတ်မိတ္တူ၊ Passport မိတ္တူ၊ ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်ကတ်(Zairyuu Card)မိတ္တူတို့ကို မြန်မာ သံရုံးအီးမေးလ် flight@myanmar-embassy-tokyo.net သို့   စက်တင်ဘာ ၂၂ ရက်  ညနေ ၄ နာရီ နောက်ဆုံးထား ပေးပို့ရမည်ဖြစ် သည်။


ထို့ပြင် စက်တင်ဘာ ၂၄ ရက်တွင် ထွက်ခွာမည့် (၃၅) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့်  လိုက်ပါမည့်  မြန်မာနိုင်ငံသားများ၏ အမည်စာရင်းကို တိုကျိုမြို့ မြန်မာ သံရုံးနှင့် ANA ရုံးချုပ်တို့က စိစစ်၍ အသိပေးသွားမည်ဖြစ်ပြီး   လေယာဉ်ထွက်ခွာချိန်နှင့်  Check-in-Counter  အချက်အလက်များကို   ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 


ညိမ်းသူ (သတင်းစဉ်)